အုတ်တစ်ချပ်သဲတစ်ပွင့်

ကရုဏာမြန်မာ့ပရဟိတလူငယ်များအသင်း မန္တလေးဆေးတက္ကသိုလ်ကျောင်းသားများ ထူထောင်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ရာ တွင် နိုင်ငံတော်အစိုးရအားသာမကဘဲ အသင်းအဖွဲ့အားလည်း လိုအပ်လျက်ရှိရာ ထိုသို့သော လိုအပ်ချက်အရ ပြည်တွင်း၌ အသင်းအဖွဲ့အများအပြား ပေါ်ထွက် လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ အဘက်ဘက်က နိမ့်ကျလျက်ရှိသည့် ပြည်တွင်းအခြေအနေများအနက် ပညာရေးကဏ္ဍအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပေါ်ထွက်လာသလို ကျန်းမာရေး၊ လူမှုရေးမှအစ သေရေး နေရေးအတွက်တို့အတွက်ကိုလည်း လူမှုပရဟိတအသင်းအဖွဲ့များစွာ ပေါ်ထွက် လျက်ရှိသည်။
လူမှုအကျိုးပြုပရဟိတအသင်းများတွင် အသင်းတချို့မှာ အများပြည်သူထံမှ အလှူငွေကောက်ယူခြင်းဖြင့် တစ်ဆင့်ပြန်လည်လှူဒါန်းကြသလို အသင်းတချို့မှာ တူရာအစုအဖွဲ့အလိုက် အသင်းသားများထည့်ဝင်ငွေကြေးဖြင့်သာ လှူဒါန်းမှု ပြုကြခြင်းမျိုးလည်း ရှိသည်။ သို့ရာတွင် အသင်းသားများ၏ ထည့်ဝင်ငွေဖြင့်သာ ကူညီထောက်ပံ့မှု ပြုကြသည့် အသင်းတချို့အနေနှင့် ရေရှည်ရပ်တည်နိုင်ရေး အတွက် အခက်အခဲတချို့ရှိကြကြောင်း သိရသည်။
နိုင်ငံ၏ လိုအပ်ချက်ကွက်လပ် များအတွက် အသင်းအဖွဲ့အသီးသီးတို့ က တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင် ရွက်လျက်ရှိရာ ထိုသို့သောအသင်းအဖွဲ့ များ၏ ထူးခြားလုပ်ဆောင်ချက်များကို ပဲ့တင်သံဂျာနယ်မှ မှတ်တမ်းပြုဖော်ပြ လျက်ရှိသည်။ ယခုအပတ်အတွက် ပဲ့တင်သံဂျာနယ်၏ အုတ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍတွင် မန္တလေးဆေး တက္ကသိုလ်မှ ကရုဏာမြန်မာ့ပရဟိတ လူငယ်များအသင်း၏ ထူးခြားဆောင် ရွက်မှုတချို့ကို မှတ်တမ်းတင်ဖော်ပြ လိုက်သည်။
ဆေးတက္ကသိုလ်ကျောင်းသား/ ကျောင်းသူအဖြစ်သို့ မရောက်ခင် အခြေခံပညာအထက်တန်း ကျောင်း သား/ကျောင်းသူအဆင့် တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဖြေပြီးစအချိန်တွင် စိတ်တူကိုယ်တူလူငယ်များစုစည်းမှုဖြင့် အဆိုပါပရဟိတအသင်းကို တည် ထောင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး တည်ထောင်ခါစက အသင်းဝင်လူငယ် ၃၀ ခန့်ဖြင့် စခဲ့ကြသည်ဟု လက်ရှိအချိန်၌ အသင်း၏အလုပ်အမှုဆောင်ဖြစ်နေသူ ကိုကောင်း ထက်က ဆိုသည်။
အသင်း၏အမည်ကို ကရုဏာမြန်မာ့ပရဟိတလူငယ်များအသင်းဟု သတ် မှတ်ခေါ်ဝေါ်စေပြီး မြန်မာနှစ် ၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ (ခရစ်နှစ် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်)တွင် စတင်တည်ထောင် သည်ဟု သိရသည်။
လွတ်လပ်၍တကြွ်ကသောခေတ်ပညာတတ်လူငယ်များဖြစ်သည်နှင့်အညီ မည်သို့သောအဖွဲ့အစည်း၏ မည်သည့်အထောက်အပံ့မျှမယူဘဲ ကိုယ်ပိုင်ငွေကြေး ဖြင့်သာ လှူဒါန်းထောက်ပံ့မှုပြုကြသည်ဆိုသည်ကလည်း တစ်မူထူးခြားလို့ နေပြန် သည်။
