ဆူရှီသံသရာကရုန်းမထွက်နိုင်

အမေရိက၊ ဇူလိုင် ၂၉
၁၉၈၈ မတိုင်မီက ပြည်ပတွင် မြန်မာနိုင်ငံသားများအထိုက်အလျောက်ရှိကြလင့်ကစား ဦးရေမများလှ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပြည်ပထွက်ခွာရန် ပတ်စ်ပို့စ်၊နိုင်ငံကူးလက်မှတ်ရရှိရန် အလွန်ခက်ခဲသည့်အပြင် ပြည်ပနှင့်အဆက်အဆံလည်းနည်းလေ၍ မြန်မာနိုင်ငံသားများ အမိမြေမှမခွာနိုင်ကြချေ။
ထို့မတိုင်မီကဆိုလျှင်လည်း အိမ်ကိုခင်တွယ်တတ်သောအလေ့ရှိသည့် အပြင် ကိုယ့်မြေကိုယ့်ရွာတွင် ထမင်းနပ်မှန်အောင်စားနိုင်သောကြောင့် အမိမြေကိုမစွန့်ကြသော်လည်း နောက်ပိုင်းတွင်မှ နိုင်ငံရေးအရ၊ စီးပွားရေးအရ အိုးပစ်အိမ်ပစ်အမိမြေမှခွာကြရတော့သည်။ သို့နှင့် ၈၈ အရေးတော်ပုံကြီးနောက်ပိုင်းတွင် ပြည်ပရောက် မြန်မာဦးရေတစ်စတစ်စ များများလာသည်။ ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများတွင် ယခင်ကလာအိုနှင့် ကမ္ဘောဒီးယားဒုက္ခသည်များသာရှိခဲ့ပြီး မြန်မာဒုက္ခသည်ဟူ၍မရှိခဲ့ဘဲ နောက်ပိုင်းတွင်လှိမ့်ဝင်လာကြသည်။ တချို့သည် ဒုက္ခသည်စခန်းများတွင်ခိုလှုံကြပြီး ထိုမှတစ်ဆင့် တတိယနိုင်ငံများသို့ရောက်လာကြသည်။
ဆွီဒင်၊ နော်ဝေးအစရှိသောနိုင်ငံများသို့ ရောက်လာသူများသည် ရောက်သည့်နိုင်ငံကဘာသာစကားကို မသင်မနေရသင်ကြားရသည်။ အမေရိကန်လို နိုင်ငံမျိုးတွင်တော့ အင်္ဂလိပ်စာသင်ကြားခွင့်ရသော်လည်း တချို့ဆိုလျှင် စားဝတ်နေရေးအတွက် ဦးစားပေးလုံးပန်းရလေသည်။ ထိုသူများထဲတွင် ယခု မက်ဆီချူးဆက်ပြည်နယ် ဘော်စတန်မြို့ ရောက်နေသည့် ကိုသန်းတိုးအောင်လည်းပါဝင်သည်။
ဒေသကောလိပ်တက်နေတုန်း ၈၈ အရေးအခင်းကဖြစ်သွားတယ်လေ။ ကျောင်းကလည်း လည်ပင်းသာဘယ်လောက်ရှည်ရှည် မဖွင့်နိုင်တော့မျှော်သူသာမောရပါတယ်။ အလုပ်အကိုင်လည်းမရှိ၊ ကျောင်းလည်းမတက်ရ၊ ယောင်ချာချာဘဝနဲ့ ရှေ့ဆက်ဘာလုပ်ရမှန်းမသိတော့ အများယောင်သလို လိုက်ယောင်ပြီး အမေရိကန်ကခေါ်တဲ့ DV-Green Card လျှောက် လိုက်တာ ကံကောင်းလား၊ ကံဆိုးလားမသိဘူး မဲကပေါက်သွားရော ဟု အမေရိကားရောက် ဗမာတစ်ယောက်၏ပထမခြေလှမ်းကို စပြောသည်။
