ရုံးတော်အသံ

ရန်ကုန်၊ ဇူလိုင် ၂၇
မြန်မာအမျိုးသမီးငယ်များ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် ယဉ်ကျေးမှုဆိုင်ရာများအား ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ တားမြစ်ရန်အစီအစဉ်မရှိသော်လည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် ပြည်သူ့နီတိကို သင်ကြားပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ စာရေးဆရာ မောင်သန်းဆွေ(ထားဝယ်) က ပဲ့တင်သံဂျာနယ်သို့ပြောကြားသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မြန်မာမိန်းကလေးတွေ ဝတ်စားဆင်ယင်မှုကို သတိပြုမိတာရှိပါတယ်။ ဒီနှစ်သင်္ကြန်မှာ ဝတ်စားဆင်ယင်တာ နည်းနည်းဆင်ခြင် လာတယ်လို့သိရတယ်။ တစ်မြန်နှစ်ကဆိုရင် သင်္ကြန်မှာ ပိုဆိုးတယ်လို့ထင်တယ်။ ကျွန်တော်ရန်ကုန်မှာရှိသေးတယ်။ အင်းလျားကန်စောင်းတာရိုးမှာ မိန်းကလေးတွေ ဘီယာကို ပုလင်းလိုက်မော့နေတာ တွေ့လိုက်ရတာ မြင်မကောင်းဘူးဗျာ။ အဲဒါယဉ်ကျေးမှုကို ထိခိုက်တာ မဟုတ်တော့ဘူး။ Character ကိုပါထိတာ။ ရှေးခေတ်ကလို ထိုင်မသိမ်းပဲ ဝတ်နေရမှာလား မေးစရာရှိတာပေါ့။ ဒီလိုသာပြောစတမ်းဆိုရင် ခေတ်အလိုက်မပြောင်း ရတော့ဘူးလား။ ဒီလိုမဟုတ်ပါဘူး။ ၁၉၅၇ ခုနှစ်က ကျွန်တော် အိမ်နီးချင်းနိုင်ငံတစ်ခုရောက်တယ်။ ဒီတုန်းက သူတို့ဆီမှာမြို့ပေါ်မှာရော၊ တောမှာပါထဘီကို ကတောင်းကျိုက်လေးတွေနဲ့ မိန်းကလေးတွေ ဝတ်နေကြတယ်။ ၁၉၆၇ ခုနှစ်ကျတော့ မြို့ပေါ်မှာ စကပ်လေးတွေနဲ့ပေမယ့် ရွာတွေမှာရိုးရာထမီ ကတောင်းကျိုက်ပဲရှိသေးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ဆီမှာ လုံးဝကို မပြောင်းလဲသေးဘူး ဟု ဒုတိယဝန်ကြီး ဦးသန်းဆွေက ပြောသည်။
၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းထိ မြန်မာနိုင်ငံမှာ ဝတ်စားဆင်ယင်မှု ထူးထူးခြားခြားပြောင်းလဲခြင်း မရှိသေးဘဲ၊ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ ပိုပြောင်းလဲလာသည်ဟု ထင်ပါကြောင်း ၄င်းကဆိုသည်။
