ဈာပနသတင်း

မြန်မာ့မြေပေါ်မှ ထာဝရဝိညာဉ်ဖြူ

၁၉၃ဝ က သူ့ကို မွေးဖွားခဲ့သည်။
ကြို့ပင်ကောက်က သူ့ကို မွေးဖွားခဲ့သည်။
အဖ ဦးပု၊ အမိ ဒေါ်အမာတို့က
သူ့ကို မွေးဖွားခဲ့သည်။
ရန်ကုန်တက္ကသိုလ်ကြီးက
သူ့ကို မွေးဖွားခဲ့သည်။
ရန်ကုန်တက္ကသိုလ်၏ နှစ်ပတ်လည်မဂ္ဂဇင်းက သူ့ကို မွေးဖွားခဲ့သည်။
ဝင်းတင်ဆိုသော ကလောင်တစ်ချောင်း၏ ဖြစ်တည်မှုအစ။
သူသည် ကလောင်မြားဖြင့် စစ်အာဏာရှင်တို့၏
နှလုံးသားပုပ်ကို ထုတ်ချင်းပစ်ခွင်းခဲ့သည်။
ကလောင်ဓားဖြင့် ပေါင်းပင်၊ ချုံပင် စစ်အာဏာရှင်များကို ခုတ်ထွင်ရှင်းလင်းခဲ့သည်။
ကလောင်ဗုံးဖြင့် စစ်ကြီးစိုးရေးဝါဒအဆောက်အအုံကို ဖြိုခွဲခဲ့သည်။
ထို့ကြောင့်ပင် ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သော သူ့ကို ဟံသာဝတီဦးဝင်းတင်ဟု ပြည်သူများက အမြတ်တနိုးရှိကြခြင်းဖြစ်သည်။ မြတ်နိုးခြင်း၏တည်ရာ၊ ယုံကြည်ခြင်း၏တည်ရာ၊ အားကိုးခြင်း၏တည်ရာဖြစ်သော ဟံသာဝတီဦးဝင်းတင်သည် ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၏ နှစ်သစ်ကူးအခါသမယ (၂၁.၄.၂ဝ၁၄)တွင် ဘဝသစ်သို့
ကူးပြောင်းသွားခဲ့လေပြီ။
ဘဝအသစ်မှ တာဝန်အသစ်
စွန့်ခြင်းကြီး ၅ ပါးကို ဒါနပါရမီဟုဆိုသည်။ သမ္မာသမ္ဗုဒ္ဓအပါအဝင် အလောင်းတော်တို့သည် ဒါနပါရမီကို ဖြည့်ဆည်းကြရ၏။
တစ်နည်းဆိုရသော် ဆုကြီးပန်တို့
သွားရာလမ်းတည်း။ အများဝေနေယျ(သို့မဟုတ်) လူသားများအကျိုးငှာ မိမိ၏ကိုယ်ကို လောင်ကျွမ်းခံ၍ အလင်းဆောင်ပေးခြင်းကို ပါရမီဖြည့်ခြင်းဟု ခေါ်ဆိုအပ်သည်။ ပါရမီရှင်ပုဂ္ဂိုလ်တို့ သံသရာခရီးလမ်းတစ်လျှောက် ခရီးတစ်ထောက်နားခိုရာ ဘုံဗိမာန်သည် အတ္ထိသဘောဖြင့် အထင်အရှားရှိပါ၏။ အဆိုပါဘုံဗိမာန်တွင် အမျိုးသား စာဆိုကြီး သခင်ကိုယ်တော်မှိုင်းက အကြီးအမှူးအဖြစ် စံမြန်းလျက်ရှိသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိသည်။ အာဇာနည်ခေါင်း ဆောင်ကြီးများရှိသကဲ့သို့ ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်တို့အား ဆန့်ကျင်တော်လှန်ခဲ့ကြသော သူရဲကောင်းများစွာရှိသည်။
ယင်းကို ”အာဇာနည်ဗိမာန်”ဟုခေါ်သည်။
ကောဇာသက္ကရာဇ် ၁၃၇၆ ၏ နှစ်သစ်ကူးစ နွေတစ်မနက်တွင် အာဇာနည်ဗိမာန်သို့ လူ့ပြည်မှ ဝိညာဉ်ဖြူတစ်ဦးရောက်ရှိလာသော်
ဗိမာန်၏အကြီးအကဲများဖြစ်ကြကုန်သော သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ရှေ့သို့အခစားရောက်ရကုန်၏။ ထိုအခါ သခင်ကိုယ်တော်မှိုင်းက ဝိညာဉ်ဖြူကိုရှုစားလျက် မြန်မာပြည်ငြိမ်းချမ်းရေးခရီးအကြောင်းကို
