ဦးဝင်းတင်အတွက် ကဗျာ

ကမ္ပည်းတင်လိုက်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဆရာဦးဝင်းတင်တို့ တွေ့ခဲ့ကြတုန်းက
ပြောခဲ့တဲ့စကား
ကြားရတာချိုမြိန်လှတယ်
မှတ်သားမိတာ ပြန်ပြောပြမယ်
ဒီလိုတဲ့ဗျာ-

(ဆရာဦးဝင်းတင်)-ကျွန်တော် စစ်တပ်ထဲဝင်ချင်တယ်
(ဗိုလ်ချုပ်အောင်ဆန်း)-ကျောင်းနေလား
စစ်သားလုပ်တဲ့သူတွေ များပါတယ် ကျောင်းပဲဆက်တက်ပါ။

၁၅ နှစ်သား မောင်ဝင်းတင်
အဲဒီကတည်းက-သတင်းစာဆရာဖြစ်သွားခဲ့
စာရေးဆရာဖြစ်သွားခဲ့
ဒီမိုကရေစီအရေး
နိုင်ငံ့အရေး စိတ်ချလက်ချလုပ်နိုင်ခဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့
ပန်းတိုင်းပွင့်စေတဲ့ ‘ကမ္ဘာ’ကို မြင်ခဲ့…။

ဆရာက စကားပြောရင်
စကားလုံးရွေးပြောလေ့ရှိတယ်
လူငယ်တွေရဲ့အနာဂတ်ကိစ္စ
ပြောဖြစ်ကြတုန်းက

‘အမှန်တရားဟာ ခါးတယ်ဆိုရင်
အဲဒီဆေးခါးကြီးကိုပဲ
ကျွန်တော်တို့ သောက်ကြရမယ်’

ကျွန်တော်က ဒီလိုပြောတော့
ဒီတစ်ခါတော့
ခင်ဗျားဟာ ကဗျာဆရာ
ကဗျာဆရာရဲ့စကားလုံးတွေဟာ
ကဗျာဆန်သလို အားမာန်ပြည့်ဝသတဲ့။

ဒီလိုပဲဗျာ
ဒီမိုကရေစီအရေးမှာ
လူငယ်တွေ ကဗျာဆရာတွေဟာ
အဖိနှိပ်ခံလူထုလူတန်းစားတွေနဲ့အတူ
ဖိနှိပ်တဲ့အာဏာရှင်တွေကို
ဆန့်ကျင်တယ် ဆိုရုံနဲ့မပြီးသေးဘူး
အပြီးတိုင်ချေမှုန်းနိုင်ဖို့လိုတယ်
ဒါဟာ ဆရာ့စကားလုံးလမ်းညွှန်စကားအမွန်ဖြစ်တယ်။

‘အများပြည်သူ သဘောမတူတဲ့
အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ’
အမှန်တရားချစ်တဲ့
ပြည်သူပြည်သားအားလုံးရဲ့တာဝန်ပဲ ဖြစ်တယ်။
ဆရာပြောခဲ့တဲ့စကား
ခမ်းနားတယ်၊ သိက္ခာပြည့်ဝတယ်
အမှန်တရားထွန်းသစ်နေဆဲဆိုတာ
သမိုင်းစာမျက်နှာမှာ နေရာယူထားတယ်။

ဆရာ ခင်ဗျား
ကျွန်တော်တို့ ပြောခဲ့တယ်
လူငယ်တွေ ပြောခဲ့တယ်
မျိုးဆက်သစ်တွေ ပြောခဲ့တယ်
လုလင်ငယ်သွေးတွေ ပြောခဲ့တယ်
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့တဲ့
ရန်ကုန်မြို့တော်ခန်းမရဲ့အရိပ်စွန်းမှာ
ခွပ်ဒေါင်းအောင်လံမော်ကွန်းထိုးရင်း
လူထုအသံတွေကို လွှင့်ထုတ်ခဲ့ကြတယ်
ခေါင်းဆောင်မှားတယ်
ပါတီမှားတယ်
အဖွဲ့အစည်းမှားတယ်
အဲဒီအမှားဒဏ်လူထုခံရ… အဲဒီလိုအကြောင်း…။

မှားတာကို မှားတယ်လို့
ရဲရဲဝံ့ဝံ့ထောက်ပြခဲ့တဲ့ဆရာ
အမှန်တရားအတွက် စကားလုံးနဲ့လမ်းပြခဲ့
ခွင့်လွှတ်ခြင်းနဲ့ လမ်းပြခဲ့
စွန့်လွှတ်အနစ်နာခံခြင်းနဲ့ လမ်းပြခဲ့
ကိုယ်ကျိုးစွန့်ခြင်းနဲ့ လမ်းပြခဲ့
ပြည်သူက ချစ်လေ
ဖိနှိပ်သူက မုန်းလေပေါ့။

ဆရာက လူထု
ဆရာက ပြည်သူ
ဆရာက အမှန်တရား
ဆရာက လူထုရဲ့သစ္စာ
ဆရာက လူထုရဲ့ကဗျာ
ဆရာက ပြည်သူလူထုရဲ့ကြယ်နီ
ဆရာက တရားမျှတခြင်းရဲ့ပုံရိပ်
ဆရာက လူထုလူတန်းစားအားလုံးရဲ့’ပဲ့တင်သံ’
ပျော်နေတဲ့လူတစ်စုက ပြောတယ် ဆရာ
‘ဟံသာဝတီဦးဝင်းတင် သေပြီတဲ့’
ကျွန်တော်တို့အတွက်တော့
(ရီ)ရယ်စရာစကား-နားခါးလွန်းတယ်
တွေ့လား… ကြားလား
လုလင်ငယ်သွေးတို့
ဟစ်ကြွေးခဲ့ကြတဲ့အသံတွေ…
ပြည်သူဆိုတာ ဘယ်တော့မှ မြွေကဘူး
‘ပြည်သူဆိုတာ ဘယ်တော့မှ မသေဘူး’
ထာဝရ ဂါရဝဖြင့်
မောင်စိမ်းနီ

More from ဦးဝင်းတင်အတွက် ကဗျာ