ခေတ်သစ်သင်ပုန်းကြီး ၄၇

အများပြည်သူဝန်ဆောင်မှုမီဒီယာဟူသည်
အောင်မြင်လေ့မရှိသော်လည်း
မြန်မာမှာ အောင်မြင်အောင် လုပ်ပြီး
သရဖူဆောင်းဦးမတဲ့
နိုင်ငံတကာက အောင်မြင်သောစီမံကိန်းများကို
နည်းမှီကာ လိုက်လုပ်ပြီး
အောင်မြင်ရမည့်အရေးအား မကြံဘဲ
တစ်သက်လုံးက မမှန်ခဲ့သော
မြန်မာ့နည်းမြန်မာ့ဟန်ကိုပင်
နိုင်ငံတော်ဘတ်ဂျက်များ အဆုံးခံကာ
ကြိုးစားလိုနေသေးပဟဲ့
အံ့သြကုန်နိုင်ပါရဲ့လား။အနောက်တံခါးအရေးမှာလည်း
ကိုယ့်ရဲလေးယောက် သေခဲ့စဉ်က လူထုက မသိရဘဲ
ဘင်္ဂလားရဲတစ်ယောက် သေခါမှ သိခွင့်ရလေသည်
လူထု၏ သတင်းသိပိုင်ခွင့်အတွက်
ပြည်သူ့ဝန်ဆောင်မှုမီဒီယာကြီး၏ အားထုတ်ပုံကား
စံနမူထားကာ ရှောင်ရှားရမတတ်ပေတည့်
အံ့အားသင့်ကြရပါချေ၏။ကြားမနေ ဒိုင်လူကြီးရာထူးရ
ရွေးကောက်ပွဲကော်မရှင်ကြီးကလည်း
စိန်ခေါ်သံ ကြားရသည်နှင့်တစ်ပြိုင်နက်
တိမ်ပေါ်လည်း မတက်နိုင်မည့်တူတူ
သတိပေးချက်တုတ်ကြီးနှင့် လှမ်းရိုက်ချရန်
ကြံကောင်းစည်ရာ ရည်ရွယ်လာလေရာ
ဒီ/ချုပ်မဟာကလည်း ဘွာမခတ်ကြေး
အပြေးတုံ့ပြန်ချေပကာ စွာပြလေ၏
မအံ့သြကြပါနှင့်။ကုလအဖွဲ့တစ်ဖွဲ့ကလည်း ရုံးခန်းငှားခကိုပင်
ကျပ်ငွေသိန်းပေါင်း ရာနှင့်ချီ သုံးစွဲလေ၏
နိုင်ငံတကာအလှူများလည်း သည်နည်းနှင့်
အိမ်ခြံမြေပိုင်ရှင်ခရိုနီများလက်သို့သာ စီးဝင်ပြီး
အဆုံးသတ်အထောက်အကူရမည့်သူများလက်သို့ကား
နှမ်းတစ်စေ့၊ ဆီတစ်စက်ဟူ၍
မစို့မပို့သာ ကြဲပက်ရောက်ရှိကုန်ကြ
မအံ့သြကြပါနှင့်တော့။ပြည်ပမှ လာလုပ်ကိုင်မည့် စီမံကိန်းကြီးအသီးသီးမှာလည်း
ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေ
ပြည်တွင်းက လူမှုအဖွဲ့အစည်းများမှာလည်း
အခက်အခဲ အကျပ်အတည်းတွေက တင်းကြမ်း
စပ်ကူးမပ်ကူးကာလဆီ ဦးတည်ဆဲမှာမို့
သည်သို့သည်နှယ် ဖြစ်ရသည်ဆိုစေဦး
နိုင်ငံသားကျောမွဲများအတွက်မူ
ရွှေရောင်အနာဂတ်ဟူသည့် ရေရှည်အိပ်မက်မတိုင်မီ
ဖုန်ရောင်ပစ္စုပ္ပန်ဒုက္ခအိုးထဲမှာ
ရေမမှန် မီးမလာ ရိက္ခာပြတ် အရိပ်ငတ်နေကြဆဲပေတည့်
အံ့သြကုန်နိုင်ကြပါပေ၏။မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား
ကိုယ့်ချွေးနှဲစာအခွန်အခများကို ရင်းနှီးကာ
စာနယ်ဇင်းလုပ်စားကိုင်စားအတတ်ပညာဖြင့်
ကိုယ့်ကိုပြန် ဝါဒဖြန့်၊ မှိုင်းတိုက်ရန် ကြံလေသည့်
အများပြည်သူဝန်ဆောင်မှုမီဒီယာဘေးမှလည်းကောင်း၊
ပရိုပိုဆယ်နှင့် ဘတ်ဂျက် အမြတ်ထွက်ကြကုန်သည့်
စီမံကိန်းသေးငယ်၊ ရွယ်လတ်၊ ကြီးမဟာတို့ဘေးမှလည်းကောင်း
ကင်းဝေးနိုင်ကြပါစေသတည်း။
ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published. Required fields are marked *