နိုင်ငံရေးနှင့်ပတ်သက်စပ်ယှက်မှုလည်းမရှိ၊ နိုင်ငံသားအချင်းချင်း လူမျိုးရေး ပဋိပက္ခဖြစ်စေလိုသည့် ရည်ရွယ်ချက်လည်းအလျှင်းမရှိပါဘဲ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးအစရှိသော ကဏ္ဍများအတွက် လိုအပ်ချက်ဖြည့်တင်းပေး ရန်သာရည်ရွယ်ပြီး တကယ်တမ်းလည်း ပြည်တွင်း၌အတိဒုက္ခ ရောက်လျက်ရှိ သည့်နယ်မြေဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှုပြုကြ သည်ကို ယင်းတို့၏ ဆောင်ရွက်ပြီးအခြေအနေများအရ သိရသည်။
ရည်ရွယ်ချက်က ပညာရေး၊ကျန်းမာရေးကဏ္ဍတွေမှာ လိုအပ်တယ်လို့ သိရတဲ့နေရာဒေသတွေကို ငွေအားလူအားနဲ့တတ်စွမ်းသမျှကူညီပေးဖို့ နောက်ပြီး တော့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို တတ်စွမ်းသလောက် ကူညီဖြည့်ဆည်းပေးဖို့ရည်ရွယ်ပါတယ်။ အခုချိန်ထိ လှူ ဒါန်းထောက်ပံ့ခဲ့တဲ့ အကြိမ်ပေါင်းက ၂၁ ကြိမ်ရှိခဲ့ပါပြီ။ အခုလာမယ့် တစ်လ နှစ်လအတွင်း သွားလှူမယ့်နေရာနှစ်ခု လတ်တလောရွေးချယ်ထားပါတယ်။ ဒီအထဲကမှ အမှန်တကယ်လိုအပ်မယ့်နေရာတစ်ခုကို ကော်မတီနဲ့ အသင်းသား တွေဆုံးဖြတ်ရွေးချယ်မှုနဲ့သတ်မှတ်မှာပါ ဟု အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တချို့ကို ကိုကောင်းထက်က ရှင်းပြသည်။
လက်ရှိအချိန်အထိ လှူဒါန်းထောက်ပံ့ပြီးသမျှ ပစ္စည်းအသုံးအဆောင် အဆောက်အအုံအတွက် လှူဒါန်းငွေအပါအဝင် လစဉ်ထောက်ပံ့ငွေပါစုစုပေါင်း သိန်းရာချီရှိခဲ့ကြောင်း သိရပြီး လှူဒါန်းထောက်ပံ့မှုအတွက်အလှူငွေရရှိရေးကို တော့ အသင်းဝင်ကျောင်းသားကျောင်းသူများ စုပေါင်းထည့်ဝင်ကြခြင်းဖြစ် ကြောင်း သိရသည်။
အင်အား ၇၀ဝ ကျော်လောက်က တတ်နိုင်သလောက် ငွေကြေးတွေ ထည့်ကြပါတယ်။ လှူစရာပေါ်လာမှ ကောက်ယူတာမျိုးမဟုတ်ဘဲ တစ်လ တစ်ကြိမ် အလျဉ်းသင့်သလို ထည့်ဝင်ကြတာပါ။ ဒါမှ လှူစရာပေါ်လာတဲ့အခါ အသင့်လှူနိုင်တာပေါ့။ လှူစရာပေါ်လာလို့ စီစဉ်ကြပြီဆိုရင်တော့ ကျောင်းသား မိဘတွေနဲ့သူတို့နဲ့ ပတ်သက်တဲ့အလှူရှင်တွေဆီက ထပ်ရပါတယ်။ တခြားတော့ ဘယ်လိုအဖွဲ့အစည်းတွေဆီကမှ မယူပါဘူး။ ကျောင်းကဆရာ/ ဆရာမတွေက လည်း ဝိုင်းကူလှူဒါန်းကြတာတွေလည်းရှိပါတယ် ဟု အလှူငွေ စုဆောင်းမှု အခြေအနေနှင့်ပတ်သက်ပြီး ကိုကောင်းထက်က ဆက်လက်ရှင်းပြသည်။
အသင်းအနေနှင့် မည်သို့သောအဖွဲ့အစည်းထံကမှ လက်ဖြန့်တောင်းယူမှာ မျိုးမဟုတ်ဘဲ ယခုလိုရှင်းပြရသည်ကလည်း အသင်း၏မွန်မြတ်သောဆောင်ရွက် ချက်များကို အများသိစေလိုသည့်အတွက် ရှင်းပြရခြင်းဖြစ်သည်ဟုလည်း ယင်းက တစ်ဆက်တည်းပြောသည်။
ခေတ်ပညာတတ် ဆေးကျောင်းသား/ကျောင်းသူများ စုစည်းတည်ထောင် သည့်အသင်းဖြစ်သည်နှင့်အညီ အလုပ်အမှုဆောင်အဖွဲ့ကို စနစ်တကျဖွဲ့စည်း ထားပြီး ဥက္ကဋ္ဌ တစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနှင့် ၂၀ ဦးထက်မပိုသောအလုပ်အမှု ဆောင်အဖွဲ့ဝင်များဟူ၍ ရာထူးတာဝန်ကို အစဉ်လိုက်သတ်မှတ်ထားသည်။ အလုပ်ခွဲဝေမှုအပိုင်းတွင်လည်း ပြန်ကြားရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ လစဉ်ထောက်ပံ့ရေးဆပ်ကော်မတီ၊ အလှူဖြစ်မြောက်ရေးကော်မတီ အစရှိသဖြင့် ကော်မတီအသီးသီးဖွဲ့စည်းထားပြီး လုပ်ငန်းပိုင်းအလိုက် တာဝန်ခွဲဝေယူကြသည် ဟု အသင်းဖွဲ့စည်းပုံအရ သိရသည်။
