အယ်ဒီတာ့စကား

အစိုးရ၏ စေတနာနှင့် အမြော်အမြင်ကို မေးခွန်းထုတ်ခြင်း

ပြုပြင်ပြောင်းလဲရန် ကြိုးစားမည်ဆိုသည့် အစိုးရတက်လာပြီးနောက်တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အားထုတ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ သို့သော် ယင်းအစိုးရသည် သူ့သက်တမ်း ၅ နှစ်၏ နောက်ဆုံးနှစ်သို့ ရောက်သည့်အခါတွင်မူ ထိုအားထုတ်မှုများကို စိတ်စေတနာ၊ ဉာဏ်အမြော်အမြင်တို့ဖြင့် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ အရေခွံပြောင်းကာ လက်ထဲအောင်းမြဲအောင်းထားသည့် နိုင်ငံ့အာဏာကို   လက်လွတ်မခံနိုင်သဖြင့် နိုင်ငံသားများ အပါအဝင် ကမ္ဘာ့လူထုအမြင်မှာ အဆင်ပြေစေရန်မျှသာ ရည်ရွယ်ဆောင်ရွက်နေခြင်းဟု ယူဆနိုင် သည့်အပြုအမူများကို ပြုမူ လာခဲ့လေသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ကြိုးပမ်းမှုများမှာ မြန်မာ့သမိုင်းတလျှောက် မမှန်းနိုင်လောက်သည့်အနေအထားထိ ရောက်ရှိအောင် ကြိုးပမ်းခဲ့သော်လည်း ကချင်ပြည်နယ်တွင်း လက်နက်ကြီးများ ကျရောက်အောင် စွမ်းဆောင်ခြင်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်နိုင်ခြေအပေါ် လူထု၏ သံသယက ခိုင်မာလာခဲ့ပြန်သည်။   ထို့နောက် တပ်မတော်အနေဖြင့် မီဒီယာပေါ်မှာ မျက်နှာပန်းပွင့်လာ နိုင်မည့်နည်းလမ်းများကို စတင်ကြိုးပမ်းလာခဲ့သည်။ စာနယ်ဇင်း ကောင်စီဟူသည့် တံတားမှတစ်ဆင့် လွတ်လပ်သောပုဂ္ဂလိကမီဒီယာများကို ဝါဒဖြန့်ယန္တရားအတွင်း ဝင်ရောက်စေရန် ကြိုးပမ်းလာခဲ့ သည်။ ထိုအခါ အဓိကပြဿနာဖြစ်လာသည်မှာ အစိုးရရော တပ်မတော်ပါ နိုင်ငံတော်၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ပြည်တွင်းပြည်ပမူဝါဒများကို သတ်သတ်မှတ်မှတ် ချမှတ်ပြဋ္ဌာန်းခြင်း၊ ခံယူကျင့်သုံးခြင်းများ မရှိမှု ဖြစ်ပါသည်။

တပ်မတော်၏ အခန်းကဏ္ဍကို နိုင်ငံသားများက ယခင်ထက် ပို၍အသိအမှတ်ပြုလာသည့် အခိုက်အတန့်မှာ လောက်ကိုင် တိုက်ပွဲများ စတင်ချိန် ဖြစ်သည်။ ထိုအချိန်တွင် သတင်းသမားများအား မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် အရေးယူနိုင် သည်ဟု တပ်မတော်က တာဝန်ရှိသူတစ်ဦးအနေဖြင့် သတိပေးမှုလည်း ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် လောက်ကိုင်တိုက်ပွဲများကို ဝါဒဖြန့်ချိရာတွင် ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့အား အိမ်နီးချင်းတရုတ်က အားပေးကူညီကာ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးသည့်အတွက် တွေ့ဆုံညှိနှိုင်းမည် မဟုတ်ဘဲ အပြုတ်တိုက်ချေမှုန်းသွားမည်ဟုဆိုလာရာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး၌ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းမည်လော၊ လက်နက်ကိုင်တိုက်ပွဲနည်းဖြင့် ဖြေရှင်းမည်လောဟူသည့် နိုင်ငံတော် ၏ နိုင်ငံခြားရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ပြတ်သားမှုမရှိသည်ကိုသာ တွေ့ရသည်။ ထို့နောက် ပြည်တွင်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကလည်း ကိုးကန့်လက်နက်ကိုင်များကို အားပေးကူညီနေသည်ဟု ပြောဆိုမှုများ ရှိလာသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေပြီး မီဒီယာနှင့်လူထု၏ စိတ်ဝင်စားမှုရေချိန်က ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ပြောင်းလဲကျရောက်သွားချိန်တွင် တရုတ်ပိုင်မြေထဲ မြန်မာ့တပ်မတော်က ပစ်လိုက်သည်ဆိုသော ဗုံးကျခဲ့ရာမှ တရုတ် နိုင်ငံသားများ သေဆုံးခဲ့ကာ တရုတ်က ကြီးစွာသော ရာဇသံကို ပေးလာခဲ့ရာ ချက်ချင်းပင် ဝမ်းနည်းကြောင်းဆိုခဲ့ရသည်။

