ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် ရသစာတမ်း

သူကျခဲ့တဲ့ မျက်ရည်တစ်ပေါက်

တာဝန်ကျသူနာပြုဆရာမလေး ဆေးလာတိုက်သည်ကို “မသောက်ချင်ဘူး” ဟူ၍ ငြင်းဆန်ခဲ့သောလူနာတစ်ဦး ရှိခဲ့ဖူးသည်။ ဆရာမလေး ပြန်ထွက်သွားသောအခါ လူနာက သူ့သူငယ်ချင်းကို ဇွတ်တောင်းဆိုသည်။

“ဟေ့ တင်ဦး သွားပြောချေ၊ မခင်ကြည်တိုက်မှ သောက်မယ်လို့”

ထမင်းစားချိန်တန်၍ နောက်တစ်ကြိမ်ရောက်လာသော သူနာပြုဆရာမလေးကိုလည်း နောက်တစ်ကြိမ် ထပ်မံငြင်းဆန်ခဲ့ သေးသည်။

“မခင်ကြည်ကျွေးမှစားမယ်” ဇွတ်ချည်းပဲဖြစ်သည်။ သခင်တင်ဦးက ဆရာမလေး မခင်ကြည်ကို မရဲတရဲပြောရသည်။ သူ့သူငယ်ချင်း ဂျီကျဆိုးနွဲ့နေသည်ကို တိုးလျှိုးတောင်းပန်ရသည်။ များမကြာမီ ထူးဆန်းသောစကားကို ပြောဆိုပြန်သည်။

“ငါ့ကို အင်္ကျီ၊ လုံချည် ဝယ်ပေးစမ်းပါကွာ”

“ဘာလုပ်ဖို့လဲ”

“မိန်းမယူတော့မလို့ကွ”

သခင်တင်ဦး ပါးစပ်ပြဲသွားသည်။

အလံပြဘုရားလမ်း၊ ဘီအိုင်အေ ဆေးရုံကြီးပေါ်၌ သူသည် နတ်ဒေဝတာတစ်ဦးမဟုတ်ကြောင်းနှင့် လူသား စင်စစ် ဧကန်ဖြစ်ကြောင်း ကိုယ်ထင်ပြခဲ့ခြင်းဖြစ်သည်။

အသက် ၂၂ နှစ်တွင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဖြစ်လာသူ၊ အသက် ၂၇ နှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ စစ်သေနာပတိနှင့် ၂၈ နှစ်တွင် မေဂျာဂျင်နရယ်ဖြစ်လာသူ။ အသက် ၃၀ အရွယ်တွင် ဖဆပလ ဥက္ကဋ္ဌ အဖြစ်သို့လည်းကောင်း၊ ကျွန်တော်တို့နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီးအဖြစ်သို့လည်းကောင်း ရောက်ရှိနေခဲ့သူအား ကျွန်တော်တို့ ငယ်စဉ်က ပုံပြင်ထဲကသူရဲကောင်း ထင်ခဲ့သည်။ ဒဏ္ဍာရီထဲက နတ်ဒေဝတာတစ်ပါးထင်ခဲ့သည်။ လူသားစင်စစ် ဧကန်ဖြစ်ပါ့မလား ယုံမှားခဲ့သည်။

ထိုသို့ ယုံမှားရအောင်လည်း သူက အံ့သြချီးကျူးဖွယ်ရာ အရည်အချင်းများနှင့် ထူးချွန်ထက်မြက်သော လူငယ်တစ်ဦး ဖြစ်ခဲ့သည်။ အရွယ်မတိုင်မီ ရင့်ကျက်ခဲ့သည်။ မြန်မာလူထုတစ်ရပ်လုံး၏ နှလုံးသည်းပွတ်ဖြစ်ခဲ့ရုံမျှမက တစ်မြေတည်းနေ သွေးချင်းညီအစ်ကိုတို့၏ ယုံကြည်မှု၊ကိုးစားမှု၊ အာရှတိုက် ခေါင်းဆောင်တို့၏ လေးစားမှုကိုရခဲ့သည်။ အင်မတန် ကိန်းခန်း ကြီးသော မောင့်ဘက်တန်လို တော်ဝင်ပုဂ္ဂိုလ်တို့၏ အလေးထားမှုကိုရခဲ့သည်။ ဤ သည်ကို မည်သူမျှ အငြင်းပွားဝံ့စရာ မရှိ တန်ရာပါ။