ဦးစွာ စေ့ငုသည်။ ဝိညာဉ်ဖြူတွင် ပြောစရာစကားလုံးများပျောက်ဆုံးနေ၏။
ထိုအခါ စိတ်မြန်လက်မြန်ရှိလှသော
ဗိုလ်ချုပ်က ဝိညာဉ်ဖြူကို ဒိုးခနဲ၊ ဒေါက်ခနဲမေးခွန်းထုတ်လိုက်ပြန်ပါသည်။ တစ်ချိန်က စစ်သားလုပ်ချင်ခဲ့သောဝိညာဉ်ဖြူကို ဗိုလ်ချုပ်ကိုယ်တိုင်က ပညာဆက်သင်ရန် တိုက်တွန်းခဲ့၍ ကလောင်မြဲခဲ့ခြင်းလည်းဖြစ်ရာ မျက်မှောက်ခေတ်တပ်မတော်၏ သရုပ်သကန်ကို မေးမြန်းပါသည်။ ဝိညာဉ်ဖြူက တစ်စုံတရာကို ပြောရန် ပါးစပ်ဟလိုက်စဉ်၌ သွားမရှိတော့သော သွားဖုံးများ ထင်းခနဲထွက်ပေါ်လာပြီး ဝိညာဉ်ဖြူကိုယ်စား စကားလုံးများအဖြစ် ဗိုလ်ချုပ်နားသို့ ဝင်ရောက်သွားခဲ့သည်။
ဗိုလ်ချုပ်လက်ဖြင့် ရေးခဲ့သော ပင်လုံစာချုပ်မှ ဖက်ဒရယ်မူကို ဖျက် ဆီးခဲ့ပြီး တိုင်းရင်းသားများနှင့် ပြည်တွင်းစစ်တိုက်နေခြင်း၊ စစ်အာဏာသိမ်း ပြီးနောက် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးကာ ကျောင်းသားများကို သတ်ဖြတ်နှိပ်စက်ခြင်း၊ ဒီမိုကရေစီဦးကင်းကို စစ်ဖိနပ် ဖြင့် နင်းခြေဖျက်ဆီးခဲ့ခြင်းများကို ကြားသိသွားသောအခါ အစဉ်အမြဲလက် လက်တောက်ပလျက်ရှိကြကုန်သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဝိညာဉ်တော်များ ညှိုးနွမ်းကုန်ကြပါတော့သည်။
မကောင်းသူပယ် ကောင်းသူကယ်
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ညွှန်ကြားချက်ဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် စောင့်ကြည့် ထိန်းကျောင်းရန် အာဇာနည်ဗိမာန်၏ တမန်တော်အဖြစ် သူသည် မြန်မာ ပြည်သူများနှင့်အတူ ရှိနေပါသည်။
သူ့ရင်ဘတ်ထဲတွင် ဒီမိုကရေစီကောက်ကြောင်းများ အပြည့်ရှိနေသည်။ ပြည်သူများ၏ ဆာလောင်ငတ်မွတ်မှု ပြေပျောက်စေရန် သူ့ကိုယ်သူ ပေါင် မုန့်တစ်လုံးလို၊ ရေတစ်ခွက်လိုပေးဆပ်ရန် အသင့်ရှိနေသည်။ သူတည် ထောင်ခဲ့သော ဦးဝင်းတင်ဖောင်ဒေးရှင်းကို စောင်မကြည့်ရှုရဦးမည်။
စစ်အာဏာရှင်စနစ် အြွကင်းမဲ့ပျက်သုဉ်းရေးအတွက် ပြည်သူ့ကိုယ်စား မကောင်းသူကို ပယ်ရဦးမည်။ ပြည်သူတစ်ရပ်လုံးအတွက် မိမိ၏ဓနပရိစ္စာဂ (စည်းစိမ်ဥစ္စာကို စွန့်လွှတ်ခြင်း)၊ ဇီဝိတပရိစ္စာဂ (အသက်ကို စွန့်လွှတ်ခြင်း) ဟူသော ဒါနပါရမီအပြင် ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ကြ ကုန်သော သီလဝန္တပုဂ္ဂိုလ်များကိုလည်း ကယ်တင်ရဦးမည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်မျိုးဆက်များအားလုံးကို အပြုံး မျက်နှာဖြင့် ”You Can Do it” ဟုဆိုကာ လက်မထောင်ပြရပေဦးမည်။ ထို့နောက်တွင်
