သန်းခြောက်ဆယ်ထဲက တစ်ယောက်

မန္တလေးနိုင်ငံရေးကို သမိုင်းကြောင်းနှင့်တကွ နှိုင်းယှဉ်သုံးသပ်ပြခဲ့သည့် ကိုဇော်ဝင်း (မန်းဇော်)

မန္တလေးမှာ အင်တာဗျူးလုပ်မည်ဟု ရှာဖွေစုံစမ်းချိန်တွင် ကိုဇော်ဝင်းကို အင်တာဗျူးပါဟု တိုက်တွန်းကြသည်။ ဖြစ်ချင်တော့ လက်ပံတန်းကျောင်းသား သပိတ်ဖြိုခွင်းမှုနှင့် တိုက်ဆိုင်နေသည်။ မန္တလေးမြို့ပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ရက်ရက် စက်စက်ဖြိုခွင်းမှုကို သတင်းမီဒီယာများက ပြန်လည်တင်ပြကြသည်။ ကန့်ကွက်ရှုတ်ချကြသည်။ ဆုတောင်းပွဲတွေ လုပ်ကြ သည်။ အာဏာရှင်တစ်ခေတ်ကို ပြန်၍မီးမောင်းထိုးပြကြသည်။ ထို့ကြောင့် ကိုဇော်ဝင်းကို တွေ့ခွင့်ရဖို့ အချိန်ယူစောင့်ဆိုင်း ခဲ့ရသည်။

သူနှင့်တွေ့ရချိန်တွင် မန္တလေးမြို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ သူဖြတ်သန်းခဲ့သော ပုံရိပ်များကို တဝကြီးပြောပြခဲ့ပါသည်။ သူက ငယ်စဉ်ကတည်းက စာဖတ်နာခဲ့သူ။ ကျောင်းအုပ်ဆရာကြီးဖြစ်သည့် ဖခင်ကြီးနှင့် အဒေါ်များကြောင့် စာဖတ်ကျင့်ကိုရခဲ့ သည်။ အငှားဆိုင်တွေမှာ ဖတ်သည်။ စာကြည့်တိုက်တွေမှာဖတ်သည်။ စာမျိုးစုံကို ငယ်စဉ်ကတည်းက ဖတ်ခဲ့သည်။ ဖခင် ကြီးက သူ့ကို ပညာတတ် ဘွဲ့ရတစ်ယောက် ဖြစ်စေချင်သည်။ သို့ရာတွင် သူ့နောက်မှာ မောင်နှမ ၆ ယောက်။ မိသားစုအရေးက သူ့ကို ဘွဲ့ရတစ်ယောက်ဖြစ်ခွင့်မပေး။ အငယ်များကို ငဲ့ညှာကာ မိသားစုအရေးကို ဆောင်ရွက်ခဲ့ရသည်။ ဘဝနာခဲ့ရသည်။ သို့ရာတွင် စာဖတ်ခြင်းနှင့် နိုင်ငံရေးအသိကို သူက ပြောပြပါသည်။

“ကျွန်တော်ထင်ပါတယ်။ ကျွန်တော် နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာတာဟာ စာဖတ်ခြင်းကြောင့် ဖြစ်လာရတာ။ စာဖတ်တဲ့အခါ နိုင်ငံတကာရေးရာတွေ သိလာတယ်။ ကျွန်တော့်အတွက် ဟီးရိုးဖြစ်လာတဲ့သူတွေကိုကြည့်တော့ ဗိုလ်ချုပ် အောင်ဆန်းလိုစာဖတ်တဲ့ နိုင်ငံရေးသမားတွေရှိတယ်။ ဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကို အားကျလာတယ်။

“ကျွန်တော်တို့ခေတ်မှာတော့ မဆလ တစ်ပါတီအာဏာရှင်ခေတ်ပေါ့။ ကျွန်တော့်ကိုမွေးတာက ၁၉၅၉ ခုနှစ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် မဆလပါတီမှာ ဝင်ရောက်ပါဝင်ခဲ့ပါတယ်။ တချို့က ဒီနေရာကို မပြောချင်ကြဘူး။ ကျွန်တော်ကတော့ ငယ်ငယ်က လမ်းစဉ်ပါတီမှာ ဝင်ရောက်လှုပ်ရှားခဲ့တယ်။ ၁၉၈၈ မှာ ကျွန်တော့်အမြင် ပြောင်းလဲသွားတယ်။ ရှစ်လေးလုံးမှာ ပြောင်းလဲသွားတာ”