သို့အတွက် သိဒ္ဓတ္ထမင်းသားသည် ကျွန်တော်တို့နှင့် အလှမ်းဝေးသကဲ့သို့ သူသည် ကျွန်တော်တို့ကဲ့သို့ လူသားမဟုတ်ဟု ငယ်ဘဝတစ်လျှောက်လုံးတွေးကာ အလှမ်းဝေးနေခဲ့သည်ကို ဝန်ခံလိုပါသည်။

ကျွန်တော့်ကို လင်းပွင့်သွားစေခဲ့သည်မှာ ညဉ့်ဦးယံ စာဟောသဘင်တစ်ခု ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသ နတ်တော်ညတစ်ည၏ နှင်းဝေမှုန်မှုန်ထဲတွင် ကျွန်တော်သည် ဗိုလ်ချုပ်ကို လူသားတစ်ယောက်အဖြစ် စတင် တွေ့သိ၊ ခံစားခဲ့ရခြင်းဖြစ်သည်။

ဆရာကျော်အောင်သည် အပျံစားအဟောအပြောသမားတစ်ဦးမဟုတ်ခဲ့ပါ။ မျက်ရည်တောက်တောက်ကျတော့မလို ကူလီကူမာ အမူအရာမျိုး မလုပ်တတ်ပါ။လိုအပ်သည့်နေရာတွင် လိုသလောက် ကိုယ်ဟန်အမူအရာဖြင့် “ရောက်” သွားအောင် ပြောဆိုနိုင် သူမျှသာ ဖြစ်ပါသည်။

ထိုညက ကျွန်တော်တို့ နှလုံးသည်းပွတ်ခေါင်းဆောင်၏ လက်ထပ်မင်္ဂလာပွဲကို ခင်းကျင်းပြောပြနေခြင်းဖြစ်သည်။

ပြိုးပြက်လင်းလက်နေသည့် မင်္ဂလာအခမ်းအနားသည် မင်္ဂလာသတို့သား၏ ကြီးမြတ်သောဂုဏ်ရည်ကြောင့် ပို၍ဖိတ်လက် ပြိုးပြက်နေလိမ့်မည်၊ သိုက်မြိုက်နေလိမ့်မည်၊ အပြုံးပွင့်တွေ တဖျပ်ဖျပ်လက်၍ တောက်ပနေလိမ့်မည်ကို ယုံမှားဖွယ်မရှိပါချေ။ ထိုအချိန်တွင် သတို့သား၏ သူငယ်ချင်းတစ်သိုက် ဝင်ရောက်လာခြင်းဖြစ်သည်။ ထိုအချိန်တွင် တဇွတ်ထိုးသတို့သားကြီးသည် ပရိသတ်ဗိုလ်ပုံအလယ်၌ သတို့သမီး၏ခါးကို ရုတ်တရက် ဆွဲဖက်လိုက်သည်။

“ဟေ့ရောင်တွေ၊ ဟေ့ရောင်တွေ တင်ဦး။ ဒီမယ် တွေ့လား၊ တွေ့လား။ မင်းတို့ မရဘူး။ ငါ ရတယ်”

ပရိသတ်တို့ ဝေါခနဲပြိုကျသွားသည်။ ကျွန်တော်သည် ထိုအခမ်းအနား၊ ထိုအခင်းအကျင်းနှင့် ချစ်ခင်ကြည်မောဖွယ်ရာ ထိုအဖြစ်အပျက်လေးကို နှစ်ပေါင်းများစွာ ရင်ခုန်စွဲလမ်းနေမိသည်။