လှူဒါန်းမှု ၂၁ ကြိမ်တွင် အသင်းတည်ထောင်စ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလှူဒါန်းခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီး ကုန်းရွာ၊ အနန္တဂုဏ်ရည် မဇ္ဈိမဝါဒီပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့အလှူသည် ပထမဦးဆုံးဖြစ်ပြီး နောက်တစ်နှစ် ၂၀၁၂ ခုနှစ် အောက်တို ဘာလက ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့ လှူဒါန်းခြင်းကတော့ အမှတ်တရဖြစ်စေခဲ့သည်ဟု အသင်း၏ပြန်ကြားရေးတာဝန်ယူထားသူ ကိုပြည့် စုံမောင်က ပြောသည်။
အထူးသဖြင့် ပညာရေးကဏ္ဍများအတွက် လှူဒါန်းခြင်းက အများဆုံး ဖြစ်နေသည်ကိုတွေ့ရပြီး အထွေထွေလှူဒါန်းမှုများအနေနှင့်ကတော့ ရေနံ့သာအနာ ကြီး ရောဂါသည်များအတွက် လှူဒါန်းခြင်းနှင့် မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းခြင်း၊ ဆေးကုသခံလူနာများသို့လှူဒါန်းခြင်းအပြင် ပညာရေးအတွက်ကို လည်း လစဉ်ထောက်ပံ့သည့်အစီအစဉ်များရှိကြောင်းလည်း သိရသည်။
နောက်ထပ်လှူဖို့စီစဉ်ထားပါတယ်။ ငါန်းဇွန်မြို့နယ်ဘက်ဖြစ်မလား၊ ပုသိမ်ကြီးဘက်က စိမ့်စမ်းရေ(ဘက)ကျောင်း ဖြစ်မလားတော့မသိသေးဘူး။ ဇူလိုင်လလောက် လုပ်ဖြစ်မယ်ခန့်မှန်းထားပါတယ် ဟု ၂၂ ကြိမ်မြောက်သွား ရောက်လှူဒါန်းမည့်အစီအစဉ်နှင့်ပတ်သက်၍လည်း ကိုကောင်းထက်က ဖြည့် စွက်ပြောသည်။
အသင်းအနေနှင့် တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည်အခမ်းအနားကျင်းပလေ့ ရှိပြီး ယခုနှစ်အတွက် နှစ်ပတ်လည်အခမ်းအနားကိုလည်း အသင်းစတင်တည် ထောင်သောလတွင် လုပ်ဆောင်သွားမည်ဖြစ်ရာ အသင်း၏လုပ်ဆောင်ချက်များကို တွင်စဉ်ဆက်မပြတ်မှတ်တမ်းတင်ထားသဖြင့် သွားရောက်ကြည့်ရှုနိုင်ကြောင်း၊ အသင်းနှင့်ဆက်သွယ်လိုပါက မန္တလေးဆေးတက္ကသိုလ်ရှိ ကရုဏာမြန်မာ့ပရဟိတ လူငယ်များအသင်းထံသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဥက္ကဋ္ဌကိုကောင်းမြတ် ဝေယံ(ဝ၉၂၀ဝ၆၈၀၃)၊ ကိုကောင်းထက် (ဝ၉၄၀၂၆၈၈၀၃၆)၊ ကိုစိုးမိုးထွန်း (ဝ၉၄၃၀၅၉၉၂၆) တို့ထံဖုန်းဖြင့်လည်းကောင်း ဆက်သွယ်နိုင်ကြောင်းသိရသည်။
ဝ၀၉

More from အုတ်တစ်ချပ်သဲတစ်ပွင့်

ပုညဒါန ကုသိုလ်တော်အဖွဲ့

ပဲ့တင်သံဂျာနယ်၏ အုပ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စိတ်တူကိုယ်တူ မိတ်ဆွေများဖြင့် ဖွဲ့စည်းထားပြီး read more

HIV ရှိခြင်း/မရှိခြင်းထက် အရည်အချင်းပြည့်ဝသူ တစ်ယောက်ဖြစ်ရန်သာ အမှန်တကယ်လိုအပ်

၂ဝ၁၄ တွင် ကျင်းပမည့် အာဆီယံလူထုဖိုရမ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်မည့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ပေါင်း ၆ဝ ကျော် ပါဝင်သော read more