အားကစားသတင်း

ဗီလာအသင်း၏ ပရိသတ်များ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်

မတ်လ ၈

FA Cup ကွာတားဖိုင်နယ်ပွဲစဉ်တစ်ရပ်အဖြစ် Aston Villa အသင်းနှင့် West Bromwich Albian အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရသောပွဲစဉ်၌ အိမ်ရှင် Aston Villa အသင်းပရိသတ်များက ကွင်းအတွင်း ကျူးကျော် ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

Villa ပရိသတ်အချို့သည် နာကျင်အချိန်ပိုများအတွင်း၌ ကွင်းအတွင်း သို့ ဝင်ရောက်ခဲ့ကြပြီး ပွဲပြီးဆုံးချိန်တွင်လည်း ထပ်မံ ဝင်ရောက်ခဲ့ကြသည်။ ပွဲအပြီးတွင် West Bromwich ပရိသတ်များရှိရာဘက်မှ ထိုင်ခုံများဖြင့် ပစ်ပေါက်ခြင်းများလည်း ရှိခဲ့သည်။ West Bromwich အသင်းက အသင်းသားများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် လွန်စွာစိုးရိမ်ပူပန် မိကြောင်း ဖော်ပြခဲ့သည်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းနှစ်ခုစလုံးနှင့် ရဲအဖွဲ့တို့၏ ပူးပေါင်းကူညီမှုဖြင့် ဖြစ်စဉ် ကို စစ်ဆေးသွားမည်ဖြစ်သည်။ ရဲအဖွဲ့ ကြေညာချက်တစ်ရပ်ကလည်း ဘောလုံးကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ဖော်ထုတ်ပေးခြင်းဖြင့် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

West Bromwich  နည်းပြ Tony Pulis က အဖြစ်အပျက်မှာ ရှက်ဖွယ်ပင်ဖြစ်သည်ဟုဆိုသည်။ West Bromwich ကလပ်အသင်းက ထုတ်ပြန်သောကြေညာချက်တွင် ဘောလုံးပွဲကစားချိန်နှင့် ပွဲပြီးဆုံးချိန်များတွင် ကွင်းအတွင်းသို့ ဝင်ရောက် နှောင့်ယှက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် Villa အသင်း၏ တောင်းပန်မှုကို လက်ခံရရှိကြောင်း၊ West Brom အသင်းကို အားပေးသူ ပရိသတ်အချို့၏ လွဲမှားသောအပြုအမူများလည်း ရှိခဲ့သည်ကို ကြားသိရပါကြောင်း၊ မငြိမ်မသက်မှု ဖြစ်ပေါ် စေသော မည်သည့် ပရိသတ်ကိုမဆို ထိုက်သင့်သော အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သတိပေးချက် တစ်ရပ်လည်း ယနေ့ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ကွင်းလယ်ဒိုင် Anthony Taylor သည် အိမ်ရှင် Villa အသင်းက၂-ဝ ဂိုးဖြင့် ဦးဆောင်နေသည့် နာကျင်အချိန်ပို အတွင်း အိမ်ရှင်ပရိသတ်တို့ ကွင်းအတွင်း ဝင်ရောက်လာသဖြင့် ပွဲကို ခေတ္တရပ်နားစေခဲ့ရသည်။ ထို့ နောက်ပွဲကို ပြန်လည် ကစားစေရာတွင် ပွဲပြီးဆုံးသည့်အခါ ပရိသတ်တို့က ကွင်းအတွင်းသို့ ထပ်မံကျူးကျော်ဝင်ရောက်လာကြခြင်းဖြစ်သည်။

Villa အသင်းအနေဖြင့် အက်ဖ်အေဖလားပွဲ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရှိသည့်အတွက် အမှတ်ရ၊ ဂုဏ်ယူဖွယ်ရာ အခိုက်အတန့်တွင် စိတ်မထိန်းနိုင်သော ပရိသတ်တို့ကြောင့် စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ရကြောင်း၊ အဆိုပါ ပရိသတ်တို့သည် ယင်းတို့ကိုယ်တိုင်နှင့် အသင်း၏ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ကြောင်း၊ Villa အသင်းအနေဖြင့် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် West Bromwich Albian အသင်းဒါရိုက်တာများ၊ မန်နေဂျာ Tony Pulis နှင့် သူ၏ဝန်ထမ်းများ၊ ကစားသမား များကို တောင်းပန်အပ်ပါကြောင်း Villa အသင်း ၏ကြေညာချက်တွင် ရေးသားဖော်ပြခဲ့သည်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် က စုံစမ်းစစ်ဆေးမည့် အချိန်ကာလကို သတ်မှတ်ကြေညာခြင်းမရှိသေးဘဲ ပရိသတ်ကို ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် Villa အသင်းကို ကြီးလေးသော ငွေဒဏ်တပ်ရိုက်မည်ဟု မျှော်လင့်ရပေသည်။

ဝ၂၇၊ BBC Sport

More from အားကစားသတင်း

စပါးအသင်းကို ရှုံးကြွေးဆပ်၍ ချယ်လ်ဆီးအသင်း Capital One ဖလား ရယူ

လန်ဒန်မြို့ ဝင်ဘလေအားကစားကွင်း၌ မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့သော Capital One Cup ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြိုင်ဘက် Tottenham Hot Spur အသင်းကို Chelsea အသင်းကနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီဖြစ်သည့်အတွက် Chelsea အသင်းသို့ မန်နေဂျာအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာသော read more

မမျှတမှုများ မော်ရင်ညို ထောက်ပြ

ချယ်လ်ဆီးအသင်း၏အိမ်ကွင်း Stamford Bridge တွင် ဖေဖော်ဝါရီ လ ၂၁ ရက်နေ့က Burnley အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း အလယ်တန်းလူ အသက် ၂၆ နှစ် အရွယ်ရှိ ဆာဘီးယားနိုင်ငံသား read more