ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် ဆောင်းပါး

ပုံတူ စိတ်တူ

ဆရာအစ်ကို (ပေါ်ဦးသက်) က မနက်ဖြန် ပုံတူသွားဆွဲဖို့ရှိတယ်လို့ ပြောပြီး လိုက်ခဲ့ရန်နဲ့ ပန်းချီပစ္စည်းများ အဆင်သင့် လုပ်ထားရန် မှာကြားပါတယ်။ ချက်ချင်း မီးသွေး၊ ဆီဆေး၊ ငါးကြီးဆီ၊ တာပင်တိုင်၊ ကင်းဗတ်၊ ဒေါက်နဲ့ အခြားလိုအပ်တဲ့ ပန်းချီပစ္စည်းများကို စုစည်းပြီး ကြိုတင်ကာ ပြင်ဆင်ထားလိုက်ပါတယ်။ ကျွန်တော်က အစ်ကို့ဆီမှာ အလုပ်သင်ဘဝနဲ့နေတုန်း က လူမျိုးစုံ၊ နိုင်ငံစုံ ကျား၊ မ ကြီးငယ်အသွယ်သွယ် ပုံတူရေးမှုများရဲ့ အတွေ့အကြုံများ အမြင်သစ်၊ အတွေးသစ်များ စတင် ကာ ဖြတ်သန်းခဲ့ရပါတယ်။

၁၉၇၁ ခုနှစ် နံနက်ပိုင်းမှာ တက္ကစီနဲ့ တက္ကသိုလ်ရိပ်သာလမ်းရှိ နှစ်ထပ်တိုက်သို့ စတင်ရောက်ရှိပါတယ်။ ဧည့်ခန်းဆောင် အဝင်မှာပင် မြင် တွေ့လိုက်ရတာက ထိုင်ခုံမှာထိုင်နေ သော ကျက်သရေရှိလှပြီး ဖော်ရွေသော အပြုံးလေးဖြင့် ကမ်းလှမ်း ကြိုဆိုမှုကို အစ်ကိုနဲ့ အတူ နောက်မှလိုက်ရသော ကျွန်တော့်အဖို့ မှင်တက်မိသွားသည့်အလား ခံစားလိုက်ရပါတယ်။

ထိုသူမှာ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ပင်ဖြစ်ပြီး အစ်ကိုနဲ့ကျွန်တော် ဂါရဝပြုလိုက်ပါတယ်။ နောက်အစ်ကိုနဲ့ ဗိုလ်ချုပ်ကတော်တို့ အိန္ဒိယသံအမတ်ကြီးတာဝန်မှ အငြိမ်းစားယူပြီး နားနားနေနေနဲ့နေနေ ကြောင်း၊ မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအကြောင်းများ ဝေဆာပြောဆိုနေသော အကြောင်းအရာများမှာ ကျွန်တော့်ဘဝအတွက် မှတ်သားနာယူ ဖွယ်ရာရဲ့ အတုယူအားကျစရာများ များစွာများစွာဖြစ်ရပါတယ်။

ပိုပြီး သတိထားမိ၊ အတုယူမိတာကတော့ ဗိုလ်ချုပ်ကတော်ရဲ့ ဧည့်ခံစားပွဲပေါ်မှာ ယွန်း၊ ငွေ၊ ကြိမ်နဲ့ မြန်မာမှု အသုံးအဆောင် များဖြစ်တဲ့ ရေနွေးကရားလေးကအစ ရိုးရာဟန်ကို တန်ဖိုးထားလေးစားကြောင်းကို မြင်ကွင်းတစ်ခုအဖြစ် မြင်တွေ့ရခြင်းပါပဲ။

ခဏကြာတော့ ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး အဆင်သင့်ဖြစ်ကြောင်း၊ လက်ဖက်ရည်၊ ရေနွေးကြမ်းများသောက်ပြီး စတင်ပါတော့တယ်။

ကျွန်တော်လည်း ရေးဆွဲရန်အတွက် ပန်းချီပစ္စည်း ကိရိယာများ ခင်းကျင်းပါတော့တယ်။ အစ်ကိုလည်း ဒေါ်အောင်ဆန်း စုကြည်ထိုင်နေတဲ့ ကိုယ်နေဟန်ထား၊ မျက်နှာ၊ အလင်းအမှောင်တို့ကို ထောင့်စုံမှ ကြည့်ရှုလေ့လာပြီး မကြာမီ ရပြီဆိုကာ ဒီနေ့ တော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးပါပဲလို့ ပြောပြီး အောက်စဖို့ဒ်တက္ကသိုလ်တက်စဉ်က အကြောင်းများ၊ ယခုလက်ရှိ ကုလသမဂ္ဂ မှာ တာဝန်ထမ်းဆောင်နေတဲ့အကြောင်းနဲ့ ယဉ်ကျေးမှုအနုပညာကိစ္စများအကြောင်းကို အစ်ကိုတို့နှစ်ဦးသား ကရားရေလွှတ် တတွတ်တွတ်ကို ပြောဆိုနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ အစ်ကိုက ကင်းဗတ်စပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်တစ်ပိုင်းပုံ၊ မီးသွေးနဲ့ ကောက်ကြောင်းရေးဆွဲပါတယ်။ ခဏနားပြီးတော့…ကင်းဗတ်ပေါ်မှာ ဆီဆေးနဲ့ ပုံကြမ်းမှ ပုံချောအဖြစ် စတင်ကာ ဆေးများ ဖြည့်နေပါတယ်။ အချိန် ၂ နာရီလောက်အကြာမှာတော့ ဆေးသားများ ကင်းဗတ် ပေါ်မှာပြည့်ပြီး လူပုံလည်း ရုပ်လုံးပေါ်ကာ တစ်နေ့တာရေးဆွဲခြင်းကို ရပ်နားလိုက်ပါတယ်။

ပြန်ခေါ်ခြင်းအာရုံနဲ့ ပုံတူရေးဆွဲခြင်းကို ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ကင်းဗတ်ပေါ်မှာ ဆေးလွှာထပ်ခြင်း၊ အလင်းအမှောင် အတိုးအလျှော့၊ အနုအရင့် များကို ချိန်ဆကာ အစ်ကို့ရဲ့နှုတ်မှ သီချင်းသံများညည်းပြီး လောကနတ်အခန်းမှာ အသက်သွင်း ခြင်းအလုပ်ကို စူးနစ်စွာ ရေးဆွဲနေပါတော့တယ်။

အပ်ထည်ပုံတူများ ရေးဆွဲခြင်း အတတ်ပညာ၊ အနုပညာကို အနုပညာ ဖြစ်အောင်လုပ်ပြီး ခံစားတတ်ဖို့ဆိုတာမျိုး အဲဒီအချိန်က ကျွန်တော် လုံးဝနားမလည်ခဲ့ပါ။ အခုလည်း ရေးတေးတေးပါ။ အစ်ကို့လို ကိုယ်တွေ့၊ ဘဝတွေ့ ပုံတူရေးဆွဲခြင်း အားနည်း ခြင်း မလေ့လာခြင်းများစွာနဲ့ လုံးထွေးနေခဲ့ရလို့ပါ။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကလည်း စံပြမယ်၊ စံပြမောင် ရေးဆွဲခြင်းများကလည်း အဓိပ္ပာယ်ဖွင့်ဆိုချက် လွဲမှားစွာနဲ့ အမှောင်ကျခဲ့ရပါတယ်။ တန်ဖိုးနားမလည်သူများရဲ့ အဆုံးအဖြတ်နဲ့ အဆုံးသတ်သွားရပါတယ်။

အစ်ကိုက ဒီနေ့နောက်ဆုံးနေ့ပဲလို့ ပြောပါတယ်။ ပြီးတော့ ဆေးစပ်ပြားပေါ် ဘာရောင်မှမညှစ်နဲ့။ အဇ္ဈတ္တအမိ ဖမ်းရမယ်လို့ ကြိုတင်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဒီနေ့ ပျော်ပွဲစားသလို ပျော်ပျော်ပဲနေပါ။ သက်သောင့်သက်သာဖြစ်ဖို့အတွက် မှာကြား ပါတော့တယ်။ ပြီးမှ အစ်ကိုက သမာဓိအား ခဏယူကာ ငြိမ်သက်စွာနဲ့ ခေါင်းတညိတ်ညိတ် ညိတ်ရင်း ရှေ့ တိုး၊ နောက်ဆုတ်နဲ့ ပန်းချီဆွဲခြင်း အလုပ်ထက် ဈာန်အပြည့်ရရှိရန် တည်ဆောက်နေခြင်း သဘောဆောင်ပါတယ်။

