ပြတ်တောက်ဆက်ကြောင်း၊ တရားရှာ ကိုယ်မှာတွေ့သူနှင့်မတွေ့သူများ

ကျွန်တော်ဒေါသထွက်လာသည်။ အလုပ်တွေအများကြီးရှိသဖြင့် အိပ်ရေးပျက်ခံပြီးလုပ်ဖို့ ကြိုးစားသည့်ညကျမှဘာမှလုပ်၍ မရသည့်အဖြစ်၊ တာဝန်ယူပြီးတည်းဖြတ်ပေးထားသော သတင်းများကိုသတင်းဝက်ဘ်ဆိုက်၏ Admin Panelတွင် ထည့်သွင်းပြီး အင်တာနက်ပေါ်လွှင့်တင်ပေးရမည်။ ခါတိုင်းညတွေလည်း ဒီလိုအချိန်ဆိုလျှင်ဒီအလုပ်ကိုလုပ်နေကျ။ ဒီညမှာ ဘာဖြစ်သည်မသိ။ အင်တာနက်ဘယ်လိုမှကိုသုံး၍မရ။ ကျွန်တော့်ကွန်ပျူတာနှင့်အင်တာနက်ကိုချိတ်ဆက်သည့်အခါ ကျွန်တော့်ဖုန်းတွင်ထည့်သွင်းထားသောအင်တာနက်လိုင်းမှတစ်ဆင့် Wi-Fi Hotspot ပြန်လွှင့်ပြီးသုံးရသည်။ ထိုသို့သုံးရာ၌ နေ့လယ်နေ့ခင်းနှင့်ညဦးပိုင်းများတွင် ဘယ်တော့မှအဆင်မပြေ။ အင်တာနက်လိုင်းအမြန်နှုန်းကတက်လိုက်၊ ကျလိုက် ဖြစ်နေသဖြင့်ညစဉ်ညတိုင်း အခုလို ည(၁၂) နာရီအချိန်လောက်ကို ရွေးချယ်၍သုံးရသည်။ ဒီလိုအချိန်မျိုးတွင် ဘယ်သူမှသိပ်ပြီးမသုံးကြတော့သဖြင့် အင်တာနက်လိုင်းကအတော်အသင့်ကောင်းမွန်ပြီးအလုပ်ဖြစ်လေ့ရှိသည်။
ဒီညက ပိုပြီးအရေးကြီးသည်။ ကျွန်တော်တာဝန်ယူထားသော သတင်းဝက်ဘ်ဆိုက်အတွက် ညနေကမှ ထွက်ပေါ်လာသော သတင်းကိုတင်ပေးဖို့ရှိသည်။ အချိန်နှင့်အမျှ သတင်းအသစ်အသစ်တွေထွက်ပေါ်နေ၊ ဖတ်ရှု ခွင့်ရနေသော သည်လိုကာလမျိုးတွင် ညနေပိုင်းကအသစ်ထွက်ပေါ်သည့် သတင်းကို ည (၁၂) နာရီလောက်မှတင်တာတောင် အတော်နောက်ကျနေ ပြီ။ အခုတော့ တင်လို့ကိုမရတော့။ ခါတိုင်းလိုအင်တာနက်လိုင်းကကျလိုက်၊ တက်လိုက် ဖြစ်တာလည်းမဟုတ်။ လုံးလုံးကျ၍နေလျှင်လည်း စိတ်ကိုအပြီးလျှော့လိုက်လို့ရသေးသည်။ အခုတော့လုံးဝမကျ၊ ဆက်၍ လည်းတက်မလာ Loading အမှတ်အသားက တဝီဝီလည်၍သာနေပြီး အဲဒီအတိုင်းပေခံနေသည်။ ဖွင့်ထားသော Web Page မှာလည်း မျက်ဖြူဆိုက်နေသလိုပင်။ အဖြူရောင်ဖားဖားကြီးသာမြင်နေရပြီး ဘာမှကိုဆက်လုပ်လို့မရ။ သူများတွေ ငြိမ်းငြိမ်းအေးအေးအိပ်စက်နေကြသည့် မိုးညတစ်ညတွင်တစ်လောကလုံးမှာ ကျွန်တော်တစ်ယောက်တည်း ဒေါသတွေ တလိမ့်လိမ့်ထွက်ပြီး ပူလောင်နေသည်ထင်၏။