ကောလိပ်ကျောင်းသားသာဖြစ်သော်လည်း ကိုသန်းတိုးအောင်သည် အများနည်းတူ အင်္ဂလိပ်စာနှင့်အင်္ဂလိပ်စကားပြော မကျွမ်း။ သို့သော်ကျောင်းဖွင့်ရက်စောင့်ပြီး အချိန်ထိုင်ဖြုန်းနေမည့်အစား တစ်ခုခုစွန့်စားရမည်မို့ သစ်ရွက်ကြွေကျပုံပင် ကာလမတူသော အမေရိကားသို့ရောက်လာသည်။ ဗမာပြည်၌နွေဦးတွင် သစ်ရွက်ကြွေ၍ အမေရိကန်တွင်သစ်ရွက် ကြွေသည်က ဆောင်းဦးရာသီ။
ကျွန်တော့သူငယ်ချင်းရှိတဲ့ ပြည်နယ်ပဲသွားရတာပေါ့။ ထုံးစံအတိုင်း ဗမာပြည်က ဆရာဝန်တောင် အမေရိကားရောက်လာရင် ဆရာဝန်တန်း လုပ်လို့မရဘဲ စာမေးပွဲအဆင့်ဆင့်ဖြေရတာဆိုတော့ ကျွန်တော်လို ဘွဲ့မရ ကျောင်းတန်းလန်းနဲ့ကောင်၊ နောက် ဘာသာစကားကလည်း သိပ်မကျွမ်း တော့ နေဖို့စားဖို့အတွက် ဆူရှီပဲလိပ်ရတော့တာပေါ့ ဟုဆိုကာ ဒုတိယခြေလှမ်းကို ပြန်ပြောင်းပြောသည်။
တစ်နေကုန်မတ်တပ်ရပ်ကာရေခဲရိုက်ငါးများကိုင်၍ ပင်ပင်ပန်းပန်းဆူရှီလိပ်ရသည်မှာ ငွေစရွှင်လင့်ကစား အခြားမည်သည့်အရာမျှ မလုပ်နိုင်တော့ချေ။ ကျောင်းလည်းဆက်မတက်နိုင်၊ သက်မွေးဝမ်းကျောင်းပညာတစ်ရပ်ရပ်ကိုလည်း မဆည်းပူးနိုင်တော့သောကြောင့် ဆူရှီက ပိုက်ဆံရတာတော့မှန်ပါရဲ့။ ဆယ်နှစ်ဆယ်မိုးလုပ်နေတာတောင် ကျွန်တော် အိမ်မဝယ်နိုင်သေးဘူး။ ဗမာပြည်ထဲ လှမ်းထောက်ပံ့နေရတာကိုး။ ထောက်ပံ့စရာလူမရှိတဲ့လူတွေကတော့ ခဏနဲ့ အိမ်ဝယ်နိုင်ပါတယ် ဟု မပြေလည်နိုင်သေးသော နေထိုင်ရေးဒုက္ခကို တတိယပြဿနာအဖြစ်ရင်ဖွင့်သည်။
သုတေသနပြုချက်များအရဂျပန်လူမျိုးများသည် ဉာဏ်ကောင်းကြ သည်ကို တွေ့ရသည်။ အကြောင်းရင်းကို ဆန်းစစ်သည့်အခါ ဂျပန်လူမျိုးများငါးစားကြ၍ ဉာဏ်ကောင်းကြသည်ဟု ယေဘုယျအားဖြင့် တွေ့ရှိရသည်။ ဂျပန်များဉာဏ်ကောင်းကြသည်ကို အားကျပြီးနောက် အသားအစားများသော အမေရိကန်များလည်း ငါးအစားများလာကြပြီး ဆူရှီကိုပါကြိုက်လာကြသည်။
ဆူရှီကအဆီမပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တယ်၊ ငါးပါတယ်၊ အရွက်ပါတယ်၊ လတ်ဆတ်တယ်ဆိုပြီး အမေရိကန်တွေ စားကြတယ်။ လတ်ဆတ်တယ်ဆိုတာကလည်း တကယ်တမ်းတော့ အအေးရိုက်ထားတဲ့ငါးနဲ့လုပ်တာပါပဲ။ ဒါပေမဲ့ ဒီနေ့လုပ် ဒီနေ့ရောင်းပဲ။ နောက်ရက်ကူးလို့မရဘူး။ ကျန်ရင်လွှင့်ပစ်ရတာ။ ဒီမှာက လူတစ်ယောက် ရုတ်တရက်နေမကောင်းလို့ ဥပမာ ဝမ်းပျက်တာမျိုးလို ဖြစ်လို့ ဆရာဝန်ပြတဲ့အခါ ဘာစားလဲ၊ ဘယ်သွားလဲမေးတဲ့အခါ ဘယ်ဆိုင်ကဘာစားပါတယ်ဆိုရင် အဲဒီဆိုင်တော့ အနည်းဆုံးအမေးမြန်းခံရရော။ တချို့ဆိုဆိုင်ပါအသိမ်းခံရတယ်။ သိပ်သတိထားရတာ။ တစ်ဆင့် ယူရတဲ့ကုမ္ပဏီကလည်း သိပ်အကဲဆတ်တာ။ နာမည်ပျက်မခံဘူးလေ၊ ကုမ္ပဏီကတော့ဂျပန်တွေများပါတယ်။ ခုနောက်ပိုင်း ကိုရီးယားတို့ တရုတ်တို့လည်း ဆူရှီကုမ္ပဏီထောင်လာကြတယ်၊ ဂျပန်တွေလောက်တော့မအောင်မြင်လှပါဘူး။ ဗမာပိုင်လည်း ရှိတယ်လေ၊ ဖိလစ်မောင်ဆိုတာ သမ္မတအိုဘားမားကတောင် အသေးစားလုပ်ငန်းရှင်ဆိုပြီး ချီးကျူးသေးတာ။ အမေရိကန်မှာ ဆူရှီဆိုင်ချည်း ၃၈၀ဝ ကျော်ရှိပြီး ၂၀ဝ၀ ပြည့်နှစ်က ၂၀ဝ၅ ခုထိ ဆူရှီစားတဲ့လူ ၄၀% တိုးလာ တယ်လို့ပြောကြတယ်။ ဖောက်သည်တွေကတော့ အမေရိကန်တွေပဲများပါတယ်။ ဗမာတွေကတော့ တော်ရုံတန်ရုံနဲ့ဝယ်မစားကြပါဘူး။ ဂျပန်မှာ အလုပ်သင်ဘဝနဲ့ ၂ နှစ်လောက်ဆန်ချက်နည်း၊ ဆန်ပြင်ဆင်နည်းသင်ရ ပြီး ငါးကိုင်နည်းကို ၃ နှစ်လောက် သင်ရတာတဲ့။ ဒီမှာတော့ လပိုင်းလောက်ပဲကြာတယ်။ ဗမာတွေသာမကမက္ကဆီကန်တွေ လက်တင်အမေရိက လူတွေပါလုပ်နေတာ။ အရင်တုန်းကတော့ ဘာဘာညာညာ စစ်ဆေးမနေပေမဲ့ ခုတော့တရားဝင်အလုပ်လုပ်ခွင့်ရှိသူတွေကိုပဲ လက်ခွဲဆိုင်တွေချ ပေးတော့တယ်။ အမေရိကားလိုနေရာမျိုးမှာသင်စရာပညာတွေ အများကြီးရှိပေမဲ့ ဒါတွေဘက်မလှည့်နိုင်ဘဲဆူရှီကနေ ပိုက်ဆံရနေတော့ ဒီသံသရာမှာပဲ တဝဲလည်လည်ဖြစ်နေရပါပြီဟု ရုန်းမထွက်နိုင်သော ဘဝသံသရာအကြောင်း ခံစားချက်အပြည့်ဖြင့်ဖွင့်ချခဲ့သော ဗမာတစ်ယောက်အတွက်ဖြေဆည်ရာစကားအဖြစ် ကိုသန်းတိုးအောင်လိုလူစား အများသားဟုသာ မှတ်ချက်ချရပါတော့မည်။
ဝ၃၇

Leave a Reply

Your email address will not be published.