အတိတ်ဖြစ်ရပ်

သွေးစွန်းသော ဒီမိုကရေစီနေ့ရက်များ

မတ်လ ၁၂ ရက်နေ့မှာ အနောက်ကြို့ကုန်း လူငယ်တချို့နဲ့ ကျောင်းသားတွေ ရန်ဖြစ်ကြပါတယ်။ R.I.T ကျောင်းသားတွေ ရန်ဖြစ်တယ်ဆိုတာ အဆန်းတကြယ် ကိစ္စမဟုတ်ပါဘူး။ အဆောင်မှာဆိုရင် ပတ်တီးခေါင်းပေါင်းမင်းသားတွေ တစ်နှစ်ကို နှစ်လက်၊ သုံးလက် ရှိစမြဲပါ။ တချို့ဆို ရပ်ကွက်ထဲမှာ အိမ်ထောင်ကျပြီး ကြို့ကုန်းသား၊ အင်းစိန်သားတွေ ဖြစ်သွားတာတောင် ရှိပါသေးရဲ့။ ရန်ဖြစ်တယ်ဆိုပေမဲ့ ပျော်စရာတောင်ကောင်းသေး။ ရပ်ကွက်ထဲက လူငယ်တွေကလည်း ခြံကာထားတဲ့ ဝါးထရံတွေကို ဒိုင်းလုပ်ပြီး အကာအကွယ်ယူလို့ ကျောင်းရှေ့ကို ချီတက်၊ ကျွန်တော်တို့ကျောင်းသားတွေကလည်း လမ်းဘေးက တွေ့တဲ့ပြောင်းဖူးရိုးတို့၊ ဖိနပ်စုတ်တို့နဲ့ပေါက်၊ ဘေးကထိုင်ကြည့်ရင် ကစားနေသလားတောင် ထင်စရာပါ။ ဘယ်သူမှလည်း ထိပ်ပေါက်၊ ခေါင်းကွဲဖြစ်တယ် မကြားမိပါဘူး။ အဲဒီနေ့ မှောင်စပြုချိန်လောက်မှာ အငြိုးကြီးထား စောင့်ကြည့်နေတဲ့ မဆလအစိုးရကတော့ မီးသတ်လုံ ထိန်းတပ်တွေနဲ့ ကျောင်းမလွယ်ပေါက် ဂိတ်ကနေဝင်ပြီး ရေနဲ့ပက်၊ မျက်ရည်ယိုဗုံးခွင်း၊ ဂျီသရီးနဲ့ အသေပစ်သတ် ဖြေရှင်းခဲ့ကြတာပါ။
ဒီနေရာမှာ ဖုန်းမော်အကြောင်း ပြောရရင် သူဟာ အဆောင်ကျောင်းသား မဟုတ်ပါဘူး။ အနုပညာ၊ အားကစား သို့မဟုတ် ဆိုးလို့ပေလို့ ကျော်ကြားသူတွေထဲမှာလည်း မပါပါဘူး။ ရန်ဖြစ်တဲ့ထဲမှာလည်း မပါခဲ့ပါဘူး။ သူနဲ့အတူ သေနတ်မှန်ခဲ့တဲ့ စိုးနိုင်၊ မြင့်ဦးဆိုတာလည်း အေးအေးနေတတ်တဲ့ ကျောင်းသားတွေပါပဲ။ လုံထိန်းဝင်စီးတာကို ရေပန်းဝိုင်းထိပ်နားက စောင့်ကြည့်မိတဲ့အတွက် မလွယ်ပေါက်က တည့်တည့်ဝင်လာတဲ့ကျည်ဆံနဲ့တိုးခဲ့တာ ပါ။ လုံထိန်းတွေရဲ့ အနီးနားမှာ ရှိပေမဲ့ စီဆောင်ပေါက်ဘက်ကို ဓားလွယ်ခုတ်ထွက်ပြေးခဲ့တဲ့ ကျွန်တော်တို့ အဖွဲ့ကတော့ မျက်ရည်ယိုဗုံးဆိုတာကို ပထမဆုံးမြည်းစမ်းဖူးရုံ သက်သက်ပဲ ခံခဲ့ရပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘောလုံးကွင်းထဲကနေ ဆဲဆိုရေရွတ်ရုံက လွဲလို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဒီနေရာမှာ အားကိုးရတဲ့ ကျွန်တော်တို့ ဆရာတွေအကြောင်း ပြောရဦးမယ်။ ဆရာများအိမ်သွားပြီး လုံထိန်းရန်ကြောက်လို့ တံခါးသွားခေါက်မိတဲ့သူတွေကို သော့ပျောက်နေလို့ပါပြောပြီး မီးမှိတ်၊ အိပ်ချင် ယောင်ဆောင်နေကြသတဲ့ဗျာ။ မျက်ရည်ယိုဗုံးမီးခိုးတွေ ပြယ်စပြုချိန် အဆောက်အအုံ တစ်အောက်ကို ပြန်စုမိချိန်မှာ သေနတ်မှန်သူတွေ မရှိတော့ပါဘူး။ ဆရာဦးသာလှိုင်အပါ အဝင် တချို့ဆရာတွေ ဦးဆောင်ပြီး ဆေးရုံကို ခေါ်သွားတယ်ဆိုတာပဲ သိလိုက်ရပါတယ်။ ကျန်ခဲ့တာက သြဘာလမ်းထိပ်ကာတွန်းဘောက်စ်နဲ့ မနီးမဝေးမှာ သွေးကွက်တစ် ကွက်ပါ။ ဒါဟာ မတရားနှိပ်ကွပ်မှု၊ ရက်စက်မှုပါပဲ။ ကျွန်တော်တို့အားလုံး စိုးရိမ်မှုနဲ့ ဒေါသတွေပြည့်နေ့ပါပြီ။ တောက်ခေါက်သံတွေက မိုးချုန်းသလိုပါပဲ။ ကိုယ်ထဲမှာလည်း သွေးတွေဆူပွက်လို့ ငါတို့ဘာလုပ်ကြမလဲ ”ဟေ့ ဘယ်သူမှန်းမသိ ပေမဲ့ ဒီသွေးကွက်ဟာ အာဇာနည် သွေးကွက် ဒီနေရာဟာ အာဇာနည် ကြယ်တစ်ပွင့်ကြွေခဲ့တာ ဒီနေရာကနေ မတရားနှိပ်ကွပ်တဲ့ အစိုးရကို အာခံကြမယ်။”
ကျွန်တော်တို့ ဗိသုကာ အင်ဂျင်နီယာကျောင်းသားတွေပေါင်းပြီး ဗိသုကာသမမှ ဘိလပ်မြေနှစ်အိတ်ယူလို့ အဆောင်နှစ်ဘေးက အုတ်ပုံ၊ သဲပုံတွေနဲ့ပဲ သွေးကွက်ကို ကာရံထားတဲ့ ကြယ်တစ်ပွင့်ကို နာရီဝက်အတွင်း အဆောင်တစ်အောက်မှာ မွေးဖွားခဲ့လိုက်ကြတယ်။ ”ပလာစတာချောလိုက်ကြမလား” လို့ တစ်ယောက်ကမေးတော့ ”မချောဘူး။ အုတ်ခဲအနီရောင်ပဲ အနီရောင်ကြယ်ပဲလုပ်မယ်”။
အဲဒီနောက် ကျွန်တော့်အခန်းရှိတဲ့ ဘီဆောင်ဘက်ကို ခဏနားဖို့ ပြန်လာခဲ့ပါတယ်။ ”အဆောင်တစ်အောက်မှာတော့ အနီရောင်ကြယ်တစ်ပွင့်” မွေးဖွားခဲ့ပါပြီ။ နောင်မှာ ကြယ်ပွင့်ကြယ်ပွင့်တွေ မွေးဖွားပြီး အာဏာရှင်မဆလစနစ် ဆွေးကြီးကို ဖြိုချဖျက်ဆီးကြတော့ မယ်ဆိုတာကိုတော့ ကျွန်တော်အပါ အဝင် ဘယ်သူမှ ကြိုမသိခဲ့ပါဘူး။
(ဖော်ပြပါ စာမူသည် ၁၉၈၈ ခုနှစ်က စက်မှုတက္ကသိုလ်ကျောင်းသားတစ်ဦးက သူ၏ကိုယ်တွေ့ကို ပဲ့တင်သံသို့ပြောကြားချက်မှကောက် နုတ်ဖော်ပြချက်ဖြစ်ပါသည်။)

တဆက်တည်းဖတ်သင့်သော အကြောင်းအရာ : ငွေစက္ကူများကို တရားမ၀င်ကြေညာခြင်းသည် လူထုအုံကြွမှုကို အစပြုလိုက်ခြင်းဖြစ် . . .

More from အတိတ်ဖြစ်ရပ်

အကြမ်းဖက်မှုခံစားချက်များအချိန်မီ မတားဆီးနိုင်ပါက အန္တရာယ်ကြီးမား၊ သင်ခန်းစာယူသင့်

ရှစ်လေးလုံးအရေးတော်ပုံကာလတွင် အကြမ်းဖက်မှုများ ပေါ်ထွက် ခဲ့ရာ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်အချို့နှင့် သမဂ္ဂခေါင်းဆောင် အချို့တို့က ဖျောင်းဖျတားမြစ်ရန် ကြိုးစားခဲ့သော်လည်း read more

ဦးနုက သူသာလျှင်ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြေညာချက်အပေါ်ပြည်တွင်းပြည်ပ အမြင်ကွဲပြား

စက်တင်ဘာ ၉ တွင် တစ်တိုင်းပြည်လုံးမှ ဆန္ဒပြအင်အားစုများကို အံ့အားသင့်စေသည့် သတင်းတစ်ပုဒ် ထွက်လာသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုက သူဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်မည့် စင်ပြိုင်အစိုးရကို ဖွဲ့စည်း ကြောင်း ကြေညာလိုက်သည်။ read more