ကျန်းမာရေးသတင်း

အိပ်ချိန်မမှန်ခြင်းကြောင့် ဆီးချိုနှင့် အဝလွန်ရောဂါ ဖြစ်ပွားနိုင်

မတ် ၁၅

အလုပ်ခွင်တွင် စိတ်ဖိစီးခြင်းကြောင့် ရုံးတက်ရက်များတွင် အိပ်ချိန်အပြောင်းအလဲ ပြုလုပ်ရသူများ၌ တစ်ချိန်ချိန်တွင် ဆီးချိုနှင့် အဝလွန်ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

ယူကေ၊ ဘရစ်စတိုတက္ကသိုလ်နှင့် ကာတာ ဆေးတက္ကသိုလ်မှ သုသေသနအဖွဲ့သည် အိပ်ချိန်မမှန်ခြင်းနှင့် ပတ်သတ်ပြီး လေ့လာမှုတစ်ခုကို ပါဝင်သူ ၅၂၂ ဦး၏ အိပ်ချိန်ပေါ်တွင် အမှီပြုလျက် လေ့လာခဲ့ကြသည်။ နဂိုကျန်းမာသောသူများပင်လျှင် ညဘက်အလုပ်လုပ်ရခြင်း၊ အိပ်ချိန်အပြောင်းအလဲဖြစ်ခြင်းတို့ကြောင့် ဆီးချိုအကြိုအဆင့်သို့ လျင်မြန်စွာ ပြောင်းလဲနိုင်ကြောင်း သိရသည်။

ပြောင်းလဲလာသော လူနေမှုစနစ်ကြောင့် လူအများစုသည် အိပ်ချိန် အရွှေ့အပြောင်းပြုလုပ်ရပြီး စနေ၊ တနင်္ဂနွေပိတ်ရက်များ တွင် အိပ်ချိန် အကြွေးဆပ်ရလေ့ရှိသည်။ ထိုသို့ အိပ်ချိန်အကြွေးဆပ်ရာတွင် ပုံမှန်အိပ်နေကျအချိန်ထက် မိနစ် ၃၀ ခန့် အရွှေ့အပြောင်းပြုလုပ်ရုံနှင့်ပင် သွေးထဲမှ သကြားဓာတ်ကို ထိန်းညှိပေးသော အင်ဆူလင်ဟော်မုန်း အပြောင်းအလဲဖြစ်ကာ အဝလွန်ရောဂါ ဖြစ်ပွားနိုင်သည်။ အဝလွန်နှင့် ဆီးချိုသည် အတူတကွ ဖြစ်ပွားနိုင်ပြီး ပုံမှန်အိပ်စက်နေရာမှ အိပ်ချိန်ပြောင်း လိုက်သောအခါ ဟော်မုန်းရစ်သမ်ပြောင်းလဲပြီး သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်ရာတွင် ခက်ခဲလာနိုင်သည်။

ဆီးချိုနှင့် အဝလွန်ရောဂါသည် အဖြစ်များလျက်ရှိပြီး ကောင်းစွာမကုသပါက နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုး၊ ကျောက်ကပ်နှင့် မျက်လုံးထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သည်။ စနေ၊ တနင်္ဂနွေတွင် မည်မျှအစား ပြန်အိပ်စက်ပါစေ၊ တစ်ညတာ အိပ်ချိန်မမှန်ခြင်းပင်လျှင် ခန္ဓာကိုယ် ဟော်မုန်းစနစ်အပေါ် သက်ရောက်မှု ရှိနေသည်။ ထို့ကြောင့် ဆီးချိုနှင့် အဝလွန်ကို ကာကွယ်လိုလျှင် အိပ်ချိန်ပုံမှန်အိပ်စက်ခြင်းကို ပြုလုပ်ပေးပြီး အကြွေး အိပ်စက်ခြင်းကို ရှောင်ခြင်းဖြင့် ဟန့်တားနိုင်ဖွယ် ရှိသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

ယူကေရှိ ကျန်းမာရေးဘတ်ဂျတ်အားလုံး၏ ၁၀% သည် ဆီးချိုရောဂါကုသရေးတွင် အသုံးပြုနေရပြီး ယခုလေ့လာမှုကို ကျန်းမာရေးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝ၃၁၊ BBC news

More from ကျန်းမာရေးသတင်း

မြင်းချေးမှိုတစ်မျိုးမှ ပဋိဇီဝပစ္စည်း ထုတ်ယူနိုင်မည်ဟု မျှော်လင့်

ဥရောပ သိပညာရှင်များသည် မြင်းချေးမှတွေ့သော မှိုတစ်မျိုးမှ ဘက်တီးရီးယားကို သေစေနိုင်သည့် ဓာတ်တစ်မျိုးကို တွေ့ခဲ့ သည်။ ယင်းဓာတ်ကို Copsin ဟု ခေါ်ပြီး ၎င်းမှာ ပရိုတိန်းတစ်မျိုးဖြစ်ကာ လက်တွေ့ဆေးပညာတွင် အသုံးပြုနေသော ပဋိဇီဝဆေးဝါးများကဲ့သို့ read more

ကလေးကျန်းမာရေးအတွက် လှုပ်ရှားမှုပြုရသောဂိမ်း ကစားသင့်

တီဗီရှေ့တွင် အချိန်ကုန်ဆုံးတတ်သော ကလေးများသည် အရွယ်ရောက်လာသောအခါ တစ်ချိန်ချိန်တွင် ကိုယ်အလေးချိန် တက်လာနိုင်ကာ အဝလွန်ရောဂါ ဖြစ်နိုင်ကြောင်း သုတေသနတစ်ခုမှ ဖော်ပြထားသည္ read more