တစ်တိုင်းတစ်ပြည်လုံး၏ နှလုံးသည်းပွတ်ဖြစ်နေပြီဖြစ်သော လူငယ်တစ်ယောက်သည် သူချစ်မြတ်နိုးသော နှင်းဆီတစ်ပွင့်ကို ပိုင်ပိုင်နင်းနင်း ခူးဆွတ်ခွင့်၊ နမ်းရှိုက်ထွေးပိုက်ခွင့်ရရှိသောအခါ၌ သူ၏ရင်ခုန်သံကို သိမ်းဆည်းမထားနိုင်လောက်အောင်ကိုပဲ သူ့သူငယ်ချင်းများအပေါ် ဂုဏ်ယူ၀င့်ကြွားလိုက်ပုံမှာ မည်မျှလူသားပီသလိုက်ပါသနည်း။ မည်မျှပွင့်လင်းလိုက်ပါသနည်း။ မည်မျှရိုးစင်းလိုက်ပါသနည်း။ မည်မျှချစ်ခင်စရာ ကောင်းလိုက်ပါသနည်း။

ဆရာဟောခဲ့သည်မှာ နှစ်သုံးဆယ်ခန့်ပင် ရှိတော့မည်။ သို့သော် ကျွန်တော်သည် နတ်ဒေဝတာတစ်ပါးကဲ့သို့ အောင်မြင် ထင်ရှားသော ဧရာမပုဂ္ဂိုလ်ကြီး တစ်ဦး၏ ပကတိလူသားအဖြစ်ကို တွေ့မြင်ခွင့်ရခဲ့သည့် တစ်ညချမ်းကို ကျေးဇူးမမေ့နိုင် ပါချေ။

သူ၏ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှု၊ ရင့်ကျက်မှု၊ ပြတ်သားမှု၊ ဘုကန့်လန့်ကျမှု၊ လွတ်လပ်ရေးအတွက် တစ်ချိန်လုံးတွေးတော ကြံစည်၊ ဉာဏ်နီဉာဏ်နက်ထုတ် လုပ်ဆောင်ခဲ့သောအချက်များသည် ခမ်းနားလှပါသည်။ သို့သော် ထိုသူတစ်ယောက်၏ သက်ရှိလူသားအဖြစ်သည် ထိုသို့သော ခမ်းနားမှု၊ ကြီးကျယ်မှုများအောက်တွင် ပျောက်ဆုံးသွားတတ်ပါသည်။

လွတ်လပ်ရေးနှင့် တပ်မတော်၏ဖခင်၊ နိုင်ငံနှင့် သမိုင်းကပင် ရာစုနှစ်များချီ၍ မျှော်လင့်စောင့်စားခဲ့ရသော အမျိုးသား ခေါင်းဆောင်၊ သူကွယ်လွင့်ကြေပြုန်း ခဲ့စဉ်က တစ်ပြည်လုံး ကြိမ်မီးအုံးသကဲ့သို့ သည်းစွာငိုကြွေးပူဆွေးခဲ့ရသော အာဇာနည်။

ဖတ်ခဲ့ပါသည်။ နှမြောလွမ်းဆွတ်ခဲ့ပါသည်။ ဦးခိုက်ခဲ့ပါသည်။

သို့သော် ထိုခေါင်းဆောင်ကြီး၏ ခမ်းနားကြီးကျယ်မှုသည် သူ၏ လူသားစရိုက် ပီပြင်သောပုံကားချပ်၌သာပဲ ပို၍ရုန်းကြွ၊ ပို၍ တောက်ပလာနိုင်သည်ဟု ကျွန်တော်ထင်သည်။ အသက်ဝင်ရှင်သန်သည်ဟု ကျွန်တော်ထင်သည်။

