အသံများ

မတ်လ ၂၀ ရက် နေကြတ်မည့် ဖြစ်စဉ်မှ မြန်မာ့နိုင်ငံရေး ပဲ့တင်သံများ

ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းဟူသော ရှေးစကားကဲ့သို့ပင် အရေးကြီးထူးခြားသော ကမ္ဘာ့နိုင်ငံများ၊ လူပုဂ္ဂိုလ်များ၏ကိစ္စ အဖြစ်အပျက်များ စတင်ဖြစ်ပျက်တော့ မည်ဆိုသည်နှင့် အတိတ်နိမိတ်များက ဦးစွာဖြစ်ပေါ်လာစ မြဲဖြစ်သည်။

အာကာသကောင်းကင်ရှိ ဂြိုဟ်များ အသွားအလာဖောက်ပြန်ခြင်း၊ ကြယ်ကြွေခြင်း၊ ကြယ်တံခွန်ပေါ်ခြင်း၊ ဘုရားစေတီများမှ ရောင်ခြည်တော် လွှတ်ခြင်း၊ ဘုရားဆင်းတုတော်များက မျက်လုံးတော်ပွင့်လာခြင်း၊ နေ၊ လ ကြတ်ခြင်း စသည်တို့ကို အကြောင်းပြု၍ နိုင်ငံ၏ ကံကြမ္မာ သုသာသုဘ ကောင်းကျိုးဆိုးပြစ်များကို ပြသော နိမိတ်များဖြစ်သည်ဟု ရာဇမတ္တန်ကျမ်း၊ သျှတ္တရ ကျမ်းများတွင် ဖွင့်ဆိုထားသည်။

နိုင်ငံတော်၏ အဓိကနေရာတွင် နေကြတ်၊ လကြတ်မည်

၂၀၁၅ ခုနှစ်တွင် နေကြတ်၊ လကြတ် နှစ်ကြိမ်စီဖြစ်ပွားနိုင်ပြီး နိုင်ငံတော်ဇာတာ၏ အဓိကဇာတ်ဆောင် ဂြိုဟ် တနင်္လာ (စန်း)ရှိရာ နေရာတွင် လကြတ်၊ နေကြတ်သည့် အာကာသ မြင်ကွင်းတစ်ရပ်အဖြစ် တွေ့မြင်ရမည်။ ၂၀၁၅ ခုနှစ် နေကြတ်၊ လကြတ်ဖြစ် စဉ်သည် ယမနတ်မင်းအုပ်စိုးချိန်နှင့် အတူ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးလောကအတွက် သတိပြုစရာများစွာ ပါဝင်သည်။

မတ်လ ၂၀ ရက် ညနေ နေသဗ္ဗ အပြည့်ကြတ်ဖြစ်စဉ်

၂၀၁၅ ခု မတ်လ ၂၀ ရက် သောကြာနေ့ ညနေ မြန်မာစံတော်ချိန် ၄ နာရီ ၁၆ မိနစ် ၄၇ စက္ကန့်တွင် နေသဗ္ဗ အပြည့် ကြတ်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ မတွေ့မြင်ရသော်လည်း ဥရောပတိုက်၊ အာဖရိကမြောက်ပိုင်း၊ အိုက်စလန်၊ ဂရင်းလန်နှင့် ရုရှား မြောက်ပိုင်းဒေသတွင် တွေ့မြင်ရမည်။

နေကြတ်ဖြစ်စဉ်နှင့် မြန်မာ့နိုင်ငံရေးဆက်နွှယ်မှု

မတ်လ ၂၀ ရက်နေ့ နေကြတ်မည့်ဖြစ်စဉ်ကြောင့် မြန်မာ့နိုင်ငံရေး လောကအတွက် မတ်လ ၅ ရက်နှင့် ၁၀ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်ဖြိုခွဲမှုအား အစိုးရမှ ခက်ခဲစွာဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲ သဘောတူညီချက်များဖြင့် ပြန်လည် ပြင်ဆင်ထားသည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်တွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် မတ်လ ၂၃ ရက်မှစ၍ ကောင်းမွန်သော အဖြေရလဒ်ကောင်းများရရှိလာနိုင်လိမ့်မည်။ လတ်တလော ဖြစ်ပွားနေသော ကျောင်းသားပဋိပက္ခများကို မတ်လ ၂၃ ရက် အတွင်း အစိုးရက ဆင်ခြင်တုံတရားရှိရှိဖြင့် ဖြေရှင်းနိုင်လိမ့် မည်။

