မော်လူးဒေသမှာ ရသအစုန်အဆန်

ကျွန်မတို့ စာရေးဆရာအဖွဲ့
ဗန်းမောက်မြို့ပေါ်နှင့် ကျေးလက်ဒေသများမှာ ဟောပြောပြီး မော်လူးဒေသသို့ ကူးသောနေ့သည် ဧပြီလ
၂၇ ရက်နေ့ဖြစ်သည်။ ဟောပြောပွဲပြီးသော်လည်း
ကျွန်မတို့ဗီနိုင်းပုံတွေ လမ်းဆုံလမ်းခွနှင့်
လက်ဖက်ရည်ဆိုင်တွေမှာ ချိတ်ထားဆဲ။ နှုတ်ဆက်ပွဲ
လုပ်တော့မှ ဗီနိုင်းထဲမှာ ကျွန်မနာမည်ကို
သွားဖတ်မိသည်။ မိဂျမ်းဝေတဲ့။ မြတ်စွာဘုရား၊ ကျွန်မနာမည်
ဘယ်တုံးက ‘ဂငယ်ယပင့်’နှင့်
ဂျမ်းသွား သွားပါလိမ့်။ နောက်မှ ဒီဒေသက ခကွေးယပင့်ကို ‘ဂငယ်ယပင့်’ သံထွက်တတ်မှန်း သိလိုက်ရသည်။
အချို့ဒေသများမှာ ‘ဂယင့်ယပင်’သံမဟုတ်ဘဲ ရကောက်ဟထိုးသံ
ထွက်တတ်သေးသည်။ ဆရာလယ်တွင်းသားစောရှစ်၊ ဆရာရှစ်နိုင်(စိတ်ပညာ)၊ ဆရာ မမိရှမ်းဝေတို့ ဒီလိုတောင်ငူမြို့မှာ ဆုံဖူးသည်။ ယခုလည်း.. ”ဂငယ်ယပင့်သံက ကောင်းတာပေါ့၊ ပိုပြီးအားပါတယ်” ဒေါက်တာစိုးသန်းမောင်က ကျွန်မကို တမင်နောက်နေသည်။ ”မဟုတ်ပါဘူး ဆရာရဲ့၊ ချမ်းဆိုတာ မွန်ဘာသာနဲ့ သီခြားအဓိပ္ပာယ်ရှိပါတယ် ချမ်းဆိုတာ အချစ်-
ဒါမဟုတ် ချစ်ခြင်းမေတ္တာပေါ့”။
ကျွန်မနာမည်အပေါ်
အကဲဆတ်သူပီပီ ရှင်းပြဖြစ်အောင် ရှင်းပြလိုက်သေးသည်။ ဂငယ်နှင့်ဖြစ်စေ၊ ခကွေးနှင့်ဖြစ်စေ ကျွန်မတို့ဗန်းမောက်မြို့ကလေးကို နှုတ်ဆက်ရတော့မည်။ မကြာခင် ဒယူးရွာမှ ရွာခံများရောက်လာကာ လာရောက်နှုတ်ဆက်ကြသည်။
ကဗျာဆရာ ငွေကြယ်(ဒယူး)က ”ရွာမှာ ဟောပြောပွဲပြီးကတည်းက ဆရာမ ဟောသွားတဲ့
အချက် ၂ ချက် စွဲကျန်ရစ်တယ်။ နောက်လိုက်ဆိုရင်
ဘယ်လိုနောက်လိုက်မျိုးဖြစ်အောင် နေမလဲနဲ့ ခေါင်းဆောင်ဆိုရင် ဘယ်လိုခေါင်းဆောင်မျိုးကို ငြင်းပယ်မှာလဲ ဆိုတာကိုပေါ့”။
”ဒယူးရွာ ပရိသတ်က
ပါးနပ်ပါတယ်။ ငြင်းပယ်ရမှာကို သိရင် ရွေးချယ်ရမှာကို သိသွားမှာပါ။ အချိန်က သိပ်အရေးကြီးနေပြီလေ”။
ထိုနံနက်က ကသုတ်ကရက်
နှုတ်ဆက်ကာပင် မော်လူးမှလာကြိုသော
ကိုထွန်းဝင်းလတ်တို့အဖွဲ့နှင့် ပါလာကြသည်။ ”သည်ဒေသကလမ်းတွေ၊ တောလမ်းတောင်လမ်း
ဖုန်လမ်းတွေ ဖြစ်နေသည်က ဆိုးသည်။ ဘာကြောင့်
လမ်းတွေမကောင်းသလဲ၊ သစ်ထုတ်လုပ်မှုကြောင့်လား ရွှေတောင်ရှိရာအဝင်အထွက်
ကားတွေ များခြင်းကြောင့်လား။ မိုးတွင်းဆိုလျှင် ဆိုင်ကယ်တောင်
အနိုင်နိုင်သွားရမည့်လမ်းတွေ။
မော်လူးမြို့အဝင်မှာ နံနက်စာထမင်းကျွေးပြီး ကားပေါ်ပြန်တက်တော့