အချိန်ကိုကြည့်တော့ ညတစ်နာရီကိုပင်အတော်အတန်ကျော်လွန်နေ ပြီ။ ဘယ်လိုမှ စိတ်ရှည်လက်ရှည်ထိုင်စောင့်၍ မရတော့သည့်အဆုံး ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော Wi-Fi Hotspot ကို ပြန်၍ပိတ်လိုက်သည်။ ပြီးတော့ ဖုန်းထဲမှာပင် ကိုယ်သုံးနေကျလူမှုကွန်ရက်ဝက်ဘ်ဆိုက်မှကိုယ်ပိုင်စာမျက်နှာရှိရာသို့ ခက်ခက်ခဲခဲအရောက်သွားပြီး အင်တာနက်လိုင်းဘယ်လိုမှမရသည့်အကြောင်းနှင့် ၄င်းအင်တာနက်သုံးစွဲမှုကို ဝန်ဆောင်မှုပေးသော လုပ်ငန်းဌာနအား အပြစ်တင်သောစာကြောင်းများကို ဒေါသထွက်နေသည့် အသုံးအနှုန်းများဖြင့်ရေးချထားခဲ့လိုက်သည်။ စိတ်မပါလက်မပါ အိပ်ရာဝင်ခဲ့ပြီးမနက်မိုးလင်းတော့ နောက်တစ်ခါထပ်၍ကြိုးစားကြည့်မိပြန်သည်။ ညထက်ပင်ပိုဆိုးသွားသည်ဟု စိတ်ထဲခံစားရ၏။ ဒါနဲ့ဖုန်းနှင့်ကွန်ပျူတာကို ချိတ်ဆက်ပြီးသုံးရန်မကြိုးစားတော့ဘဲ ဖုန်းထဲမှာပင် Mobile Network ဖွင့်၍ မနေ့ညကတင်ထားခဲ့သော ကျွန်တော့်ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာဆီသွားကြည့်မိပြန်သည်။
ကျွန်တော် မနေ့ညကရေးထားခဲ့သောစာအောက်တွင် ကျွန်တော်နှင့်ဝေဒနာတူသူ၊ မနေ့ညကအင်တာနက်အသုံးပြု၍မရသဖြင့် ကျွန်တော့်လို ဒေါသထွက်နေသူများကို အလုံးအရင်းနှင့်တွေ့လိုက်ရသည်။ အတော်မျာ များကလည်း မနေ့ညကဘာကြောင့် ထိုကဲ့သို့ အသုံးပြု၍ မရသည့် အကြောင်းကိုအသေအချာမသိကြ။ အဲဒီအထဲမှာ တစ်ယောက်ကမှတ်ချက်လာပေးထားသည်။ မကြာခဏ ပြတ်တောက်လေ့ရှိသည့် ရေအောက်အင်တာနက် ဖိုင်ဘာဆက်ကြောင်း ထပ်မံပြတ်တောက်သွားခြင်းဖြစ်သဖြင့် အင်တာနက်လိုင်းများ မနေ့ကနေ့လယ်ကတည်းက ဆိုးဆိုးရွားရွားကျနေ ခြင်း ဖြစ်သတဲ့။ ထိုအခါကျမှ ကျွန်တော့်ဒေါသမှာ ပို၍ပြင်းထန်လာတော့ သည်။ ကျွန်တော်အပါအဝင်လူအတော်များများ ဘာကြောင့်ထိုဖြစ်စဉ်ကို မသိကြရသလဲ။ ဘာကြောင့် စဖြစ်ကတည်းက သုံးစွဲသူများ အသေအချာအတိအကျသိရှိနိုင်ရန် သတင်းထုတ်ပြန်ပေးခြင်းကိုမတွေ့ရသလဲ။ အဲဒါကို သတင်းအချက်အလက်မရခဲ့သည့်အကြောင်း မှတ်ချက်ရေးချလိုက်သည်။ ထုံးစံအတိုင်းဒေါသသံ ခပ်ပြင်းပြင်းနှင့်ပဲပေါ့။
ထိုအခါ ကျွန်တော့်မှတ်ချက်အောက်တွင်သုံစွဲသူတစ်ဦးက Web Link တစ်ခုကိုလာ၍ဖော်ပြပေးသွားသည်။ ခေါင်းစဉ်ကို အပြည့်အစုံမဟုတ်သော်လည်း တစ်ဝက်တစ်ပျက်မြင်နေရသည်။ ပထမတစ်ဦး ပြောခဲ့သည့်အတိုင်းပင်။ ရေအောက် ဖိုင်ဘာအင်တာနက်ဆက်ကြောင်း ပြတ်တောက်သွားသဖြင့် ဆိုတာလောက်အထိမြင်နေရသည်။ အောက်မှာပူးတွဲပါသော Web Link ၏ Address က သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသောဌာန၏ တရားဝင်ဘက်ဘ်ဆိုက်လိပ်စာဖြစ်နေသည်။ ဒါနဲ့ အဲဒီ တရားဝင်ဝက်ဘ်ဆိုက်လင့်ခ်တွင် တင်ထားသောသတင်းအပြည့်အစုံကိုဖတ်နိုင်ရန် ထို Link ကို နှိပ်လိုက်သည်။ မူရင်းဝက်ဘ်ဆိုက်တွင်ထိုသတင်းအပြည့်အစုံကိုမြင်နေရမည့်အစား Page Not Found ဆိုသည်ကိုသာ တွေ့ လိုက်ရပြန်သည်။ ပထမရှိနှင့်ပြီးဒေါသအပေါ် နောက်ထပ်ဒေါသအသစ်တွေ ထပ်၍တိုးပွားလာမည်ကြံနေတုန်းမှာပင် လူမှုကွန်ရက်ဝက်ဘ်ဆိုက်၏ Home Page ပေါ်တွင် ထိုသတင်းအပြည့်အစုံတက်လာသည်။ မူရင်းသတင်းကို အချိန်မီ Screen Capture ဖမ်းထားလိုက်သဖြင့် ထိုသတင်းစာသားများကို ပုံတစ်ခုအနေနှင့်မြင်ရသည်။
ထိုအထဲမှာရေးထားသည့် အကြောင်းအရာ အနှစ်ချုပ်က
ရေအောက်ရှိ အင်တာနက်ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်သွားသဖြင့် အင်တာနက်လိုင်းများ ကျဆင်းကုန်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း၊ ပြုပြင်ချိန်အနည်းငယ်ကြာမြင့်မည်ဖြစ်သဖြင့် ပြုပြင်နေသည့်အချိန် တစ်လလောက်အတွင်းအင်တာနက်လိုင်းများ ယခုလိုပဲနှေးကွေးလေးလံနေမည်ဖြစ်ကြောင်း၊ ပြုပြင်၍ပြီးသွားပါကယခင်ကဲ့သို့ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသည်။ သတင်းကိုဖတ်ပြီး စိတ်ထဲကတော့ ခပ်ရွဲ့ရွဲ့တွေးလိုက်မိ၏။ ပြင်ဆင်နေတုန်း နှေးကွေးလေးလံပြီး ပြင်ပြီးရင်အရင်အတိုင်းပုံမှန် ဆက်လက်သုံးစွဲနိုင်မယ်ဆိုတော့ မပြင်ခင်တုန်းကကျသိပ်မြန်တာမှတ်လို့သိပ်မှမထူးထာပဲဟူ၍ ကွန်ပျူတာနှင့်ချိတ်ဆက်ပြီး အလုပ်လုပ်၍မရနိုင်လောက်တော့ဘူးဆိုတာ သေချာသွားတော့စိတ်ဓာတ်ကျကျနှင့်ဖုန်းဖြင့်ပင် စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်သုံးရန်အင်တာနက်ဟု ဖြေတွေးတွေးပြီး ပေကပ်ကာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ထဲလျှောက်ကြည့် နေလိုက်သည်။ အဲသည်လို လျှောက်ကြည့်မိတော့ လူအတော်များများကလည်း ထိုသတင်းနှင့်ပတ်သက်ပြီးပြောကြ၊ ဆိုကြ၊ ဒေါသထွက်ကြ၊ တရားနှင့်ဖြေကြဖြစ်နေတာကိုတွေ့ရသည်။ အော် Facebook ထုံးစံပေပဲဟုလည်း တွေးလိုက်မိသေးသည်။ ထိုအထဲမှာမှ လူတစ်ယောက်ရေးပြီး တင်ထားတာလေးသွားတွေ့သည်။
ယခင်က ထိုကဲ့သို့ ဖိုင်ဘာဆက်ကြောင်းပြတ်လျှင် အင်တာနက်လိုင်းမှာ လုံးဝကိုကျနေခဲ့ပြီး ဒီတစ်ခါ ပြတ်သည့်အခြေအနေတွင်တော့ အလွန်တရာ နှေးကွေးလေးလံရုံသာဖြစ်သည်ဆိုတော့ အရင်ထက်တိုးတက်လာ သည်ဟုဖြေတွေးလို့ရတာပေါ့တဲ့။ သူ့ကိုအကောင်းမြင်သမားဟု သတ်မှတ်လိုက်သည်။ ဖြစ်သည့်အခြေအနေနှင့် လိုက်လျောညီထွေနေတတ်သည်ဟုလည်း ချီးကျူးမိသည်။ သို့သော်စိတ်ထဲကတော့ တုံ့ပြန်မိ၏။ အရင်လိုလုံးဝကျနေတာဆိုလျှင စိတ်ကိုပါဖြတ်၍ မသုံးဘဲနေ၍ရပြီး အခုကျတော့ ဆန့်ငင်ဆန့်ငင်သုံး၍ရနေသဖြင့် လူရောစိတ်ပါ ဆန့်ငင်ဆန့်ငင်ဖြစ်ရတာပေါ့ဟူ၍။ အဲဒီကနေဆက်ပြီး ကြည့်မိတော့ နောက်တစ်ယောက် ထပ်ရေးထားတာကို သွားတွေ့ပြန်သည်။ ဒီတစ်ခါတော့ ကျွန်တော်အတော်ပင် သဘောကျသွားမိသည်။ သူရေးထားတာက ဘာလဲဆိုတော့-