နေကြတ်ဖြစ်စဉ်နှင့် နယ်စပ်ရေးရာ ပဋိပက္ခများ

နိုင်ငံတော် ဇာတာဗြိစ္ဆာလဂ်မှ နိုင်ငံ၏ အရှေ့မြောက်ပိုင်းနယ်စပ်ဒေသ၊ ပင်လယ်နယ်စပ်ဒေသများကို နေကြတ်မည့်ဖြစ်စဉ်မှာ ထူးခြားသော သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ၊ တရုတ်နယ်စပ်အနီး လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၉ ရက်မှစ၍ တိုက်ပွဲများမှာ တစ်လကျော်ကြာအထိ ဖြစ်ပွားလျက်ရှိ ရာ ကောင်းကင်ဂြိုဟ်၊ နက္ခတ်များ၏အမြင်အရ မတ်လ ၂၃ ရက်အထိ နယ်စပ်ရေးရာပဋိပက္ခများကို သတိတရားရှိရှိဖြင့် ဖြေရှင်းရဦးမည်။ မတ်လ ၂၄ ရက်မှစ၍ တည်ငြိမ်အေးချမ်းမှု၊ နှစ်နိုင်ငံနယ်စပ်ရေးရာ ပြဿနာများ ပြေလည်မှုရရှိနိုင်မည်။ နိုင်ငံတော်ဇာတာ၏ ပင်လယ်ကမ်းစပ်ပြည်နယ်များကို နေကြတ်မည့်ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်ဒေသတွင် နယ်စပ်ရေးရာ ကိစ္စရပ်များနှင့်အတူ ဘာသာရေးပဋိပက္ခများကို ဧပြီလ ၈ ရက်နေ့အထိ သတိဖြင့် စောင့်ကြည့်နေရန် လိုအပ်ကြောင်း ပဋိပက္ခ ဖြစ်စဉ်များ၏ အဓိကတရားခံဂြိုဟ် (အင်္ဂါဂြိုဟ်) က နိမိတ်ပြဆိုထားသည်။

သတင်းမီဒီယာ အနုပညာရှင်များ ကဏ္ဍကို လွှမ်းမိုးနိုင်သည့် နေကြတ်ဖြစ်စဉ်

နိုင်ငံတော်ဇာတာ၏ အနုပညာ၊ သတင်းမီဒီယာ စာပေကဏ္ဍများကို အုပ်စိုးသော ရာသီ၊ စိတြနက္ခတ်နှင့် စန်းယှဉ်သော တန်ခူးလတွင် နေကြတ်မည်ဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် နိုင်ငံ၏သတင်းမီဒီယာ အနုပညာကဏ္ဍများတွင် ပဋိပက္ခမှုများ၊ အမြင်မတူမှုများနှင့်အတူ ငွေကြေးဆိုင်ရာ အရှုပ်တော်ပုံသတင်းဆိုးများ ဖြစ်ပေါ်နိုင်သည်။ ထင်ရှားကျော်ကြားသော အနုပညာရှင် ငွေကြယ်ပွင့် (အမျိုးသားတစ်ဦး) ကြွေလွင့်နိုင်သည်။

ကပ္ပဝေဒင်္ဂကျမ်းမှ ပြဆိုသော နေကြတ်နိမိတ်

ကပ္ပဝေဒင်္ဂကျမ်းမှ ဖွင့်ဆိုသော နေကြတ်နိမိတ်အရ နိုင်ငံတော်ဇာတာ၏ ရေဓာတ်ရာသီ (ပုတြဘာဝ) မိန်ရာသီတွင် နေအပြည့်ကြတ် အကျိုးဆက်အနေဖြင့် နေအပူရှိန်သည် ယခင်နှစ်များထက် ပိုနိုင်သည်။ မြစ်၊ ချောင်း၊ ရေကန်များတွင် ရေခြောက်သွေ့ ခန်းခြောက်နိုင်ပြီး သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်နိုင်သည်။ ကုန်းသတ္တဝါ (ကြက်၊ ငှက်)၊ ရေသတ္တဝါ (ပင်လယ်ထွက်ကုန် ငါး၊ ပုစွန်)များ ရောဂါထူပြော၍ ရေထွက်ကုန်ပစ္စည်းများ ရှားပါးနိုင်သည်။

