အနုပညာသည်အသံ

စာကြည့်တိုက်များ ကျဆုံးခြင်း ကိုယ်ကျိုးစီးပွားရှာခြင်းကြောင့်ဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၃ဝ
ရသစာပေဖတ်ရှုနှုန်း ကျဆင်းလာခြင်းကြောင့် ပြန်လည်ထွန်းကားလာစေရန် ရည်ရွယ်၍ ရန်ကုန်ဘူတာကြီး ခုံးကျော်တံတားအောက်မှ Lucky Flower လက်ဖက်ရည်ဆိုင်တွင် စာရေးသူများကိုယ်တိုင်ဖတ်ကြားသော ရသ စာဖတ်ဝိုင်းများကို ဦးဆောင်ကျင်းပနေသူ စာရေးဆရာရဲသျှမ်းအား ပဲ့တင်သံ ဂျာနယ်မှ ရသစာပေနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေမှုများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
နှလုံးသား ရင့်ကျက်စေရန်၊ ခံစားတတ်စေရန် ရည်ရွယ်ရေးသားသော ရသစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအား ဆရာရဲသျှမ်းက ”ရသစာပေကို ခံစားတဲ့သူတွေက ဓမ္မနဲ့အဓမ္မကို ခွဲခြားသိတတ်လာတယ်။ အမှားနဲ့အမှန် ကို ခွဲခြားနိုင်သွားတယ်။ ပြီးတော့ ရသစာပေဖတ်တဲ့သူက ဘယ်တော့မှ လမ်းမှားကို မရောက်သွားဘူး။ ရသစာပေကို နားလည်ခံစားတတ်တဲ့သူရဲ့ နှလုံးသားဟာ ယဉ်ကျေးသွားတယ်၊ မရိုင်းတော့ဘူး”ဟု ပြောသည်။
လူငယ်များ ရသစာပေကို ခံစားတတ်စေရန်အတွက် အဓိကတာဝန်ရှိသူများမှာ မိဘနှင့် ဆရာသမားများဖြစ်ပြီး ငယ်စဉ်ကတည်းက စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လေ့ကျင့်ပေးရမည့် မိဘဆရာသမားများကိုယ်တိုင်ကလည်း စာအုပ်စာပေ များကို ဖတ်တတ်သည့်အလေ့အကျင့်လိုပြီး သို့မှသာ ကလေးများကို တိုက်တွန်း ပေးရာတွင် အရာရောက်မည်ဖြစ်ကြောင်း၊ ကလေးများ၏ အသက်အရွယ်အလိုက် ၎င်းတို့နှင့်သင့်လျော်သော စာပေများကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယင်းစာပေများမှတဆင့်အသိလိမ္မာ၊ ခံစားမှုများ စိတ်ဓာတ်များ သိမ်မွေ့ ယဉ်ကျေးလာမည်ဖြစ်ကြောင်း ၎င်းက အကြံပြုခဲ့သည်။
လက်ရှိတွင် ရသစာပေဖတ်နှုန်းကျဆင်းလာမှုတွင် ရသစာအုပ်ဈေးကွက် အခြေအနေနှင့်ပတ်သက်၍ ”အခု ရသစာအုပ်တွေ ထုတ်နေတဲ့ စာရေးသူတွေ က ရှုံးမှန်းသိသိနဲ့ အရှုံးခံပြီး စာပေချစ်မြတ်နိုးစိတ်နဲ့ ထုတ်နေကြတာ။ စာအုပ်ဈေးက မြင့်တယ်ဆိုတာကလည်း အုပ်ရေရောင်းရတာ နည်းတော့ မြင့်တာပေါ့။စာအုပ်တစ်အုပ်ရဲ့ကုန်ကျစရိတ်က အုပ်တစ်ထောင်ရိုက်လည်း ဒီဈေးပဲ။ အုပ်တစ်သိန်းရိုက်လည်း ဒီဈေးပဲ၊ များများရောင်းရတယ်ဆိုရင် စာအုပ်ဈေးလည်း အများကြီးကျသွားမှာပဲအဲဒီသဘောမျိုးပဲ။ နိုင်ငံခြားမှာက စာအုပ်တွေ ဖတ်နိုင်ကြတယ်ဆိုတာ သူတို့နိုင်ငံက စာအုပ်တွေက သိန်းနဲ့ချီပြီး ရောင်းရတော့ အများသူငါ တတ်နိုင်တဲ့ဈေးနှုန်းမျိုးနဲ့ ရောင်းပေးနိုင်တာပေါ့။ မြန်မာနိုင်ငံမှာက လူဦးရေသန်း ၆ဝ လောက်ရှိ တာကို စာအုပ်တစ်ထောင်လောက်ကို နှစ်နဲ့ချီပြီး ရောင်းနေရတယ်”ဟု ရသစာအုပ်ဈေးကွက်ဖြစ်တည်မှုကို စာရေးဆရာ ရဲသျှမ်းက သုံးသပ်စကား ဆိုခဲ့သည်။