မန္တလေးမြို့သည် တခြားမြို့များနည်းတူ ရှစ်လေးလုံးအရေးတော်ပုံကို ဆင်နွှဲခဲ့ကြသည်။ ၈၇ ငွေစက္ကူအရေး၊ ၈၈ ကျောင်းသား လှုပ်ရှားမှုများမှ သန္ဓေတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံသည် မန္တလေး၌ ဆရာတော်၊ သံဃာတော်များ၏ ဦးဆောင်မှု ကြောင့် ပို၍လေးနက်ကြီးမားလာခဲ့သည်။

“အဲဒီတုန်းကတော့ ကျွန်တော်လည်း သာမန်သပိတ်မှောက်တဲ့ သူတစ်ယောက်ပါပဲ။ မန္တလေးမှာ သပိတ်မှောက်စစ်ကြောင်းကြီး တွေကို ဆရာတော်၊ သံဃာတော်တွေက ဦးဆောင်ကြတာက ကောင်းတဲ့အချက်တစ်ချက်ပဲ။ ငြိမ်းချမ်းရေးစစ်ကြောင်းမှာ မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ်က ဦးဆောင်တယ်။ မြတောင်က ဆရာတော်ကြီးတွေ ဦးဆောင်တယ်။ နောက် ဂဠုန်နီ စစ်ကြောင်းဆိုရင် ဘုရားကြီးက ဂဠုန်နီဆရာတော်က ဦးဆောင်တယ်။ နောက် အိမ်တော်ရာစစ်ကြောင်းတို့၊ ရဟန်းပျိုများ သမဂ္ဂတို့ဆိုလည်း အင်မတန်အင်အားကောင်းတဲ့ သပိတ်စစ်ကြောင်းကြီးတွေပေါ့။ ကျောင်းသားခေါင်းဆောင်တွေပါတယ်။ ထူးခြားတာက ဒီလောက် အင်တိုက်အားတိုက် ဆန္ဒပြကြပေမယ့် သွေးထွက်သံယိုမှု နည်းတဲ့အချက်ပဲ။

“ပိုပြီးတော့ ထူးခြားတဲ့အချက်က အဲဒီတုန်းက သပိတ်မှောက်ဆန္ဒပြကြတဲ့ အထဲမှာ မူဆလင်တွေ အများကြီးပါတယ်။ မူဆလင်လူကြီးတွေနဲ့ ဆရာတော်၊ သံဃာတော်တွေဟာ စုစည်းမိတယ်။ ကျွန်တော့်မှာလည်း မူဆလင် မိတ်ဆွေတွေ အများ ကြီးပဲ။ ဘာသာမတူဘူး။ ဒါပေမဲ့ အကုန်လုံး တစ်ကျောင်းတည်းနေခဲ့ကြတာ။ တချို့ဆို ပရိတ်ကြီးတွေ၊ ဘာတွေတောင် အလွတ်ရကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးကျောင်းတွေမှာ စာသင်ပေးကြတာဆိုတော့ ဘုန်းကြီးစာတွေပါ ရတာပေါ့။ တချို့ဆိုနဝကမ္မအလှူငွေ ထည့်ဝင်တာတွေတောင် ရှိတယ်။ အခုအချိန်မှာ ဒါတွေပြန်ပြောရင် နည်းနည်းအံ့သြနေမယ်။ ယုံနိုင် စရာ မရှိဘူးဖြစ်မယ်။ အခုဟာက သွေးခွဲထားပြီးပြီဆိုတော့ ဟိုတုန်းက ဆရာတော်၊ သံဃာတော်တွေကို ပြန်မေးလျှောက် ကြည့်ဖို့တောင်ကောင်းတယ်။