ကမ္ဘာ့နိုင်ငံရေးလောကအတွက် နေကြတ်ဖြစ်စဉ်

မတ်လ ၂၀ ရက်နေ့ နေကြတ်ဖြစ်စဉ်ကြောင့် မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသနှင့် တောင်ဝင်ရိုးစွန်း အန္တာတိတ်ဒေသများရှိ ရေခဲမြစ်များ သည် အရည်ပျော်လာမှုကြောင့် သိပ္ပံသုတေသနစခန်းများ ထိခိုက်မှုရှိလာနိုင်သည်။ ဥရောပနိုင်ငံများနှင့် အင်္ဂလန်နိုင်ငံ၏ နိုင်ငံရေးဆက်ဆံမှုများ တင်းမာလာနိုင်မည်။ အင်္ဂလန်နိုင်ငံ၏ တော်ဝင်မိသားစုအတွင်း ပူဆွေးသောက ရောက်စေသော ဖြစ်ရပ်များ နှင့် ကြုံတွေ့ရတတ်သည်။ ဂျာမနီနိုင်ငံ အကြီးအကဲများ ကြီးမားသော နိုင်ငံရေးစိန်ခေါ်မှုများနှင့် ကြုံတွေ့ရတတ်သည်။ တန်ခိုးအာဏာအရှိန်ဖြင့် မောက်မာ၀င့်ကြွားနေသော ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်မင်း၊ သမ္မတတို့ စိတ် ပင်ပန်းဆင်းရဲမှုများနှင့် ကြုံတွေ့ရတတ်သည်။

နောက်ကြောင်းပြန်မလှည့်နိုင်သည့် ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေး

၂၀၁၅ ခုနှစ်အတွင်း ကြုံတွေ့လာရမည့် မြန်မာ့နိုင်ငံရေးခရီး အချိုး၊ အကွေ့၊ အဖု၊ အထစ်များသည် မည်သို့သော အခက်အခဲများပင် ဖြစ်စေကာမူ နိုင်ငံတော်အစိုးရအနေဖြင့် အမြော်အမြင်တရားရှိစွာဖြင့် ဖြေရှင်းနိုင်မည်ဟုအာကာသကောင်းကင်ရှိ ကြာသပတေး၊ ဥစ်ဂြိုဟ်အထူးမြင်ထားမှုက နိမိတ်ပြဆိုထားသည်။ နိုင်ငံတော်ဇာတာ ဗြိစ္ဆာလဂ်အိမ်ရှင် အင်္ဂါဂြိုဟ်သည် ၂၀၁၅ ခုနှစ် အတွင်း ပုံမှန်သွားလာမှုအရလည်း မြန်မာ့ နိုင်ငံရေးအခြေအနေသည် မည်သို့ အခက်အခဲ၊ အဖုအထစ်များရှိ စေကာမူ နောက်ကြောင်းပြန်လှည့်ရန် မရှိနိုင်ကြောင်း နက္ခတ္တဝေဒ ပညာအရ တွေ့ရှိရပါသည်။

ဆရာဝဏ္ဏ (ဝေဒ)

B.Sc (Maths), H.G.P

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

More from အသံများ

မယုံကြည်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ခြင်းဖြစ်

နိုင်ငံရေးပါတီဆိုသည်မှာ အစိုးရ၏အာဏာကို ရွေးကောက်ပွဲနည်းလမ်းနှင့် ရယူနိုင်ရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်ပြီး အယူအဆတူညီသူများဖြင့် စုပေါင်းဖွဲ့စည်း၍ မိမိပါတီ၏ နိုင်ငံရေးမူဝါဒနှင့် အယူအဆများကို လူထုထံသို့တင်ပြကာ လူထုထောက်ခံမှုကို ရယူ၍ နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွင် ပါဝင်ဆောင် ရွက်နိုင်ရန် read more

ဝေဒအသံ

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်လက်ခံကြသည်မှာ အမှုအလုပ် ဟုဆိုအပ်သော(ကမ္မ)၊ ထိုကံမှ ကောင်းကျိုး၊ ဆိုးကျိုး တို့ကို ပေးတော့မည့်နိမိတ် (ကမ္မနိမိတ်)၊ ကမ္မနိမိတ်မှ မိမိတကယ်ရရှိခံစားရမည့် (ဂတိနိမိတ်) တို့ ဖြစ်ပေါ်လာကြစမြဲဟု ယုံကြည်ကြသည္ read more