ဒီလိုဖြစ်တာ အစိုးရနဲ့ဆိုင်သလားဆိုတော့ အစိုးရနဲ့ မဆိုင်ပေမဲ့ ဒီ ၂၀၁၀ ဒီဘက်ပိုင်းကျမှ ပိုပြောင်းလဲလာတာအမှန်ပဲ။ ပြီးခဲ့တဲ့ မေလဆန်းက ကျွန်တော်ဘန်ကောက်မြို့နဲ့ မိုင် ၆၀ ဝေးတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ ပွန်ဆူရီမြို့ကို ရောက်တယ်။ ၂၀၁၃ ခုနှစ် မေလ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ စာတမ်းဖတ်ပွဲအတွက် ရောက်သွားတာနော်။ သိပ်မကြာသေးဘူး။ အဲဒီ့ကမ်းခြေမှာ မိန်းကလေးတွေ ဘောင်းဘီရှည်ပဲဝတ်တယ်။ ဘောင်းဘီတိုမဝတ်ကြဘူး။ ဘောင်းဘီတိုဝတ်တာတစ်ယောက် နှစ်ယောက်ပဲတွေ့ရတယ်။ စကပ်လေးတွေတော့ ဝတ်ကြတယ်။ ဒါတောင် ကမ်းခြေမှာနော်။ ကျွန်တော်ထင်တာ သူတို့က ကျွန်တော်တို့ထက်ရှေ့ရောက်ရမယ်။ ဟိုတုန်းကလည်း ရှေ့ရောက်ခဲ့တာကိုး။ ညဈေးတန်းလိုနေရာမှာတောင်အပေါ်မှာ အင်္ကျီကဘလောက်သဘောနဲ့ ဘောင်းဘီရှည်ပဲတွေ့ရတယ်။ ၂၀၁၀ မှာ ကျွန်တော် ထားဝယ်မှာရှိတယ်။ မောင်းမကန်ကမ်းခြေမှာရန်ကုန် ဧည့်သည်အမျိုးသမီးကြီးတွေ အသက် (၄၀) (၅၀) အရွယ်တွေက ဂါဝန်ကြီးတွေဝတ်ပြီး လမ်းလျှောက်နေ ကြတယ်။ ထားဝယ်အခေါ် ဗမာမတွေ ဂါဝန်ဝတ်တာမြင်ပြီး ဘယ်လောက်ကူးစက်တာမြန်လဲဆိုတော့ မောင်းမကန်ရွာထဲမှာ ငါးခြောက်သွားဝယ်တော့ ငါးခြောက်သည် အဒေါ်ကြီးက ဂါဝန်ရှည်ကြီးနဲ့ အဲဒီမှာ ကျွန်တော် ရှော့ခ်ဖြစ်သွားတယ် ဟု ယဉ်ကျေးမှုဒုတိယဝန်ကြီးက ဆိုသည်။
မိမိတို့ဆီက ကူးစက်မှုမှာ ခေတ်မီတာအလွန် မြန်လွန်းပါကြောင်း၊ နိုင်ငံရပ်ခြားတိုင်းပြည်မှာ ညဝတ်သည့် ဂါဝန်ကိုပင် နေ့ဘက်ဝတ်နေကြကြောင်း၊ ရိုးရာထဘီဝတ်တာနည်းသွားပြီး စကပ်တွေ၊ ဘောင်းဘီတိုတွေနှင့် ဖြစ်လာကြောင်း၊ လူထုအတုခိုးမြန်တာ ကိုရီးယားကားတွေကြောင့်ဟု တချို့ပြောကြကြောင်း၊ ယင်းကားများမှာ မိန်းကလေးတွေအရက်သောက်ခြင်း၊ ရည်းစားစကား စပြောခြင်းများပါတာတွေ ရှိကြောင်း၊ သို့သော်လည်း ၄င်းကိစ္စချည်း မဖြစ်နိုင်ပါကြောင်း၊ စိတ်ထဲကိုက ယဉ်ကျေးမှုလိုက်နာနိုင်မှ ပြောင်းလဲလို့ရမှာဖြစ်ကြောင်း၊ မြန်မာမိန်းကလေးများအနေဖြင့် ပွဲတော်ဆိုလျှင် ဘယ်လိုဝတ်ရမည်၊ ဘယ်ပွဲမှာ ဘာဝတ်ရမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနအပိုင်းမှ ကန့်သတ်ထားခြင်း မရှိပါကြောင်း ဒုတိယဝန်ကြီး ဦးသန်းဆွေကရှင်းပြသည်။
