ဧည့်သည်အသံ

မြန်မာနိုင်ငံ၏ ပျက်စီးမှုများကို ဂျပန်က ပြန်လည်တာဝန်ယူရမည်

ရန်ကုန်၊ ဇူလိုင် ၁၄
ဂျပန်နိုင်ငံ Sophia University မှ ဘွဲ့လွန်ကျောင်းသားတစ်ဦးအဖြစ် မြန်မာနိုင်ငံသို့ သုတေသနစာတမ်းပြုစုနေသော ဂျပန်လူမျိုးတစ်ဦးဖြစ်သူ ISHINKAWA Kuzumasa(မြန်မာနာမည်ဝင်းငြိမ်း)နှင့် တွေ့ဆုံခဲ့ရာ အာဇာနည်နေ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်။
မြန်မာနိုင်ငံ အာဇာနည်နေ့ကို ဂျပန်ကလူတွေ အခုနောက်ပိုင်း သိတဲ့သူနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်လိုဘာသာပြန်ပြီး ရေးတဲ့သူနည်းလို့ပါ။ အာဇာနည်ကိုးဦးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ဂျပန်က လူအားလုံးလိုလို သိကြတယ်။ စစ်ကြိုခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက ရှီဇူအိုက(SHIZOOKA) ခရိုင်၊ ဟမာမာစူ(HAMAMATUS) မြို့မှာ လနဲ့ချီပြီးနေသွားခဲ့တယ်။ ဒါကြောင့် ဗိုလ်ချုပ်အေင်ဆန်းကိုတော့ ထင်ထင်ရှားရှား သိကြပါတယ်။ နာမည်ကြီးတယ်။ ကျောက်စာလည်းရှိတယ်။ ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက မြန်မာနိုင်ငံရဲ့ပျက်စီးမှုတွေအတွက် ဂျပန်က ပြန်လည်တာဝန်ယူရမယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ ဂျပန်က NGO အဖွဲ့တွေတော်တော် များများက မြန်မာနိုင်ငံရဲ့ အကျိုးအတွက် အကူအညီတွေပေးနေတာပါ။ ဂျပန်မှာ ကလေးတွေကို ကမ္ဘာ့သမိုင်းနဲ့ပတ်သက်ပြီး သင်ပေးတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကိုယ့်အမှားအတွက် တာဝန်ယူပေးရမယ်ဆိုပြီး ထည့်ပြီးသင်ပေးပါတယ်။ အာဇာနည်ဗိမာန်ကို ရှေ့လထဲမှာ ရောက် သွားခဲ့ပါတယ်။ အရင်နှစ်တွေတုန်းက နိုင်ငံခြားသားတွေ အာဇာနည် ဗိမာန်ထဲကို ဝင်ခွင့်မရခဲ့ပါဘူး။ ဒီနှစ်မှ ဝင်ခွင့်ရခဲ့တာပါ။ ဝင်ကြေးအနေနဲ့ နှစ်ဒေါ်လာပေးရပါတယ်။ ၅ လပိုင်းလောက်ကတည်းက ဖွင့်ထားတယ်လို့ သိရပါတယ်။ ဗိမာန်ထဲကိုဝင်တဲ့အခါမှာ အင်္ဂလိပ်လိုရေးထားတဲ့ဗိမာန်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဝေပါတယ်။ မြန်မာလိုတော့မရှိပါဘူး။ မနှစ်တုန်းက အာဇာနည်နေ့မှာ မြန်မာပြည်မှာ ကျွန်တော်ရှိပါတယ်။ အဲဒီ တုန်းက ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ မြန်မာပြည်မှာ ပြောင်းလဲမှုတွေဖြစ် ပေါ်နေပြီဆိုပြီး ခံစားရပါတယ်။ ပြီးတော့ ပြောင်းလဲမှုတွေကို ကိုယ်တိုင် ခံစားနေရတဲ့မြန်မာလူမျိုးတွေအကြောင်းကိုလည်း စိတ်ဝင်စားပြီးတော့ သိချင်ပါတယ်။ ဒီနှစ် ဇူလိုင် ၁၉ မှာတော့ ရန်ကုန်မှာ ကျွန်တော် မရှိပါဘူး။ မန္တလေးကို ကမ္မဝါစာနဲ့ ပတ်သက်တဲ့သူတေသနလုပ်ငန်းအတွက် ခရီးသွားရဦးမှာပါ။ ဒီနှစ် အာဇာနည်ဗိမာန်ကို ဝင်ကြည့်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အာဇာနည်ဗိမာန်ကို ဟိုးအရင်တုန်းက ဂျပန်မှာ သိတဲ့သူများပေမဲ့ နောက်ပိုင်း ပိတ်ထားတာကြာတဲ့အတွက် သိတဲ့သူနည်းလာတာပါ။ အခုလို ပြန်ဖွင့်ပြီး သိအောင်လုပ်မယ်ဆိုရင် အရမ်းကောင်းပါတယ်
ဝ၁၇