ကျန်းမာရေးစနစ်အပေါ် ရှပ်တိုက်ပြေးလွှားကြသူများ

စနစ်ဆိုသည်မှာလူအများစုမှ ဝိုင်းဝန်းထောက်ခံကာ စံအဖြစ်ထားရှိသော အတိုင်းအတာတစ်ခု ဖြစ်ပါသည်။ စနစ်ဟုဆိုရာတွင် အတိုင်းအဆ၊ သို့မဟုတ်စည်းဘောင်များရှိနေပြီး စနစ်တစ်ခုဖြစ်ပေါ်မှုတိုင်းတွင် တာဝန်ရှိသူအသီးသီးမှ သူ့ကဏ္ဍအလိုက် ကျရာနေရာမှထမ်းဆောင်ရမြဲဖြစ်သည်။ တချို့သောစနစ်များတွင်အားနည်းချက်များရှိနေပြီး တချို့သောစနစ်များတွင် အားသာချက်များရှိသည်။ မည်သို့ပင်ဖြစ်စေ၊ နိုင်ငံတစ်ခု၏ စနစ်တိုင်းသည် ရာနှုန်းပြည့်ပြီးပြည့်စုံသည်ဟူ၍ မရှိချေ။ ထိုကဲ့သို့ မပြည့်စုံမှုများကြားဖြည့်တင်းနေရသောစနစ်ထဲတွင် ကျန်းမာရေးစနစ်သည်လည်းအပါအဝင်ဖြစ်သည်။
ကျန်းမာရေးစနစ်ဟုဆိုရာတွင် တစ်ကမ္ဘာလုံးရှိ ကျန်းမာရေးစနစ်အားဆိုလိုပါသည်။ ကျန်းမာရေးသည်လူသားတိုင်းအတွက် အရေးကြီးဆုံးသောအရာဖြစ်သလို နိုင်ငံတိုးတက်ရေးအတွက် ပြည်သူများကျန်းမာနေမှဖြစ်မည်။ ထိုနည်းတူစွာ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် ကျန်းမာရေးစနစ်သည်အချိန်နှင့်တစ်ပြေးညီပြောင်းလဲရမည်ဖြစ်သလို အခြေခံအုတ်မြစ်ဖြစ်သော အတတ်ပညာ၊ နည်းပညာပိုင်းနှင့်လူ့စွမ်းအားအရင်းအမြစ်ကိုလည်း တိုးချဲ့နိုင်ရန် အရေးကြီးသည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်မှ ယခုတိုင်ရိုက်ခတ်ခဲ့သောဂယက်အရ ကျန်းမာရေးစနစ်သည်ဆိုးရွားသည်ဟု အဆိုရှိသည်။ မည်သည့်စနစ်ကမျှ ပြီးပြည့်စုံခြင်းမရှိသည့်အတွက် ကျန်းမာရေးစနစ်ကဆိုးရွားနေသည်လား၊ ကျန်းမာရေးစနစ်ထဲတွင်ခေါင်စဉ်တပ်ခံထားရသောကိစ္စများက ဆိုးရွားနေခြင်းလားဟု မေးခွန်းထုတ်စရာဖြစ်လာတော့သည်။
ကျန်းမာရေးကဏ္ဍဟုဆိုရာတွင်လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ဆရာဝန်၊ သူနာပြု၊ ဆေးမှူးများပါသလို အစိုးရအဖွဲ့အစည်းရော၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) ပါပါဝင်သည်။ ထိုအနက်ပြည်သူ့ ကျန်းမာရေး (Public Health) သည် အရေးပါသောကျန်းမာရေးကဏ္ဍ၏ တစ်စိတ်တစ်ဒေသဖြစ်ရာပြီးခဲ့သည့် ဇူလိုင် ၁၅ က နာနတ်တောလမ်း၊ Diamond ကွန်ဒိုတွင်ပြုလုပ်ခဲ့သော ကျန်းမာရေးစနစ်နှင့်ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲမှာ မှတ်သားစရာများပြည့်နှက်နေခဲ့သည်။ ဆွေးနွေးမှုကို ဦးဆောင်သူမှာ ဒေါက်တာမြတ်ထူးရာဇတ် (MBBS,MPH,PhD) ဖြစ် ပြီး ၄င်း၏ ၂၅ နှစ်ကျော်ကျန်းမာရေးနယ်ပယ်အတွင်း ဖြတ်သန်းမှုများကို အခြေခံကာဆွေးနွေးခဲ့ပြီး မြန်မာပြည်မှ ဆရာဝန်များ၊ NGO များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ဒေါက်တာမြတ်ထူးသည် US CDC, WHO,UNAIDS,Family Health International,Johns Hopkins Universities များတွင် ထမ်းဆောင်ခဲ့ပြီး HIV/AIDS သုတေသနနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ၊ ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သူဖြစ်သည်။
ဆွေးနွေးပွဲတွင်ဒေါက်တာမြတ်ထူးက၄င်း၏ဘဝဖြတ်သန်းမှုထဲမှကျန်းမာရေးစနစ်အကြောင်း တစ်စချင်းဆွဲထုတ်ပြခဲ့ပြီး၊ ပရိသတ်များမှမေးခွန်းများဖြင့်တုံ့ပြန်ကာစိတ်ဝင်စားခဲ့ကြသည်။ ပါဝင်သူတစ်ဦးကမြန်မာပြည်၏ ကျန်းမာရေးစနစ်အား ဘယ်လိုပြောင်းမလဲဟုမေးရာတွင် ကျန်းမာရေးစနစ်အားပြောင်းလဲနိုင်ဖို့ဆိုသည်မှာ အစိုးရတစ်ဦးတည်းတွင်သာ တာဝန်ရှိခြင်းမဟုတ်ကြောင်း၊ ဘတ်ဂျက်တိုးမြှင့်၍ဆေးဝါးများဝယ်သော်လည်း ဆေးဝါး၏စစ်မှန်မှုသည်အရေးကြီးကြောင်း ဒေါက်တာမြတ်ထူးက ပြောကြားသည်။ တစ်ချိန်က ၄င်းတို့အနေဖြင့် ယခင်က အသုံးပြုသော တရုတ်မှလာသည့် Solucortex ဆေးပုလင်းများအတွင်း အရက်ပြန်ပါနေသည်ကို ကြုံခဲ့ရကြောင်းပြောရာ ထိုသို့သောဆေးဝါးများသာ ပြည်သူများဆီ တိုက်ရိုက်ရောက်ရှိနေပါကအန္တရာယ်တစ်ခုဖြစ်သည်ဟု စာရေးသူမှသုံးသပ်ပါသည်။ ဆေးဝါးစစ်မှန်သည်ဆိုသည်ထား၊ ထိုဆေးဝါးကအမှန်တကယ်လိုအပ်သူများဆီသို့ရောက်ရှိရေးမှာလည်းအရေးကြီးသည်။ ထို့ကြောင့်ဆရာဝန်၊ သူနာပြုစသောသက်ရှိအရင်းအမြစ်တို့ထက် သက်မဲ့သယံဇာတဖြစ်သော ဆေးဝါးကအရေးပါသည်ဟု ဆရာမှရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နောက်ထပ်ဆွေးနွေးသူတစ်ဦးမှမူးယစ်ဆေးစွဲမှုအကြောင်းဆွေးနွေးပြီး ရှမ်းပြည်နယ်အတွင်းဆေးသုံးမှုမှာ ၃၀%ရှိနေ ကြောင်း၊ အဆိုပါဆေးသုံးသူများနှင့်ပတ်သက်သည့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့် စပ်လျဉ်းမေးမြန်းခဲ့သည်။ ဆေးသုံးသူများအနေဖြင့်အဓိကကြုံတွေ့ရသောပြဿနာမှာ ရောဂါပိုးကူးစက်ခြင်း၊ ပြန့်ပွားခြင်း အပြင် ၄င်းတို့ဆေးပြတ်သောအချိန်တွင်မိသားစုနှင့်ပတ်ဝန်းကျင်၏ကူညီ စောင့်ရှောက်မှုကင်းမဲ့ခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ယိုယွင်းလာခြင်းများဖြစ်သည်။ ထို့ကြောင့်၄င်းတို့၏အပြုအမူဆိုင်ရာ ပြောင်းလဲမှုများအပြင် ရောဂါပိုးကူးစက်မှုအားတားဆီးခြင်း၊ စောစီးစွာကုသခြင်း၊ မိသားစုအား နှစ်သိမ့်ဆွေးနွေး၍ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုပေးခြင်း၊ ပြန်လည်ထူထောင်နေရာချပေးခြင်းတို့မှာအရေးပါသည်။
ဆွေးနွေးသူတစ်ဦးမှ Nutrition အာဟာရနှင့်ပတ်သက်၍ ဆွေးနွေးရာဝယ်အစားအစာပြတ်တောက်မှု၊ ဆေးဝါးပြတ်တောက်မှု တို့သည်လည်း အရေးပါသောပြဿနာတစ်ရပ်ဖြစ်ကြောင်း ဒေါက်တာမြတ်ထူးမှပြောကြားသည်။ HIV/AIDSနှင့်ပတ်သက်၍ တစ်ခါတစ်ရံလူနာသည်မှီဝဲရသော AZT ဆေးဝါးများကြောင့် သွေးအားနည်းလာကာသွေးသွင်း၍ကုသရကြောင်း။ ထို့ကြောင့် ရောဂါကြောင့်မသေဘဲ ရောဂါကိုနှိမ်နင်းသည့်ဆေးဝါးကြောင့် Quality of Life ကို ထိခိုက်လာနိုင်ကြောင်း သိရသည်။
ဆက်လက်ပြီး ကျန်းမာရေးစနစ်နှင့်ပတ်သက်၍ ဆွေးနွေးကြရာဝယ် အကြမ်းဖျင်းအားဖြင့် ကျန်းမာရေးစနစ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက် ချင်းစီ၊ မိသားစုတစ်စုချင်းစီ၊ သို့မဟုတ် လူထုတစ်ရပ်ချင်းစီ၏ ကျန်းမာရေး အခြေအနေအား တိုးတက်စေရမည်ဟု သိရသည်။ ထို့ပြင် ကျန်းမာရေးစနစ် သည် လူထု၏ စီးပွားရေးအခက်အခဲအား တတ်နိုင်သမျှ ကာကွယ်ပေး နိုင်လျှင် အကောင်းဆုံးဖြစ်ပြီး၊ People centered care (လူထုအား ဦးတည် စောင့်ရှောက်ခြင်း)အပြင် ကျန်းမာရေးစောင့်ရှောက်သူများ၏ အရည် အချင်းရော၊ အရေအတွက်ပါ စံချိန်မီရမည်ဖြစ်ကာ Leadership/Governance (ဦးဆောင်မှု)၊ နှစ်သိမ့်ဆွေးနွေးပညာပေးမှုနှင့် Information and Translation (သတင်းအချက်အလက်ဖြန့်ဝေစုဆောင်းရေးနှင့်ဘာသာ ပြန်ရေး)တို့သည်ကျန်းမာရေးစနစ်၏ အဓိကသော့ချက်များဖြစ်ကြောင်း Health System Strengthening နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။