အဆုံးအဖြတ်များ တိကျပြီဆိုမှ အဖြူရောင်များထဲမှ အလင်းဆုံး၊ အမြင့်ဆုံး အဖြူစစ်စစ်ကို မျက်စိပေါ်မှာ တင်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြီး အပြုံးကလေးဖြင့်…အနီရောင်များထဲမှ နီညိုအနည်းငယ်ကိုညှစ်ပြီး နှုတ်ခမ်းအနားသတ်မျဉ်းကို ပြတ်သားအောင် စုတ်တံနဲ့ အနည်းငယ် ဆေးသားတင်လိုက်ပါတယ်။ ပြီးမှ ဒေါ်အောင်ဆန်းစုကြည်အား ကျွန်တော် လက်မှတ်ထိုးတော့မယ်။ ကြည့်ပါဦးလို့ ပြောလိုက်ပါတယ်။

“ကျွန်မ…ကြိုက်ပါတယ်၊ တူပါတယ် ဆရာ” လို့ ပြောမှ လက်မှတ်ထိုးပြီး ပန်းချီကား နိဂုံးချုပ်ကာ ဒေါ်အောင်ဆန်းစုကြည် ထံ အပ်နှံလိုက်ပါတယ်။

“ထူးခြားမှုက မျက်လုံးနဲ့ နှုတ်ခမ်းပဲ။ ဒါလေးကို မိဖို့က အခက်ဆုံး။ သူ့ထက်ပိုပြီး ခက်ခဲတာက အသက်ဓာတ်ပါဖို့ပဲ” လို့ အပြန်လမ်းမှာ အစ်ကိုက ပြောပြပါတယ်။

လောကနတ်အခန်း ပြန်ရောက်တော့ “နားမှဖြစ်မယ်။ စိတ်ရောကိုယ်ပါနှစ်ပြီး ရေးဆွဲရတော့ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ ပုံတူပန်းချီ လာအပ်ရင်တော့ ရေးဆွဲမှာပဲ” လို့ ကြွေးကြော်ပြီး နားပါတော့တယ်။

၂၀၁၁ ခုနှစ် ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့ အဲဒီပုံတူ ပန်းချီကားလေးအကြောင်း မေးမိတော့ “အဲဒီပန်းချီ ကားလေးက အိမ်မှာပျောက်သွားတယ်” လို့ ပြောတယ်။ ကျွန်တော်ကလည်း ပန်းချီကားပျောက်တာကို “အမှုလိုက်ဖို့အတွက် ရှားလော့ဟုမ်းကို ငှားပါလား” လို့ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ရယ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပျောက်သွားတဲ့ ပုံတူပန်းချီကားကို မြင်နိုင်တာကတော့ အစ်ကို (၁၉၃၆-၁၉၉၃) ပဲ ဖြစ်မှာပါဗျာ။

ဖေညွန့်ဝေ

More from ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် ဆောင်းပါး

အာဇာနည်အောင်ဆန်း

အဘိုး ဦးအောင်ဆန်းကား သက်တော်ရာပြည့်ခဲ့လေပြီ။ အဘိုးသည် သက်တော်ရာကျော်သည်ထိ နိုင်ငံ၏အာဇာနည်အဖြစ် တည်တံ့နေဦးမည့် ခေါင်းဆောင်သာတည်း။ သည်နေရာတွင် မြန်မာတို့ သဘောပေါက်နားလည်ထားသော အာဇာနည်ကို အင်္ဂလိပ်ဘာသာဖြင့် Martyr ဟု ဘာသာပြန်ကြသော်လည်း ထိုဝေါဟာရနှစ်ခု၏ အနက်အဓိပ္ပာယ်များမှာ read more

ဗိုလ်ကလေးမှသည် ဗိုလ်ချုပ်ဆီသို့ သီချင်းတစ်ပုဒ်

သီချင်းတစ်ပုဒ်က သေနတ်တစ်လက်ဖြစ်ပါစေ သမိုင်းတစ်ကွေ့တွင် လူငယ်လူရွယ်များသည် ဖို၊မ သဘာဝအရ ဆန့်ကျင်ဘက်လိင်ကို ချစ်ခင်စုံမက်သော အနှောင်အဖွဲ့ အိပ်မက်များမှ နိုးထလာခဲ့ကြဖူးသည်။ လူငယ်အတော်များများကို လွမ်းရေးထက် ဝမ်းရေး၊ ဝမ်းရေးထက် တိုင်းရေးပြည်ရေးက ပိုမိုခက်ခဲကြောင်း တော်လှန်ရေးဝိညာဉ်များ ရှင်သန်နိုးကြားစေခဲ့သော သီချင်းတစ်ပုဒ် read more