“၈၈ အရေးတော်ပုံဖြစ်တော့ မန္တလေးတစ်မြို့လုံးကို ဆရာတော်တွေကချည်း ထိန်းထားတာ။ ဗလီကျောင်းတွေကိုတောင် ဝင်ထိန်းပေးခဲ့ကြတယ်။ ရပ်ကွက်တွေ၊ ရပ်ကွက်တွေဆိုလည်း ဒီရပ်ကွက်ကို ဘယ်ဆရာတော်တွေ အုပ်ချုပ်တယ်ဆိုတာမျိုး။ ဆရာတော်တွေပြောတာ၊ ဆိုတာ နားထောင်ကြရတယ်။ အဲဒီလိုမျိုး ရှစ်လေးလုံးကာလကို ဖြတ်သန်းခဲ့ကြရတာပါ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်၌ NLD ပါတီ စတင်တည်ထောင်ခဲ့သည်။ ဦးအောင် ကြီး၊ ဒေါ်စုနှင့် ဦးတင်ဦးတို့ စတင်ဦးဆောင်ခဲ့သဖြင့် အောင်စုတင်ပါတီဟူ၍ ကျော်ကြားလာခဲ့သည်။ မန္တလေးမြို့၌ ရပ်ကွက် များတွင် ပါတီဆိုင်းဘုတ်လေးများ စ၍ထူထောင်ကာ လူစုကြသည်။ ပါတီဝင်အင်အားများ စုဆောင်းကြသည်။ ကိုဇော်ဝင်းက ထိုစဉ်ကပင် NLD ပါတီ၌ စတင်ဝင်ရောက်ဖြစ်ခဲ့သည်။ အနောက်တောင်မြို့နယ် အလုပ်အမှုဆောင်ဖွဲ့ချိန်တွင် ပါဝင်ဆောင်ရွက် ခဲ့သည်။

“အဲဒီတုန်းက ကျွန်တော် လူငယ်တစ်ယောက်ပဲရှိသေးတယ်။ ဒါပေမဲ့ အဓိကကတော့ နိုင်ငံရေးအတွေးပေါ့။ အဲဒီကတည်းက ဒီမိုကရေစီကို ကျွန်တော်သဘောကျတယ်။ တစ်ယောက်နဲ့တစ်ယောက် အယူအဆမတူတာကို အပြန်ပြန် အလှန်လှန် ဆွေးနွေး လို့ရတဲ့စနစ်။ အဲဒီလိုမျိုးနဲ့ အလုပ်လုပ်ကြရတာကို ကျွန်တော်ကြိုက်တာ။ ကျွန်တော်တို့ ရပ်ကွက်တွေကိုဆင်းတယ်။ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ အင်အားလည်း အင်မတန်မှ ကောင်းခဲ့ပါတယ်”

၉၀ ရွေးကောက်ပွဲပြီးနောက် စစ်အစိုးရက NLD ပါတီအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ မန္တလေးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သည့် ဒေါက်တာစိုးလင်းနှင့် ဦးသန်းဦးတို့အနက် ဦးသန်းဦးသည် အဝေးရောက် အစိုးရအဖြစ် ပါဝင်ခဲ့သည်။ ကိုဇော်ဝင်းက ဦးသန်းဦးနှင့် ချိတ်ဆက်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက် ခဲ့သည်။

“၉၂၊ ၉၃၊ ၉၄ ခုနှစ်တွေတုန်းက ညီလာခံတက်နေတဲ့ ကာလတွေဆိုတော့ နိုင်ငံရေးက ပုံမှန်လောက်ပဲ လှုပ်ရှားနိုင်တယ်။ ၉၅ မှာ အမျိုးသားညီလာခံက NLD ထွက်လာပြီးတဲ့အချိန်မှာ စစ်အစိုးရဖိနှိပ်မှုတွေကပိုများလာတယ်။ ထောက်လှမ်းရေးတွေက အိမ်တွေကိုဝင်မွှေတယ်။ ပြီးတော့ ကျွန်တော်တို့အထဲကလူတွေကို ပြန်မွေးတယ်။ ပါတီထဲကလူတွေကို ပြန်မွေးပြီး ငွေတွေ ပေးတယ်၊ အခွင့်အရေးတွေပေးတယ်၊ သတင်းတွေယူတယ်။

“အဲဒီမှာ ကျွန်တော်တို့အထဲမှာလည်း ရပ်တည်ရေးက ခက်ခဲတဲ့အပိုင်းတွေ ရောက်လာတယ်။ ကျွန်တော်နဲ့ ဦးသန်းဦး သမီးနဲ့ တိုင်ပင်ကြတယ်။ စာအုပ်အငှားဆိုင်လေးတစ်ဆိုင် စပြီးဖွင့်ခဲ့ကြတယ်။ စာပေစကားဝိုင်းတွေ လုပ်ကြတယ်။ စာရေးဆရာ တွေကိုဖိတ်ပြီး ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ ဒါက ကျပ်တည်းနေတဲ့ ကာလတွေမှာ လုပ်ရတာတွေပေါ့။ ဟိုဘက်မှာလည်း တရုတ်ပြည်က မိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြီး တချို့လုပ်ငန်းတွေ လုပ်ဖြစ်နေပြီ။ ရှေ့ရောက်တယ်ပဲပြောပြော၊ ဘာပဲပြောပြော ကျွန်တော်ကတော့ နိုင်ငံရေးကို လိုင်းစုံလုပ်ခဲ့တယ်။ ၉၆ လောက်မှာ မသိသေးဘူး။ ၉၇၊ ၉၈ လောက်မှာ ထောက်လှမ်းရေးက ရိပ်မိနေပြီ။ ဟိုဘက်ကလူတွေနဲ့ အဆက်အသွယ်လုပ်တာတွေ ရိပ်မိနေပြီ။