သမဂ္ဂဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်သော စစ်ကိုင်းကျောင်းသားတစ်ဦးအား ဒေါသမထိန်းဘဲ ထိုးမည်ကြိတ်မည် လုပ်ခဲ့သော စိတ်လိုက်မာန်ပါ အမူအရာကို ကျွန်တော်ကြိုက်၏။ သမဂ္ဂကို အယုံအကြည်မရှိ အဆိုပြုခဲ့သော ညိုမြအား ပြစ်တင်ရှုတ်ချပြီးနောက် တစ်ပတ်အကြာတွင် မိမိ၏ ရှုတ်ချချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကျောင်းဆောင်များတွင် ကြေညာချက်ထုတ်ခဲ့သည်ကို ကျွန်တော်ကြိုက်၏။ သူ့ကိုချစ်ကြည်ညိုစိတ်နှင့် သူ့မိန့်ခွန်းကိုလာနားထောင်နေသော လူထုကြီး အား အိညက်အိညက်မလုပ်ဘဲ ခပ်ပြတ်ပြတ် ကြိမ်းမောင်းခဲ့သည်ကို ကျွန်တော်ကြိုက်၏။ တစ်သက်လုံးမှာမှ ကံကောင်းလှစွာ မိန်းမတစ်ယောက်သာ ရရှိခဲ့ဖူးသော်လည်း မိန်းမတစ်ယောက်မျှ မရရှိခဲ့ဖူးသော စာရေးဆရာအား “လင်မယားဘဝမှာ အနုပညာလိုတယ်ကွ” ဟု လူတတ်ကြီးလုပ်၍ အထက်စီးက သွန်သင်ခဲ့သည့်အမူအရာကို ကျွန်တော်ကြိုက်၏။(တော်လှန် ရေးမှာလည်း အနုပညာရှိတယ်ကွ ပြောသောစကားမှာမူကား ဦးညွှတ်စရာဖြစ်၏) သူလက်ထပ်ပြီးစ၊ အင်းလျားကန်စောင်း နေအိမ်ဧည့်ခန်းသို့ နှုတ်ခမ်းနီများ ပေကျံလျက် ဧည့်သည်ထွက်တွေ့ခဲ့သော အမူအရာကို ကျွန်တော်ကြိုက်၏။

လူ့စရိုက်ပီပြင်သောကြောင့် ဖြစ်ပါသည်။ လူသားအဖြစ် တည်ရှိခဲ့မှု သေချာသောကြောင့် ဖြစ်ပါသည်။

လူဆိုသည်မှာ ဒေါသရှိမည်၊ သောကရှိမည်၊ အမှန်ရှိမည်၊ အမှားရှိမည်။ အချစ်ရှိမည်၊ အမုန်းရှိမည်။

ဝမ်းသာတတ်သည်၊ ဝမ်းနည်းတတ်သည်၊ လွမ်းတတ်သည်၊ ကြေကွဲတတ် သည်၊ ရယ်မောတတ်သည်၊ ငိုကြွေးတတ်သည်။

သူသည်ငိုကြွေးခဲ့ဖူးသလော။ အံ့မခန်း ချီးကျူးလေးစားဖွယ်ရာ အမျိုးသားခေါင်းဆောင်ကြီးသည် မျက်ရည်ကျခဲ့ဖူးသလော။

ဗိုလ်ချုပ်ငိုသော ညတစ်ညကို ပြန်ပြောပြပါမည်။

၁၉၄၆ ခုနှစ်တွင် သူ့အသက် ၃၁ နှစ်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်၊ မြန်မာပြည်သူတို့၏ အသည်းနှလုံးဖြစ်နေပြီ။

စိုက်ပျိုးရေးပါရဂူဖြစ်ခဲ့ဖူးသော ဒေါ်မန်စမစ်သည် ရည်မွန်သော ပညာတတ် တစ်ဦးလည်းဖြစ်သည်။