ကိုထွန်းဝင်းလတ်က ဆရာမတို့ကို ကချင်နယ်စပ်ပို့ပေးဦးမှာတဲ့။ မော်လူးဆိုတာ ကချင်နဲ့ အတော်နီးနေပြီပဲ။ သိပ်မကြာလိုက် မီးရထားလမ်းကိုဖြတ်
ဆိုင်းဘုတ်ကို ဖတ်လိုက်တော့- နန်စည်အောင်တဲ့။ ရောက်ပါပြီ ကချင်ပြည်နယ်စပ်။ ရောက်တာနှင့် ယခင်နယ်များမှာမတွေ့ရတာ အရင်တွေ့လိုက်ရသည်။
ရဲနှင့်လက်နက်တွေကို ဖြစ်သည်။
ကျွန်မတို့အခြေအနေကို
နားလည်စွာ ကချင်အထိမ်းအမှတ် ကျောက်တိုင်ကြီးရှေ့မှာ ဓာတ်ပုံရိုက်ကြစဉ် စိတ်ထဲကလည်း ပင်လယ်သူများ ရွှေညာသွားတာ
အခု ကချင်နယ်စပ် ရောက်ပြီ ဒေါ်ဒေါ်ရေဟု ချစ်စွာသော စာရေးဆရာကြီး
လူထုဒေါ်အမာ(ဒေါ်ဒေါ်မာ)ကို လွမ်းတပြီး ပြောမိသည်။
မော်လူးဒေသကလည်း ဗန်းမောက်နယ်နှင့် ခပ်ဆင်ဆင်ပါ။ရောင့်ရဲတင်းတိမ်မှုတွေနှင့် ကျေနပ်မွေ့လျော်နေသည်မှာ ငြိမ်ငြိမ်သက်သက်။ ဒုတိယအကြိမ် စာပေဟောပြောပွဲ
အမှတ်တရ ရသကဗျာစုများ စာအုပ်ကလေးလက်ထဲရောက် လာသည်။ သြော်…
မော်လူးကလည်း ဘယ်ညံ့လိမ့်မယ်။ အနုပညာဓာတ်ခံတွေ ရင့်သန်နေမှတော့ နိုင်ငံရေးအသိလည်း နိုးကြားနေပြီပေါ့။
ကျွန်မကိုတော့ အမျိုးသမီးမို့ နာယကြီးဦးမောင်မောင်နှင့် ဆရာမကြီးဒေါ်ခင်မာချိုတို့အိမ်မှာ
တည်းခိုဖို့ စီစဉ်ပေးပြီး၊
ဆရာ ကိုလေးမြတ်၊
ဆရာ ကာတွန်းဝင်းအောင်နှင့်
ဆရာမာန်(တောင်လုံးပြန်)တို့ကိုတော့ သီးခြားတစ်အိမ်မှာ တည်းခိုစေသည်။
ဟောပြောပွဲအစီအစဉ်မှာ ဆရာပန်းဒကာကိုတင်မြင့်ပါလာပြီး ၂ဝ၁၄ ခုနှစ် (၂၇-၄-၂ဝ၁၄) ပထမရက်မှာ ဆရာကာတွန်းဝင်းအောင်၊
ဆရာ မာန်(တောင်လုံးပြန်)နှင့် ပန်းတကာကိုတင်မြင့်တို့ ဟောပြောမည်ဖြစ်ပြီး၊ ဒုတိယရက်မှာ ဆရာကိုလေးမြတ်နှင့် ကျွန်မတို့ဟောပြောကြမည်။ ပန်းတကာကိုတင်မြင့်မှာ ဇာတ်နိပါတ်-ဥဒါဟရုဏ်များဖြင့် ဟောပြောနိုင်သူဖြစ်သဖြင့် လူထုနားပေါက်လွယ်လေရာ ထိုသူမျိုးဟောပြောရာမှာ များစွာပါဝင်လာစေသင့်သည်။
လင်းပွင့်လာသောကာလ ယခင်ကထက် ဟောပြောပွဲတွေ
များပြားလာချိန် စာရေးဆရာတွေလည်း
သန်ရာသန်ရာ ဟောပြောကြ၊
မြို့ခံရွာခံများကလည်း သူတို့ဟောပြောစေလိုသော အချက်အလက်များကိုတောင်းဆိုကြ၊ သည်လိုနားလည်မှုပိုလာကြသည်။ မော်လူးဒေသကတော့ လူငယ်တွေအသိဥာဏ်လင်းပွင့်ရန် စာများများဖတ်ဖို့၊ ရသစာပေကို
ဇောင်းပေးပြီးဟောပေးပါတဲ့။ စာရေးဆရာသည် နိုင်ငံရေးနှင့် မကင်း၊ မြို့ပြကျေး လက်၊ ယနေ့လူထုအားလုံးနိုင်ငံရေးအခက်အခဲ အတားအဆီးများကို ဖြတ်ကျော်နေ ကြဆဲ။ ဆက်လက်ဖြတ်သန်းရမည့် ခရီးကလည်းတစ်ဝီတစ်ခေါ်။ ထိုအတွက် အခြေခံ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းနေဖို့ လိုသည်။ ရသအာဟာရဖြည ့်တင်းပေးရန် လိုသည်။