“အဲဒီအထိ ၄၁ လမ်းပေါ်မှာ စာအုပ်ဆိုင်လေးဖွင့်ပြီး အထိုင်လုပ်ထားတုန်းပဲ။ အဲဒီစာအုပ်ဆိုင်လေးက တစ်နေ့ကို အငှား ပရိသတ် ၂၀ဝ ရတယ်။ ကျွန်တော် ဆရာနေဝင်းမြင့်ကို ခေါ်ပြသေးတယ်။ သူ့ရဲ့ ဆယ့်နှစ်ကြိုးဝတ္ထုစာအုပ်ဆိုရင် အငှား ပရိသတ် ဘယ်လောက်ရှိတယ်ဆိုတာ ခေါ်ပြတာ။ ဗလာစာရွက် ၄ မျက်နှာကျော်တာတောင် ပရိသတ် မရပ်သေးဘူး။ ကျွန်တော့်ဆိုင်လေးက အဲဒီလောက်အထိ စာဖတ်ပရိသတ် အားကောင်းခဲ့တာ။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ကို ဖမ်းတော့ အဲဒါတွေကို အငြိုးထားပုံရတယ်။ သူတို့က လူငယ်တွေကို စာမဖတ်စေချင်ဘူး။ ကျွန်တော်က ဖတ်အောင် လုပ်ခဲ့တယ်။ အဲဒီဆိုင်လေးရဲ့သမိုင်းကို သိတဲ့လူတွေ အတော်များခဲ့ပါတယ်”

၄ နှစ်နီးပါး ဖွင့်ခဲ့သော စာအုပ်ဆိုင်လေးကြောင့် လူငယ်ပရိသတ်များ အင်အားတိုးလာခဲ့သည်။ ၉ လေးလုံး အကြိုကာလ ဖြစ်သော ၁၉၉၉ ခုနှစ်၊ ဇွန်လတွင် ကိုဇော်ဝင်း အဖမ်းခံခဲ့ရသည်။ ABSDF အဖွဲ့မှ ကျောင်းသားနှစ်ဦး အဖမ်းခံရခြင်းနှင့် ဆက်စပ်ကာ အမှုတွဲအဖြစ် ထောင်ကျခဲ့ရသည်။

“ဖမ်းတာကတော့ မြို့နယ်အလုပ်အမှုဆောင်တွေ အကုန်လုံးကိုဖမ်းတာ။ နောက်တော့မှ ကျန်တဲ့လူတွေကို ပြန်လွှတ်ပြီး ကျွန်တော်အပါအဝင် ၄ ယောက်ကို ထောင်ချလိုက်တာ။ ပုဒ်မက ၅ (ည) ၁၇/၁ ပါတယ်။ ဖမ်းတဲ့အချိန်မှာ မန္တလေးက ထောက်လှမ်းရေး ၁၆ ကဖမ်းတာ။ ညပိုင်းမှာ လာဖမ်းသွားတာ။ မဖမ်းခင်ကတည်းက ကျွန်တော့်ကို အနီးကပ်စောင့်ကြည့်နေ တယ်။ ကျွန်တော် ဘယ်သွားသွား တကောက်ကောက်ပါနေတာပဲ။ နောက်တော့ ညဘက်ကြီး လာဖမ်းတယ်။ မေးစရာလေး ရှိလို့ပါ၊ ခဏလိုက်ခဲ့ပါပေါ့လေ”

၉ လေးလုံးမတိုင်မီ ဖောက်ခွဲရေးသတင်းရသည်ဟု အကြောင်းပြကာ မန္တလေးတွင် အမြောက်အမြား ဖမ်းဆီးခံကြရသည်။ စစ်ကြောရေး၌ နှိပ်စက်ညှဉ်းပန်းခံကြရသည်။ လူပေါင်း ၂၁ ဦးကို ဆက်စပ်အမှုတွဲကာ စစ်ကြောရေးလုပ်ခဲ့သည်။ ထို့နောက် ကိုဇော်ဝင်းတို့ကို အင်းစိန်ထောင်သို့ပို့သည်။

