အချိန်ကာလအကျဉ်း

၁၉၈၈ခုနှစ် မတ်လ ၁၇ ရက် မှ ဇွန်လ ၂၁ ရက်

၁၇ မတ် ၁၉၈၈
ကိုဖုန်းမော် သေဆုံးရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းကြောင်း အာဏာပိုင်တို့က ကြေညာသည်။ စက်မှုကျောင်းသားအချို့နှင့် အနောက်ကြို့ကုန်းရပ်ကွက်လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းနှင့် စပ်လျဉ်းပြီး မိမိတို့သိရှိသမျှ ပြောပြလိုသူ များကိုလည်း စုံစမ်းရေးကော်မရှင်က ဖိတ်ခေါ်လိုက်သည်။
ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂကို လျှို့ဝှက်ဖွဲ့စည်းကြောင်း သတင်းများပေါ်ထွက်လာသည်။ ထိုအချိန်တွင် ကျောင်းသားအခွင့်အရေးများ ဆုံးရှုံးနေရသည်မှာ ကျောင်း သားထုတစ်ရပ်လုံးကိုယ်စား ဦးဆောင်တိုက်ပွဲဝင်ပေးမည့် အဖွဲ့အစည်း မရှိခြင်းကြောင့်ဟု ကျောင်းသားများက ထိုအချိန်တွင် ခံစားနေရသည်။
၁၈ မတ် ၁၉၈၈
ကျောင်းသားများသည် ရန်ကုန်မြို့တွင်းသို့ ချီတက်လာကြပြီး ဆန္ဒပြကြသည်။ အာဏာပိုင်တို့က မျက်ရည်ယိုဗုံးနှင့် ဖြိုခွဲပြီး ဆန္ဒပြ သူများကို ဖမ်းဆီးခေါ်ဆောင်ကာ ညသန်းခေါင်အချိန် အင်းစိန်အကျဉ်း ထောင်သို့ပို့ရာ အချုပ်ကားတွင်းမှ လူ ၄၁ ဦး သေဆုံးခဲ့သည်။
၂၇ မတ် ၁၉၈၈
ဦးနေဝင်းနှင့် သူ၏ အစိုးရအဖွဲ့ဝင်လူကြီးအချို့သည် အနောက် ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာသွားကြသည်။

၃၀ မတ် ၁၉၈၈
အာဏာပိုင်များ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မ ရှင်က မတ်လအရေးအခင်းများတွင် ကျောင်းသား ၃ ယောက် သေဆုံး၊ ၆၅၂ ယောက် အဖမ်းခံရ၊ ၁၄၁ ယောက်ကို ဆက်လက်ထိန်းသိမ်းထား ဟု ထုတ်ပြန်ကြေညာသည်။

၉ မေ ၁၉၈၈
ဦးအောင်ကြီး၏ ဦးနေဝင်းထံ ဦးတည်ရေးသားသော အိတ်ဖွင့်ပေး စာများ ထွက်ပေါ်လာပြီး အစိုးရကို စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

၂၆ မေ ၁၉၈၈
ဥရောပခရီးစဉ် လှည့်လည်နေသော ဦးနေဝင်း မြန်မာပြည်သို့ ပြန်ရောက်သည်။

၃၀ မေ ၁၉၈၈
ပိတ်ထားသော ကျောင်းများကို ပြန်ဖွင့်ပေးသည်။ တက္ကသိုလ်ဝန်း ကျင်တွင် အစိုးရဆန့်ကျင်ရေး လှုံ့ဆော်ထားသော ကြေညာစာရွက်များ ထွက်ပေါ်လျက် ရှိသည်။

၈ ဇွန် ၁၉၈၈
ဦးနေဝင်း၏ အိတ်ဖွင့်ပေးစာများဟု ဆိုသောစာများ ထွက်ပေါ် လာပြန်သည်။ ဖြစ်ပွားခဲ့သော အရေးအခင်းများနှင့် ပတ်သက်ပြီး အိတ် ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

၁၅ ဇွန် ၁၉၈၈
ကျောင်းသားလှုပ်ရှားမှုများ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတွင် ပြန်လည်ပေါ်ထွက်လာသည်။

၂၁ ဇွန် ၁၉၈၈
မြေနီကုန်းအရေးအခင်းဖြစ်ပွားသည်။ ရာနှင့်ချီရှိသည့် ကျောင်း သားများက မြို့တွင်းသို့ထွက်၍ ဆန္ဒပြကြရာမှ မြေနီကုန်းအရောက် တွင် လုံထိန်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နင်းခြင်းကို ခံရသည်။
အဆိုပါအဖြစ်အပျက်ကို မြင်ကြရသည့် အနီးအနားမှ လူထု ပရိသတ်က ရရာလက်နက်များကိုင်စွဲပြီး လုံထိန်းတပ်ဖွဲ့ဝင်များကို ခုခံတိုက်ခိုက်သည်။ ဆန္ဒပြသူနှင့် လုံထိန်းအချို့ သေဆုံးသည်။
ထိုနေ့ ညနေတွင် အစိုးရက ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်များ ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းကို စစ်အုပ်ချုပ် ရေးနယ်မြေအဖြစ် သတ်မှတ်သည်။ တက္ကသိုလ်နှင့် ကောလိပ်များကို လည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။

More from အချိန်ကာလအကျဉ်း

လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးအသိ နိုင်ငံရေးသတိ

ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် ဘာသာနှင့်လူမျိုးပေါင်းစုံ အတူတကွသဟဇာတဖြစ်အောင် နေထိုင်ခဲ့ကြသည်။ အလားတူ မြန်မာ့ပဒေသရာဇ်ခေတ်နှောင်း ပိုင်းတွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သည့်ဘုရင်များမှာ အများစု ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်ကြသော်လည်း read more

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၀ ရက် မှ ၂၃ရက်

သြဂုတ် ၈ ရက်နေ့ပိုင်း ဖြစ်ပွားခဲ့သည့် လူထုဆန္ဒပြပွဲ များတွင် ရန်ကုန်ဆေးရုံကြီးသို့ အမှန်တကယ် ရောက်ရှိလာသူ လူနာများအနက် ဒဏ်ရာရသူ ၂၆၇ ဦးနှင့်သေဆုံးသူ ၁၁၃ဦး သာဖြစ်ကြောင်း read more