ထိုညမှာ ဆရာကာတွန်းဝင်းအောင်က (ခေတ်သုံးခေတ်ရဲ့အသံ)၊ ဆရာ မာန်(တောင်လုံးပြန်)က (ရယ်စရာမောစရာ သရော်စာများ)၊ ဆရာ ပန်းတကာကို တင်မြင့်က (လျှော့မတွက်မပါနှင့်)၊ ဆရာမ မိချမ်းဝေက (စာရေးသူနှင့် သူဖန် တီးသည့်အနုပညာ)၊ ဆရာကိုလေးမြတ်က (ဒီမိုကရေစီကိုလေးမြတ်) ခေါင်းစဉ် ဖြင့်ဟောပြောရာ မော်လူးဒေသပရိသတ်ကြီး ကျေနပ်အားရလိမ့်မည်ထင်ပါသည်။
ဧပြီလ ၂၈ ရက် နေ့ခင်းတွင် PEN Myanmar လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လူငယ်များစုစည်းကာ ရသအစုန်အဆန် ဆွေးနွေးပွဲကလေး ပြုလုပ်ဖြစ်သည်။ ပထမဝတ္ထုဖတ်ခြင်းအစီအစဉ်ဖြစ်ပြီး ထိုဝတ္ထုအပေါ် ပရိသတ်ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်သည်။ ထိုမှတစ်ဆင့် ဤဒေသမှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ မှုအနေအထား လူငယ်များပါဝင်ပတ်သက်နေမှုများကို ဆက်လက်ဆွေးနွေးဖြစ် သည်။ ဆရာမာန်က ဤဒေသတွင် စာပေဟောပြောပွဲနှင့်တွဲကာ စာအုပ်ဈေးပွဲ တော်ပြုလုပ်သင့်ကြောင်း၊ ပြုလုပ်မည်ဆိုပါက စာအုပ်ဈေးပွဲတော်ဖြစ်မြောက်ဖို့ ကူညီနိုင်ကြောင်း၊ စာအုပ်တွေ နယ်စွန် နယ်ဖျားသို့ မရောက်နိုင်သည့် အခက်အခဲ များကလည်း လူတွေစာမဖတ်ဖြစ်သည့်ကိစ္စမှာ တစ်ခုအပါအဝင်ဖြစ်ကြောင်းများ ကို ဆက်လက်ဆွေးနွေးကာ နောင်လာမည့်နှစ်အတွက် အစီအစဉ်များကို ပြောဆို ဖြစ်ကြသည်။ အလွန်အကျိုးရှိသော ရသ အစုန်အဆန် ပွဲကလေးပါပေ။
ထိုသို့ အပြန်အလှန်ထိတွေ့စေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ကြည်ရင်း နှီးကာ ယုံကြည်မှုနက်ရှိုင်းထူထဲလာသည်ဟု ခံစားရပါသည်။ စာဖတ်ခြင်းကား ပြည့်ဝစေသည်။ ဆွေးနွေးခြင်းကား ဖျတ်လတ်တကြွ်ကစေသည်။ ရေးသားခြင်း ကား တိကျစေသည်ဟု ဆိုထုံးရှိသည်မဟုတ်ပါလား။
စီးမော်က အိုးဖုတ်တဲ့နေရာ၊ မော်လူးက အိုးကွဲပစ်တဲ့နေရာဟု ဆိုရိုးအမှတ် အသားရှိရာမြေကို ကျွန်မတို့ ဧပြီလ ၂၉ ရက်နေ့တွင် ကသုတ်ကရက်နှုတ်ဆက် ကြရသည်။ ဗန်းမောက်မှ ကိုဝေလင်းထွဋ်က အင်းတော်သို့ကားနှင့်ပါလာမည်။ ကိုထွန်းဝင်းလတ်က ကျွန်မတို့အဖွဲ့ကို အင်းတော်အရောက်ပို့မည်။ အင်းတော်မှာ ဆုံပြီး မန္တလေးဆင်းကြမည်။ မန္တလေးအထိ ကိုဝေလင်းထွဋ်က လိုက်ပါပို့ဆောင် ဦးမည်။