မြန်မာမိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်၊ ညွှန်ကြားချက်မရှိပါဘူး။ ရှိလို့လည်းမရပါဘူး။ ရှိရင် ဒီမိုကရေစီမရှိဘူးလို့ ဖြစ်သွားမယ်။ အဓိကက သက်ဆိုင်ရာ မိဘက ထိန်းသိမ်းရမယ်။ ကိုယ့်သားသမီးကိုယ် သွန်သင်ဆုံးမရမယ်။ လွှတ်ထားလို့မရပါဘူး။ ဥပမာကျွန်တော်တို့ဆိုမိဘတွေက လုံချည်အနက်မဝတ်ရဘူး။ ရိုးရာပေါ့။ ဝတ်ချင်ရင်အစက် အပြောက်လေးနဲ့ ဝတ်ရတယ်။ ကျွန်တော့်သမီးတွေကိုလည်း ကျွန်တော်ဒီအတိုင်းပြောရတယ်။ မိဘက သူ့ရိုးရာသူ့ယဉ်ကျေးမှုကို သားသမီးကိုထိန်းခိုင်းတာ။ ဒါတောင်မှ အခုကလေးတွေအဖြူနဲ့ အနက်ချည်းဝတ်တာများနေတယ်။ ကျွန်တော့အသိကပြောတယ်။ ကလေးမလေး တစ်ယောက်ကိုသူ့အမေက အဲလိုမဝတ်ဖို့တားတော့ အမေ ဘာနားလည်းလို့လဲ။ အဲဒါ International Colour (အင်တာနေရှင်နယ်ကာလာ)လေလို့ ပြောသတဲ့။ ဒါကို ကာကွယ်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနက ယဉ်ကျေးမှုတက္ကသိုလ်တွေမှာ ပြည်သူ့နီတိပြန်သင်ဖို့ လုပ်ဆောင်နေပါတယ် ဟုပြောကြားသည်။
အမိန့်ညွှန်ကြားချက်မဟုတ်ဘဲ ပြည်သူ့နီတိကို ပြန်သင်ပါမယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ၂ ခု။ ရန်ကုန်နဲ့မန္တလေးမှာသင်မယ်။ မန္တလေးပါမောက္ခချုပ်က ရေးနေတာအကြမ်းပြီးပြီ။ ယဉ်ကျေးမှုဝန်ကြီးကိုယ်တိုင် တာဝန်ပေးရေးခိုင်းထားတာပါ။ ယဉ်ကျေးမှုနီတိတွေပေါ့။ ဝတ်စားဆင်ယင်မှု အပိုင်းမပါတောင်ကျန်တဲ့ ဓလေ့ထုံးစံ (manner ) တွေ အကုန်ပါမယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ပြည်သူ့နီတိစာအုပ်ကိုပါပေးလိုက်တယ်။ အရင်ဆုံးယဉ်ကျေးမှုတက္ကသိုလ်မှာ စသင်မယ်။ ဒီနှစ် အရှေ့တောင်အာရှ SEA Games မှာလည်း ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ ဝတ်စားဆင်ယင်မှု လုံလုံခြုံခြုံလေးတွေဖြစ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒီဇိုင်နာတွေနဲ့ သေသေချာချာလုပ်ထား ပါတယ်။ ဆီးဂိမ်းမှာ လူရာနဲ့ချီပြီး ကရမှာဆိုတော့ နိုင်ငံတကာနဲ့ယှဉ်ပြီး ကျွန်တော်တို့ မြန်မာယဉ်ကျေးမှုကို ပြသဖို့ကြိုးစားနေပါတယ်ဟု မြန်မာ့အမျိုးသမီးငယ်များ ၏ ယနေ့ခေတ်ဝတ်စားဆင်ယင်မှု ခေတ်ရှေ့လွန်ကဲလာခြင်းနှင့် ပတ်သက်၍ သိလိုသောမေးမြန်းမှုအပေါ် ယခုကဲ့သို့ ဒုတိယဝန်ကြီးက ပြောကြားသွားခြင်းဖြစ်သည်။
ဝ၃၈

Leave a Reply

Your email address will not be published.