အမြင်အာရုံချို့ယွင်းသော်လည်း ပညာရေးရည်မှန်းချက် ကြီးမားခဲ့

ရန်ကုန်၊ မေ ၁ဝ
ငယ်ရွယ်စဉ်ကတည်းက မျက်မမြင်မဟုတ်သော်လည်း ကလေးဘဝ မှာပင် အမြင်အာရုံမှုန်ဝါးခဲ့ပြီးနောက် အားကြိုးမာန်တက်ပညာဆည်းပူး သင်ယူမှုများဖြင့် ဘဝကို ရေရှည်ကြံ့ကြံ့ခံကာ ဘဝ၏မုန်တိုင်းကြားတွင် လူးလွန့်ကာ ကျော်ဖြတ်ရင်း ပညာဆုံးခန်းတိုင်အောင် သင်ယူခဲ့သော အင်း စိန်မြို့နယ်နေ ကရင်အမျိုးသားတစ်ဦးဖြစ်သူ ကိုစောသာခိုအား ပဲ့တင်သံ၏ မသန်စွမ်းကဏ္ဍတွင် တင်ပြလိုက်ပါသည်။
သူ၏ မသန်စွမ်းဖြစ်လာသောဘဝနှင့်ပတ်သက်ပြီး အတိတ်အကြောင်း ကို ပြန်လည်ကာသုံးသပ်ပြီး ပြောဆိုရာတွင် ”အားတဲ့ကျောင်း ပိတ်ရက် တွေမှာ စာဖတ်တယ်၊ မိဘလုပ်ငန်းကို လေ့လာဆည်းပူးသင်ယူခဲ့တယ်။ ကျွန်တော် ၆ တန်းစာမေးပွဲဖြေဆိုပြီး မျက်လုံးအာရုံကြောတွေ ထိလာခဲ့ တယ်။ ဒီလိုနဲ့ပဲ ညဘက်တွေမှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ ဖြစ်လာ တယ်။ စဖြစ်ခါစက သတိမထားမိခဲ့ဘူး။ နောက်ပိုင်းမှာ မျက်လုံးတွေ ဝါးလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ အာရုံကြောတွေ အားနည်းလာတယ်။ ကျွန်တော်စိတ်ထဲထင်တာကတော့ မျက်စိအာရုံကြောအားနည်းလာတာလို့ပဲ ထင်ခဲ့တယ်။ နောက်ပိုင်း မျက်လုံးကဝါးပြီး အမြင်အာရုံလျော့နည်းလာခဲ့ တယ်။ ဒါကြောင့် မိဘတွေက စိုးရိမ်ပြီး မျက်စိဌာနကို သွားပြခဲ့တယ်။ မျက်စိဆရာဝန်က Reffer လုပ်လိုက်တယ်။ မျက်စိမှာရှိတဲ့ အာရုံကြောတွေ အားနည်းလာတယ်။ တဖြည်းဖြည်းနဲ့ မျက်စိအာရုံက ဝါးလာခဲ့တယ်။ မြင်တော့မြင်ရတယ်။ ခပ်ဝါးဝါးသာမြင်ရတဲ့အဆင့်ကို ရောက်ရှိခဲ့တယ်” ဟု အမြင်အာရုံများ လျော့ပါးသွားရခြင်းအစကို ပြောသည်။
မျက်လုံးဝါးခဲ့ရပြီးနောက် ဘဝကိုကြမ်းတမ်းစွာဖြတ်သန်းရပုံနှင့်ပတ် သက်ပြီး စာသင်ကြားချိန်တွင် မျက်မမြင်စာများကို သင်ယူရန်ခက်ခဲသော ကြောင့် Talking Book ဖြင့်သာ သင်ယူခဲ့ရကြောင်း၊ မျက်လုံးဝါးခြင်း ကြောင့် သင်္ချာများတွက်ယူရာတွင် Whiteboart ဖြင့်သာ စာလုံးကြီးကြီးရေး သားပြီး ကျက်မှတ်ခဲ့ရကြောင်း၊ သတ္တမတန်းမှစပြီး အစိုးရကျောင်းမှ သင်ကြားပေးသော စာများဖြေဆိုရာတွင် ခဝဲခြံမျက်မမြင်ကျောင်းကနေသာ ဖြေဆိုခွင့်ရခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၁ဝ တန်းအထိ ပညာကို အပတ် တကုတ်ကြိုးစားသင်ယူခဲ့ရပြီးနောက် တက္ကသိုလ်တက်စဉ်တွင်လည်း အဝေး သင်ဖြင့်သာ ပညာကို ဆုံးခန်းတိုင်အောင် ဘွဲ့ရသည်အထိ ကြိုးစားသင်ယူ ခဲ့ရကြောင်း ပညာသင်ဘဝအခက်အခဲများအကြောင်းကို ပြောပြခဲ့သည်။
”တက္ကသိုလ်ရောက်တော့လည်း စာတွေကို အခွေထဲသွင်းပြီးတော့ နားနဲ့နားထောင်ပြီး ကျက်မှတ်ရတယ်။ သာမန်သူများထက် နှစ်ဆကြိုးစား ပေးခဲ့ရတယ်။ အားလည်းမလျှော့ခဲ့ရဲဘူး။ လက်ရှိအချိန်တွေမှာ ဖြစ်နိုင်သမျှ စာတွေကို အသံနဲ့ လေ့လာနားထောင်ပြီးသင်ယူခဲ့ရတယ်။ အခုဆိုရင် English စာနဲ့ ဘွဲ့ရခဲ့ပြီးပြီ။ ဘဝကို ခိုင်မာစွာဖြတ်သန်းသွားဖို့ပဲ လိုအပ် တော့တယ်”ဟု ဘဝကို မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်ပြီး မိဘများလုပ်ကိုင်သည့် အလုပ်ကိုသာ ဦးစီးပြီးလုပ်ကိုင်လျက်ရှိကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက ဖခင်၏စေတနာများကို အကြောင်းပြု၍ ဝါသနာနှင့်တစ်ထပ်တည်းကျသော တွံတေးနှင့်မအူပင်မှ ငါးမွေးမြူရေးလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း၊ ဘဝတူ မသန်စွမ်းတွေကို ပညာရေးအရရော၊ ဗဟု သုတပိုင်းအရပါ လက်ဝေဖြန့်ပေးရန်အတွက် မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းတွင် အသင်းဝင်တစ်ဦးအနေဖြင့် ဝင်ရောက်လုပ်ကိုင်နေကြောင်း လည်း ပြောသည်။ ”ဘဝမှာ မျက်မမြင်ဘဝနဲ့ မသန်စွမ်းခဲ့ပေမဲ့ သန်စွမ်း သူတွေလိုပဲ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ဖို့ လိုလားတယ်။ အောင်မြင်စွာ လုပ်ကိုင်နိုင်တဲ့လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လိုတယ်”ဟု အနာဂတ် ဆန္ဒကို ပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published. Required fields are marked *