ဒေသခံတွေ တာဝန်ကျေပွန်လှပါဘိ၊ ငွေကြေးအကုန်အကျ များလှပါဘိ၊ လူတွေမောပန်းနွမ်းနယ်လှပါဘိ။ သည်ကြားထဲ ပွဲမပြီး မီးမသေမှုများ ကျန်ခဲ့ပါ က ရှင်းလင်းကြရပါဦးမည်။ ဟောပြောသူ စာရေးဆရာတွေရော တာဝန်ကျေကြ ပါရဲ့လား။
မြန်မာပြည်တစ်နံတစ်လျား ကျွန်မတို့မရောက်ဖူးသေးသောနေရာ များစွာ ရှိနေသေးသည်။ ကျွန်မတို့ မတွေ့ဆုံဖူးသေးသော တိုင်းရင်းသား သွေးချင်းနောင်မယ်တို့များစွာရှိနေသေး သည်။ ထိုသူတို့ထံမှသင်ယူရန် များစွာ ကျန်နေသေးသည်။ ထိုသူတို့နှင့် အမြင် ချင်းဖလှယ်ရန်များစွာ လိုအပ်နေသေး သည်။
အင်းတော်သို့သွားရန် ကားပေါ် အတက် မော်လူးဒေသကို နှုတ်ဆက် တော့ ကောင်းကင်က မှုန်ပြာပြာ။ ဗန်း မောက်မြို့နယ် ဒယူးရွာမှာ ဟောသည့် ညက ဟောပြောနေစဉ် လေပြင်းတွေ တိုက်ပြီး ဝရုန်းသုန်းကားဖြစ်သွားတာ သတိရလိုက်သည်။ မိုးများ ရွာဦးမှာ လား။
တောလည်းမစိမ်း တောင်လည် မစိမ်းတော့သည့်အတွက် မိုးကည်း လူတွေကို စိမ်းကားနေသည်ထင် အပူ ရှိန်က ပိုမိုမြင့်ကဲလာသည်။ ကျွန်မ တို့ကားလေး ဖုန်လမ်းထဲ တိုးဝင်လိုက် ပြန်သည်။ မိုးတွင်ဆိုလျှင် ဆိုင်ကယ် ပင် အနိုင်နိုင်သွားနေရသည့် တစ်ရွာနှင့် တစ်ရွာကူးလူးသည့် လမ်းပန်းဆက် သွယ်ရေးက ဒေသကို ပြနေသည်။
ကျွန်မတို့လုပ်စရာတွေ အများကြီး ကျန်သေးသည်။ ပြုပြင်စရာတွေအများ ကြီးရှိနေသည်။ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး နှစ်ပေါင်း လေးငါး ဆယ်။ အပြာင်းအရွှေ့မှာ မှန်ကန်သော ပြောင်းရွှေ့ခြင်းဖြစ်ဖို့လိုသည်။ ဆရာ ကြီးဦးတင်မိုး၏ ဘယ်တော့ဖတ်-ဖတ် ခေတ်မီနေသောကဗျာကလေး အာရုံ ထဲမှာ သိမ့်သိမ့်လွင်လွင် ပြေးဝင်လာ သည်။ ”မီးခလုတ်”တဲ့။
ဓာတ်ကြိုးသေးသေးကလေးဟာ
ဘယ်လောက်ဝေးဝေး..
အလင်းရောင်ပေးနိုင်တယ်
အမှောင်ဘယ်လောက်
သိပ်သည်းပစေတစ်ချက်ညည်းစရာမလို
အမှောင်ပြိုအောင် ထိန်ထိန်လင်း
ညခင်းကို နေ့လုပ်
တစ်မုဟုတ်ချင်းစွမ်းနိုင်တယ်။နှိပ်တဲ့ခလုတ်တော့ မှန်ပစေ
ဥာဏ်နဲ့ပိုင်းခြား
အမှားနဲ့အမှန်
ဝေဖန်တတ်ဖို့တော့ လိုမယ်။ခလုတ်တွေက အများကြီး
မီးလာမယ့်ခလုတ်ကို
မှန်အောင်ရွေး
ဘယ်လောက်ပဲ
အလှမ်းဝေးဝေး
ဖွေးခနဲ့ လင်းသွားမှာပဲ။
ကျွန်မတို့မှန်ကန်သော ခလုတ်ကို ရွေးနှိပ်ကြပါစို့။
မိချမ်းဝေ

Leave a Reply

Your email address will not be published. Required fields are marked *