အခုလိုဖြစ်သွားပြီး တစ်လလောက်စောင့်ရမည်ဆိုတော့ ဝန်ဆောင်မှုပေးသည့်ဌာနကို ကျေးဇူးတင်ရမည်ဖြစ်ကာ ထိုတစ်လအတွင်း Facebook ထဲမှာ မြင်နေရသော အရည်မရ၊ အဖတ်မရ ငြင်းခုံ ဆွေးနွေးမှုများ၊ ဒေါသများ၊ ပူလောင်မှုများနှင့် တစ်လလောက် ကင်းလွတ်ခွင့်ရမည်ဖြစ်သဖြင့် ထိုတစ်လအတွင်း Facebook ထဲကုန်ဆုံးမည့် အလဟဿအချိန်များကို အခြားတစ်နေရာတွင် အကျိုးရှိရှိသုံး၍ရပြီ ြစ်သည်တဲ့ သူ့သဘောထားလေးကို ကျွန်တော်သဘောကျမိသွားသည်။ စိတ်ထားတတ်ရင် မြတ်တယ်ဆိုတာဒါပဲ။ တရားရှာကိုယ်မှာတွေ့တယ်ဆိုတာဒါပဲ။ အဆိုး ထဲက အကောင်းကိုရှာတတ်တဲ့သူမျိုး ဖြစ်မှာပဲဟုတွေးတောချီးကျူးမိ ပြန်သည်။ ခုနကဒေါသထွက်နေသော ကျွန်တော့်စိတ်တွေလည်း သူ့စာကိုတွေ့အပြီးမှာ အတော်ပင် ငြိမ်သက်အေးချမ်းသွားသလိုခံစားရသည်။ ကျွန်တော်အတော်ကို ညံ့ဖျင်းခဲ့တာပဲ။ သူ့လို စိတ်မျိုးမထားနိုင်ခဲ့ရုံမျှမက ကိုယ့်တစ်ဦးတည်းဖြစ်သည့် ဒေါသတွေကိုပါ ကျွန်တော့်စာမျက်နှာပေါ်မှ တစ်ဆင့် သူများတွေဆီ ကူးစက်ပျံ့နှံ့အောင်ဖြန့်ဝေနေခဲ့မိသည်။ စိတ်ထဲကသူ့ကိုချီးကျူးရုံနှင့် မတင်းတိမ်နိုင်သဖြင့် သူ့စာအောက်မှာမှတ်ချက်ရေးပြီး ထောက်ခံဖို့ဆုံးဖြတ်လိုက်သည်။
ဟုတ်တယ်ဗျာ ကျွန်တော်အစက ဒေါသတွေထွက်နေခဲ့တာခင်ဗျား ပြောတာလေးဖတ်မိမှ ဒါလည်းဟုတ်တာပဲဆိုပြီး တရားရမိတော့တယ်။ ကျေးဇူးသိပ်တင်တယ်ဗျာ။ မနေ့ညကရော၊ ဒီမနက်ရာထွက်နေတဲ့ ကျွန်တော့ဒေါသတွေ ခင်ဗျားစာဖတ်မိပြီးမှပဲ သေသွားတော့တယ်ဆိုသည့် စာသားများကိုဖုန်းတွင်ပါသော Key Pad များမှတစ်ဆင့် မှတ် ချက်ပေးသည့် နေရာထဲခက်ခက်ခဲခဲ ရိုက်ထည့်ပြီး Send လုပ်လိုက်သည်။ မရ၊ ကျနေသည့်အချိန်နှင့်သွားတိုးသည်။ ဒါနှင့် အဲသည်စာသားများကို နောက်တစ်ခါထပ်ရိုက်ပြီး နောက်တစ်ခါ မှတ်ချက်ပေးလိုက်သည်။ မရပြန်၊ ကျနေလေသည်။ တစ်ခါ..နှစ်ခါ..သုံးခါ..လေးခါ..ဘယ်လိုမှကို မရ။ အင်တာနက်လိုင်းကျ၍သွားပြီဖြစ်သည်။ တောက် တစ်ချက် ခပ်ပြင်း ပြင်းခေါက်လိုက်မိ၏။
ယခုအခါကျွန်တော့်ဒေါသများပြန်၍ထွက်လာပြန်ပြီ ဖြစ်လေသည်။
သူရဿဝါ

Leave a Reply

Your email address will not be published.