ထိုအခြေအနေမျိုးတွင် ပြည်တွင်းအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများသို့ပင် တက်ရောက်ဆွေးနွေးမှု မရှိတော့သည်မှာ ကြာပြီ ဖြစ်သော၊ ကိုးကန့်လက်နက်ကိုင်များဘက်မှ အားပေးကူညီခဲ့သည်ဟု စွပ်စွဲခံထားရသည့် ကေအိုင်အိုမှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့က နေပြည်တော်မှာ တွေ့ဆုံလာကြသည်။ ကေအိုင်အိုမှ ဗိုလ်ချုပ် ဂွန်မော်က ကိုးကန့်အရေးကိုလည်း တွေ့ဆုံဆွေးနွေးအဖြေရှာသင့်သည်ဟု ဆိုဖူးသူဖြစ်သည်။ လတ်တလောမှာ အပစ်ရပ် စာချုပ်အတွက် တွေ့ဆုံဆွေးနွေးမှုများလည်း ပြန်လည်စတင်နေပြီဖြစ်သည်။

သို့ဖြစ်ရာ ကိုးကန့်အရေးကို တပ်မတော်၏အခန်းကဏ္ဍအတွက် မြွေမသေ တုတ်မကျိုး ဆက်အချိန်ဆွဲရင်း တစ်ဖက်ကလည်း အပစ်ရပ်စာချုပ်အတွက် ကင်းကွာတိုင်းရင်းသားလက်နက်ကိုင်များနှင့် အဆင်ပြေအောင် ကြိုးစားနေခြင်းသည် အိမ်နီးချင်း တရုတ်၏ ဖိအားကို မည်မျှတောင့်ခံနိုင်ရန် အကျိုးပြုနိုင်မည်နည်း၊ ပြည်တွင်းလူထု၏ ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့် ချက်ကို မည်မျှဖြည့်စွမ်းပေးနိုင်မည်နည်းဟု မေးရန်သာ ရှိပါသည်။ သည်အမေးအတွက် အဖြေကသာ လက်ရှိအစိုးရအတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် စိတ်စေတနာနှင့် ဉာဏ်အမြော်အမြင် မည်မျှရှိသည်ကို ပေါ်လွင်စေမည်ဖြစ်ကြောင်း အသိပေးအပ်သည်။

နိုင်ငံသားတို့အသံကို လွတ်လပ်စွာ ပဲ့တင်ထပ်စေမည်။

အယ်ဒီတာ

More from အယ်ဒီတာ့စကား

မှန်ချင်လျှင် အမှားကို ပြင်ရဲသည့် သတ္တိကို မွေးပါ

လူမှန်လျှင် မှားတတ်ပြီး အစိုးရမှန်လျှင်လည်း မှားတတ်သည်မှာ အမှန်တရားတစ်ခုပင် ဖြစ်နေပေသည်။ စင်စစ် မှားတတ်ခြင်းသည် ပြဿနာမဟုတ်ဘဲ ထိုအမှားကို သင်ခန်းစာယူကာ အမှန်ဖြစ်အောင် ပြုပြင်လိုစိတ် မရှိခြင်း သည်သာ ပြဿနာဖြစ်ပါသည်။ လတ်တလော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် သပိတ်များအရေးတွင် အစိုးရဘက်က အမှားများစွာကို ပြောင်ပြောင်တင်းတင်း အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။ read more

ရိုးသားစွာ အဖြေရှာကြပါ

နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို နိုင်ငံ့အရေးဖြေရှင်းရန် အသုံးပြုအပ်သည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် အစိုးရနှင့် လွှတ်တော်ကပါ သုံးစွဲလာပြီဟု အမျိုးသားပညာရေးဥပဒေ ဆိုင်ရာကိစ္စတွင် သုံးသပ်ခဲ့ဖြစ်သည်။ သို့သော် လူကြီးလူကောင်းတို့၏ ကတိကဝတ်ကို လူကြီးလူကောင်း မပီသသူများက မတည်နိုင်ခဲ့ကြပေ။ read more