“အင်းစိန်မှာပဲ ရုံးထုတ်တော့ ထုံးစံအတိုင်းပေါ့ဗျာ။ တရားလိုဖြစ်တဲ့ ထောက်လှမ်းရေးကလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိတာလည်းမဟုတ်ဘူး။ သူကပြောတယ်။ ကျွန်တော်တို့လည်း ဗိုက်အငှားနဲ့ ဓားထိုးခံရတာပါ။ အထက်က ခိုင်းလို့လုပ်ရတာပါ၊ ဘာညာပေါ့ဗျာ။ အဲဒီမှာ ရှေ့နေလည်းမရှိဘူး၊ သက်သေလည်းမရှိဘူး။ တစ်ခါတည်း ရုံးထုတ်တယ်၊ စွဲချက်ကို ဖတ်ပြတယ်။ ပြီးတော့ အမိန့်ချတာပဲ။ ကိုတင်အေးက နှစ် ၂၀၊ ကိုသန်းဇော်က ၁၂ နှစ်။ ကျွန်တော်နဲ့ ကိုထွန်းကြည် က ၁၀ နှစ်စီ ချမှတ်ခံရတယ်။ ၁၉၉၉ ခုနှစ်ပေါ့”

“မှတ်မှတ်ရရ ထောင်ပြောင်းရတော့ ၂၀ဝ၀ ပြည့်နှစ် ဇူလိုင်လ ၇ ရက်ပေါ့။ သာယာဝတီကို ပြောင်းရတယ်။ ကျွန်တော်ရောက် တော့ ထောင်ကြီးက တိတ်ဆိတ်နေပါလားပေါ့။ ကျွန်တော်တို့က ၁၃ ယောက်။ အတွဲလိုက်ခေါ်သွားတာ။ ထောင်ပြောင်းတာက ထောင်သုံးထောင်ခွဲပြီး ပြောင်းကြတာ။ ခြေထောက်ကို သံခြေချင်းခတ်တယ်။ ဒေါက်ထည့်တယ်။ ဒေါက်ထည့်တဲ့အခါမှာ ကဗျာ ဆရာကြီး မောင်အောင်ပွင့်က ပြောတယ်။ ကျွန်တော်တို့ ဘာမှအပြစ်မရှိဘဲ ဘာဖြစ်လို့ ဒေါက်ခတ်တာတုန်းတဲ့။ ပြစ်မှုမကျူး လွန်ဘူးလေဆိုတာ့ မဟုတ်ဘူး ထောင်ပြောင်းလို့ ခတ်တာပါတဲ့။ ဟိုရောက်ရင် ပြန်ဖြုတ်ပေးမှာပါတဲ့။ ဆရာ မောင်လွင်မွန် (ကသာ) လည်းပါတယ်။ ထောင် ပြောင်းရတဲ့နေ့က ဇူလိုင်လ ၆ ရက်နေ့ ညဘက်ကြီးပြောင်းရတာ။ မနက်ဖြန်ဆို ဆဲဗင်း ဂျူလိုင်နေ့။

“သာယာဝတီကိုရောက်တယ်။ ဆယ်တိုက်ကို ခေါ်သွားတယ်။ တစ်ပတ်လောက်နေရတယ်။ အစားအစာတွေ လာပို့ကြတယ်ဗျ။ မေးကြည့်တော့ ၇ ဇူလိုင် အမှတ်တရလုပ်တာတဲ့။ ဝန်ထမ်းတွေကိုမေးတော့ ဒါ ခင်ဗျားတို့ရဲဘော်တွေ ပို့ခိုင်းတာ။ ဟိုမှာ လှမ်း ကြည့်လိုက်ဆိုတော့ အပေါက်ကျဉ်းကျဉ်းလေးတွေကနေ လက်တွေလှမ်းပြနေတာ အများကြီးပဲ။ အဲဒီတိုက်တွေကနေ ပို့လိုက် တာ။ နောက်တော့မှ ကျွန်တော်တို့ကို သီးသန့်ထောင်ကို ပို့လိုက်တာ။ သီးသန့်ရောက်တော့ တခြားကျောင်းသားခေါင်းဆောင် တွေ၊ ဘီစီပီကလူတွေ၊ တခြားအဖွဲ့က လူတွေနဲ့ ထပ်ဆုံကြတာပေါ့လေ။ ကိုမျိုးမြင့်ညိမ်းတို့၊ ဒဲဒီတို့၊ စိုးထွန်းတို့၊ မင်းထက် ငြိမ်းချမ်းတို့နဲ့ ဆုံကြတယ်။ သာယာဝတီမှာက နိုင်ငံရေးလှုပ်ရှားမှုတွေ မပြတ်ဘူး။ အထိမ်းအမှတ်ပွဲတွေ လုပ်ကြတယ်။ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ ထောင်တွင်းနိုင်ငံရေးက ပိုပြီးကျယ်ပြန့်သွားတယ်။ လွတ်လပ်တယ်။ ဘောလုံးကန်၊ ခြင်းခတ် လုပ်ခွင့်ရတယ်။