၁၉၄၁ ခုနှစ်ကတည်းက ဘုရင်ခံအဖြစ် မြန်မာပြည်သို့ ရောက်လာခဲ့သူ ဖြစ်သည်။

နိုင်ငံရေးအရ တစ်ဦးနှင့်တစ်ဦး မျက်ခြည်မပြတ် စောင့်ကြည့်နေရသူများ ဖြစ်ပါလိမ့်မည်။ သို့သော် သူတို့နှစ်ဦးသည် ခင်မင် ရင်းနှီးကြသည်။ တစ်ညတွင် သူက ဒေါ်မန်စမစ်ထံသို့ ဖုန်းဆက်သည်။ လာတွေ့လိုသည်ဟုပြောသည်။ လူငယ်တစ်ဦး၏ အရွယ်ကို ကျော်လွန်စပြုပြီဖြစ်သောသူ့ကို ဒေါ်မန်စမစ်က နွေးထွေးစွာကြိုခဲ့သည်။ မိတ်ဆွေချင်းနွေးထွေးသော ဆက်ဆံရေး မှာ ရံဖန်ရံခါ ထူးဆန်းတတ်ပါသည်။ ညီအစ်ကိုချင်း ပြောမထွက်သော ရင်ဖွင့်စကားကို မိတ်ဆွေချင်း လွယ်လင့်တကူ ပြောထွက်နိုင်သော သဘောမျိုး ဖြစ်မည်ထင်ပါ သည်။

ထိုညညဉ့်ဦးယံ၏ မိတ်ဆွေနှစ်ဦးဆက်ဆံရေးက ညင်သာပျောင်းနွဲ့လှသည်။

“ကျွန်တော် အထီးကျန်လွန်းတယ်ဗျာ”

သူ့ထံမှ မမျှော်လင့်သောစကားကို ကြားသောအခါ ဒေါ်မန်စမစ် အံ့သြသွားသည်။

“ဘယ်လိုအထီးကျန်ဖြစ်နိုင်မှာလဲ၊ ခင်ဗျားဟာ ပြည်သူ့အသည်းကျော်ပဲ မဟုတ်လား”ဟု နှစ်သိမ့်လိုက်သည်။

“ကျွန်တော်က ပြည်သူ့အချစ်တော်ဖြစ်အောင် လုပ်တာမဟုတ်ဘူး။ ကျွန်တော့်တိုင်းပြည် လွတ်လပ်အောင် လုပ်တာပါ”

ဤကား သူ၏ရိုးသားဖြူစင်သော သဘာဝကို အရင်းအတိုင်း ဖော်ပြနိုင်သော စကားဖြစ်သည်။ သို့သော် ထိုအချိန်က သူသည် ပြည်သူလူထုတစ်ရပ်လုံး၏ အသည်းနှလုံး ဖြစ်နေသကဲ့သို့ တစ်ချိန်တည်းတွင် နိုင်ငံရေး လက်ဟောင်းကြီးများက သူ့အပေါ် လူထုကြည်ညိုမှုကို မနာလိုဖြစ်နေခဲ့သည်။ သူ၏ခေါင်းဆောင်မှုကို သူ့ထံမှ လွှဲယူလိုကြသည်။ တစ်ခါတစ်ရံ မနာလို မရှုစိမ့်မှု သည် ပြင်းထန်သော အမုန်းတရားကို မွေးဖွားပေးတတ်သည်။ သူက ထိုအချက်ကို နာကျင်နေခြင်း ဖြစ်နိုင်သည်။ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးအပေါ် တစ်ဘဝလုံးပုံအပ်ထားခဲ့ သော လူရွယ်လေးတစ်ယောက်အနေဖြင့် ထိုအမုန်းတရားများအတွက် ခါး သီးနာကျင်စရာ ဖြစ်မည်သေချာသည်။

“ဒါပေမဲ့ အဲဒီလိုလုပ်ရင်း ဘဝဟာ အထီးကျန်လာတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ခဲ့ဘူး”ဟု ပြောရင်းက သူမျက်ရည်ကျသည်။