ထို့ပြင် ခရီးသွားပြည်သူများ စာဖတ်လာစေရန်အတွက် စာပေရေချမ်း စင်များ၊ စာကြည့်တိုက်များနှင့်ပတ်သက်၍ ”စာပေရေချမ်းစင်တွေမှာ စာဖတ် တဲ့သူတွေတော့ ရှိပါတယ်။ ဘူတာကြီးမှာကို သုံးခုလောက်ရှိတယ်။ သူတို့ဖတ် တာက ဂျာနယ်၊ မဂ္ဂဇင်းတွေလောက်ပဲရှိတယ်။ စာပေရေချမ်းစင်တွေမှာက Classic စာအုပ်ကြီးတွေ၊ ဂန္ထဝင်စာအုပ်ကြီးတွေ မတင်နိုင်ဘူး။ တင်လို့ရှိရင်လည်း ပျောက်သွားတာများတယ်။ ယူသွားကြတယ်။ နိုင်ငံတော်က စာဖတ်ဖို့အတွက် စာကြည့်တိုက်တွေဖွင့်ပေးပေမဲ့ စာကြည့်တိုက်တွေက Policy အရပဲ ဖြစ်နေတယ်။ ပြယုဂ်အနေနဲ့ပဲ စာကြည့်တိုက်ကို ဖွင့်တဲ့အခါကျတော့ မအောင် မြင်ကြဘူး။ စာကြည့်တိုက်က နယ်ဘက်တွေမှာဆို နောက်ဆုံးမှာ နွားတင်းကုပ် ပဲ ဖြစ်သွားကြတာများတယ်။ စာကြည့်တိုက်ကော်မတီတွေက စာကြည့်တိုက် ရှင်သန်ဖို့နဲ့ ကိုယ့်ဒေသမှာရှိတဲ့သူတွေ စာဖတ်ဖို့အတွက်က ပျောက်ပြီး စာကြည့်တိုက်တစ်ခုဖွင့်ရင် နေရာတစ်ခုဝင်ယူပြီး အဲဒီကနေ Fan တွေ ဘယ်လို အိတ်ကပ်ထဲ ထည့်ရင်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေများတဲ့အတွက် အဲဒီ အချက်တွေက စာကြည့်တိုက်တွေ ကျဆုံးသွားရတဲ့အထဲမှာ ပါတယ်။ အဲဒါတွေ ရှိနေသရွေ့ မအောင်မြင်နိုင် ဘူး။တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ ကနေစပြီး ဒါတွေကို ပြင်သွားရမှာပဲ”ဟု ဆရာရဲသျှမ်းက ဆိုသည်။
ဝ၁၇

More from အနုပညာသည်အသံ

မြစ်ဆုံစီမံကိန်းကို ပြည်သူများကလက်ခံမည်မဟုတ် ဧရာဝတီကိုကာကွယ်သောအစိုးရသာအလိုရှိ

ဧရာဝတီမြစ်ဆုံစီမံကိန်းကိုပြည်သူများက မည်သည့်အခါမျှလက်ခံမည်မဟုတ်သဖြင့် မည်သည့်အစိုးရတက်လာတက်လာ ဧရာဝတီကို ကာကွယ်မပေးနိုင်သောအစိုးရဆိုလျှင် လုံးဝမထောက်ခံဘဲ အတက်လည်းမခံနိုင်ကြောင်း read more

ငြိမ်းချမ်းရေးရရန်အတွက် နှစ်ဖက်စလုံး ရိုးသားရန်လိုပြီး ငြိမ်းချမ်းရေးမှ ညီညွတ်ရေးသီချင်းများဆီသို့ ဆက်လက်ရေးသားရန်ဆန္ဒရှိ

ငြိမ်းချမ်းရေးဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်သည့်အတွက်အရေးအကြီးဆုံးမှာ နှစ်ဖက်စလုံးရိုးသားရန်လိုအပ်ကြောင်း၊ read more