နောင်လာလတ္တံ့သော အရေးတော်ပုံတပ်ဦးတွင် သေနင်္ဂဗျူဟာမှူး အဖြစ် ဦးဆောင်ရဦးမည်။
ပြည်သူများအနေဖြင့်လည်း ပြင်သစ်နိုင်ငံရှိ မြန်မာသံရုံးအနီးတွင် သူ့ကို ဂုဏ်ပြုသောအားဖြင့် လမ်းသွယ်တစ်ခုကို ဝင်းတင်လမ်းဟု အမည် ပေးထားသကဲ့သို့ ရန်ကုန်မြို့ရှိ ဟံသာဝတီအဝိုင်းကို ဟံသာဝတီဦးဝင်းတင် အဝိုင်းဟု သတ်မှတ်ကာ ကျောက်တိုင်တစ်ခုတည်ဆောက်ပေးရန် တောင်း လျက်ရှိကြလေပြီ…။ သူ၏ရှင်သန်ထမြောက်ခြင်းကို ကောင်းချီးပေးပါ လော့။ ဟံသာဝတီဦးဝင်းတင်၏ မျက်လုံးများ မမှိတ်သေးပါ။
ဟံသာဝတီဦးဝင်းတင်ကဲ့သို့ တိုင်းပြည်ကို ချစ်တာချင်းတူကြပါ လိမ့်မည်။
ဟံသာဝတီဦးဝင်းတင်ကဲ့သို့ နိုင်ငံရေးအမြင်စင်ကြယ်ပုံချင်းလည်း တူနိုင်ပါလိမ့်မည်။
ဟံသာဝတီဦးဝင်းတင်ကဲ့သို့ ရဲရင့်သောနှလုံးသားကို ပိုင်ဆိုင်ခြင်း လည်း တူနိုင်ပါလိမ့်မည်။
ဟံသာဝတီဦးဝင်းတင်ကဲ့သို့ အတွင်းမျက်နှာစာ(ကိုယ်ကျင့်သီလ) ကောင်းမွန်တာခြင်းလည်း တူနိုင်ပါ လိမ့်မည်။ ဟံသာဝတီဦးဝင်းတင် ကဲ့သို့ သတင်းစာလွတ်လပ်ခွင့်နှင့် စာပေကို ချစ်မြတ်နိုးပုံခြင်းလည်း တူနိုင်ပါလိမ့်မည်။
ဟံသာဝတီဦးဝင်းတင်ကဲ့သို့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနှင့် ဒီမိုကရေစီချစ်မြတ်နိုးပုံခြင်းလည်း တူနိုင်ပါလိမ့်မည်။
သို့သော်
မြန်မာပြည်တစ်နံတစ်လျား၌ အတ္တ၏စေ့ဆော်မှုဖြင့် မြေတစ်လက် မမျှ သိုမှီးသိမ်းဆည်းထားခြင်းမရှိ သော သူသည် အတောင်နှစ်ဖက် သာလျှင် ဝန်ပိုအဖြစ်ရှိသော၊ အာ ကာတစ်ခွင် ပျံလိုရာပျံသန်းသည့် တိုင် ခြေရာထင်မကျန်အောင် လွတ် မြောက်ပြီးသောပုဂ္ဂိုလ်ထူးဖြစ်သည်။
သူ နာမကျန်းဖြစ်စဉ်ကတည်း က ပြည်သူ့စိတ်ဝမ်းလည်း နာမ ကျန်းဖြစ်ကြရသည်။ အနယ်နယ် အရပ်ရပ်တွင် တောင်းဆုမေတ္တာ ပို့သကြသည်။ သူ ကွယ်လွန်အနိစ္စ ရောက်သောအခါတွင်လည်း ယူကြုံး မရ တသသဖြင့် နှလုံးစိတ်ဝမ်းညှိုး နွမ်းကြကုန်၏။ ကွယ်လွန်ပြီး ၃ ရက်မြောက် ဈာပနအခမ်းအနားတွင် လည်း တစ်နိုင်ငံလုံးမှ ပြည်သူများ ကိုယ်တိုင်လာရောက်ပို့ဆောင် နှုတ် ဆက်ကြသလို၊ မိမိနေထိုင်ရာအရပ် အသီးသီးတွင် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြသည်။ သူ့ နှလုံးသားပေါ်တွင် ပြည်သူတစ်ရပ် လုံး၏ မေတ္တာရည်များ ဝတ်ရည်ဖွဲ့ခဲ့ သလို သူ့၏ဝိညာဉ်ဖြူသည်လည်း ပြည်သူကို ထာဝရစောင့်ရှောက် သွားမည်ဟုယုံကြည်ပါသောကြောင့် ယခုအပတ်၏ မြန်မာ့မြေပေါ်မှ ထာဝရဝိညာဉ်ဖြူ၊ သတင်းလူသား အဖြစ် ဖော်ပြအပ်ပါသည်။
ဝ၂၆