“အမျိုးသားသူရဲကောင်းတွေ ဘယ်လောက်ခံသလဲ။ ဒီတိုင်းပြည်မှာ ကြာကြာမခံဘူး။ သူတို့မှာ ရန်သူတွေဝိုင်းနေတယ်။ ကျွန်တော့်အသက်ဟာကော ဆယ့်ရှစ်လထက် ပိုပြီးရှည်မယ်မဟုတ်ဘူး”

တစ်တိုင်းပြည်လုံး၏ နှလုံးသည်းပွတ်ဟူ၍ ကျွန်တော်တို့ ယုံကြည်သော ထိုခေါင်းဆောင်ကြီးသည် ထိုညက မျက်ရည် တစ်ပေါက်ကျခဲ့သည်။

မောရစ်ကောလစ်၏ Last and First in Burma ကို မြန်မာပြန်သူ ဆရာကျော်အောင်က ထိုညတွင် ဗိုလ်ချုပ်မျက်ရည် ကျခဲ့သည့် စာတစ်ကြောင်းကို ချန်ခဲ့သည်။ ဆရာဟောပြောစဉ်က ထိုအချက်ပါရှိခဲ့သော်လည်း ဆရာ့စာအုပ်တွင် ပါဝင်ခြင်း မရှိခဲ့သဖြင့် မူရင်းပြန်ရှာကြည့်သည်။ (And saying this he wept) ဟုတွေ့ရသည်။ သူ ငိုပါသည်။ ဆရာချန်လှပ်ခဲ့ တာ သေချာသည်။

ဘုရင်ခံ ဒေါ်မန်စမစ်၏မှတ်တမ်းကို အဓိကအားပြုခဲ့သော မောရစ်ကော လစ်၏ ရေးသားချက်ကို မယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိပါ။ သို့ဖြစ်၍ ယုံလိုက်ပါသည်။

သူသည် အသက်အရွယ်နှင့်မမျှ ရင့်ကျက်သော၊ ထက်မြက်သော၊ ထူးချွန်သော၊ သတ္တိပြောင်သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကို ယုံမှားဖွယ်ရာ စိုးစဉ်းမျှမရှိပါ။ သူ လုပ်ကြံခံရနိုင်သည်ဟု ထင်မြင်ယူဆဖွယ်ရာရှိစေကာမူ အကာအကွယ်များကို ကြိုတင်စီမံခြင်းမပြုခဲ့ချေ။ သည်အချက်မှာ သူ့၌ ထိတ်လန့်ကြောက်ရွံ့ခြင်း စိုးစဉ်းမျှမရှိခဲ့ဟု ကောက်ယူနိုင်ပါလိမ့်မည်။

“သူ့အတွက်” ဟုတစ်စုံတစ်ရာ ငဲ့ကွက်ခြင်းမပြုဘဲ လွတ်လပ်ရေးအတွက် တစ်ဘဝလုံးပုံ၍ လုပ်ခဲ့ရာ၌ သူမျှော်လင့်မထား သောအရာကို သူပြန်ရခဲ့သည်။ မနာလိုမှုနှင့် သည်းထန်သောအမုန်းတရားပဲဖြစ်သည်။ ထိခိုက်ခံစားရပါလိမ့်မည်။ နာကျင် ကြေကွဲရပါလိမ့်မည်။ ထိုအချက်မှာ တော်တော်သေချာသည်။

ယခုသော် ထိုမျက်ရည်ကိုသုတ်ပေးခဲ့ပြီလားဟု ပြန်ကြည့်ချင်စရာရှိသည်။

ကျွန်တော်တို့သည် မျက်ရည်များကို ခြောက်သွေ့အောင်မလုပ်နိုင်လျှင် ထပ်မံစိုစွတ်အောင်လည်း မလုပ်သင့်ဟုထင်ပါသည်။

မောင်ရင့်မာ(ကျောင်းကုန်း)