ပြိုင်တူတွန်းမှ ရွေ့နိုင်မည်ဖြစ်သော ကြီးမားသောပြောင်းလဲမှုများ အတွက် တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိသလို ကျန်းမာရေးစနစ်၏ Infrastructure များအားဖြည့်တင်းခြင်း၊ လဲလှယ်ခြင်းစသဖြင့် အုတ်မြစ်ခိုင်အောင်ဖွဲ့စည်းကာ မြန်မာပြည်၏ ကျန်းမာရေးစနစ်အားတိုးတက်အောင်ကြံဆောင်ရမည်ဖြစ်သည်။ အစိုးရတစ်ဦးတည်းကိုမှီခိုခြင်းမဟုတ်ဘဲ ကိုယ်ထူကိုယ်ထအသိစိတ်ဖြင့် ရွေ့လျားရမည်ဖြစ်သလို လူအင်အား၊ ပစ္စည်းအထောက်အပံ့ဖူလုံကာ အတတ်ပညာ၊ အသိပညာများပေါင်းစပ်၍ မိမိနိုင်ငံအတွက်ရွေ့လျားကြရတော့မည်။ ယခုအခါလူချမ်းသာများမှာ ယခင်ခေတ်အခါကလို ပြည်သူ့ဆေးရုံများသို့သွားရောက်ခြင်းမရှိ၊ ပုဂ္ဂလိကဆေးရုံများနှင့်ပြည်ပဆေးရုံများသို့သာဆေးကုသမှုခံယူသောကြောင့် ပြည်သူ့ဆေးရုံ ကြီးများ၏လိုအပ်နေသောပစ္စည်းအင်အားများအား ဖြည့်တင်းလှူဒါန်းမှုမှာယခင်ကထက် များစွာအားနည်းလာခဲ့သည်။ နောက်ဆက်တွဲအနေဖြင့်နစ်နာသူမှာ ဆင်းရဲချို့တဲ့သူပြည်သူများဖြစ်သည်။ ယခုအချိန်ထိ မြန်မာ ပြည်ရှိဆေးရုံများတွင်နည်းပညာဆိုင်ရာလိုအပ်ချက်များရှိနေသလို၊ ပြည်ပမှအရင်းအနှီး၊ အတတ်ပညာများ ဖိတ်ခေါ်ထားသော ကျန်းမာရေးစောင့်ရှောက်သူများအနေဖြင့်လည်းနည်းပညာရှိသော်လည်းပစ္စည်းမရှိခြင်း၊ ရှိသော်လည်း နည်းပါးခြင်း၊ နည်းပါးသောကြောင့်တွင်ကျယ်စွာအသုံးမပြုနိုင်ခြင်းစသည့်မဖွံ့ဖြိုးမှု၏နောက်ဆက်တွဲဂယက်များ၏ ရိုက်ခတ်မှုကို ခံနေရဆဲဖြစ်သည်။
စနစ်ဆိုသည်မှာနိုင်ငံတစ်နိုင်ငံကိုတိုင်းသောပေတံဖြစ်သည်။ ပေတံဆိုသည်မှာ အလွယ်တကူချိုးပစ်လို့ရသော်လည်း ပြန်ဆက်ဖို့ကခက်သည်။ စနစ်တစ်ခုကိုပြောင်းလဲရာတွင်ကျိုးနေသောနေရာများကို ကော်နှင့်ကပ်ရမည့်နေရာလည်းရှိ၊ ဖြတ်လိုက်ဆက်လိုက်လုပ်ရမည့်နေရာလည်းရှိနိုင်ကာ စင်းလုံးချောဖြစ်နိုင်ဖို့ကတော့ခဲယဉ်းပါသည်။ မြန်မာပြည်လူထုအနေဖြင့် စနစ်များအားပြောင်းရမည်ဆိုတာသိသည်။ ဘယ်လိုပြောင်းရမလဲဆိုတာသာ မေးခွန်းအဖြစ်ကျန်နေဆဲဖြစ်ရာ ထိုနေ့ကဆွေးနွေးပွဲလေးကတော့ ကျန်းမာရေးဟူသောစနစ်တစ်ခု၊ ကဏ္ဍတစ်ခုအပေါ် ရှပ်တိုက်ပြေးလွှားလျက် မိမိတို့ယုံကြည်ရာအတိုင်းရွေ့လျားနိုင်ရန်အဖြေ၏တစ်စိတ်တစ်ဒေသ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
လင်းစက်နွယ်

Leave a Reply

Your email address will not be published.