“တစ်လလောက်ကြာတော့ ထောင်ပိုင်ကြီးလှည့်တဲ့အချိန်မှာ ခြေချင်းကိစ္စကို ပြောမယ်ဆိုပြီး ကျွန်တော် စပြောပြတယ်။ ထောင်ပိုင်ကြီးခင်ဗျာ။ ကျွန်တော်တို့ကို ထောင်ပြောင်းတာနဲ့ ခြေချင်းခတ်တာပါ။ ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး။ ကျွန်တော်တို့ ဒီမှာလည်း အေးအေးချမ်းချမ်း နေနေပါ ပြီ။ ကျွန်တော်တို့ကို ခြေချင်းဖြုတ်ပေးပါဆိုတော့ သူက ခင်ဗျား ကနေပါ ဦး။ ကျွန်တော့်ကို ဒီလိုမျိုးပြောတဲ့သူ မရှိသေးဘူးဗျတဲ့။ ခင်ဗျား ထူးထူးဆန်းဆန်း ထပြောတာပဲတဲ့။ မဟုတ်ပါဘူး။ ကျွန်တော် လေးလေးစားစား တင်ပြတာပါ။ ကျွန်တော် ပြစ်ဒဏ်မကျူးလွန်ဘူး။ ထောင်ပြောင်းတာနဲ့ ဒီလိုကြီးခတ်ထားခံရလို့ ပြောပြတာပါလို့။ သူကမေးတယ်။ ခင်ဗျား မန္တလေးသားလားတဲ့။ စကားပြောတဲ့လေသံက တစ်မျိုးပဲတဲ့။ ဟုတ်တယ်။ ကျွန်တော် မန္တလေးသားပဲပေါ့။ သူက အေးဗျာ။ ကျွန်တော် စဉ်းစားပါ့မယ်ဆိုပြီး ပြောသွားတယ်။ နောက်တော့ ခြေချင်းလာ ဖြုတ်ပေးပါတယ်။ ဒါလေးက အမှတ်တရပါပဲ။ ကိုဇော်ဝင်းသည် ယနေ့ထိ မန္တလေးနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင် လှုပ်ရှား နေဆဲပင်။ မန္တလေးနိုင်ငံရေးသည် တခြားဒေသများနှင့်မတူ။ အထိမခံသော ဘာသာရေး သွေးခွဲမှုများ၊ စီးပွားရေးအုပ်စုတစ်စု ကြီးထွားလာသည့်ပြဿနာများ၊ မျိုးဆက်သစ် နိုင်ငံရေးသမားများ တိုးတက်များပြားလာမှုများ၊ လူနေမှုပဋိပက္ခများကြား တွင် အသွင်တစ်မျိုးဖြင့် ချီတက်နေသည်။ သို့ရာတွင် ဒီမိုကရက်တစ်အင်အားစုတို့ ခိုင်မာအားကောင်းလာသည့်အတွက် ကျားကန်ထားရသော ယဉ်ကျေးမှုပြဿနာများကို နိုင်ငံရေးနှင့် တွဲဖက်ဖြေရှင်းနေကြသည်။ ၂၀၁၅ အတွက် အားသာချက်များ တွေ့နေရသည်။

မန္တလေး၏ အားသာချက်သည် ဆရာတော်၊ သံဃာတော်များ၏ နိုင်ငံရေး အမြင်ကျယ်မှုကြောင့် ပဋိပက္ခများစွာကို ကျော်ဖြတ် နိုင်ခြင်းဖြစ်သည်။ သွေးခွဲနေသော ဘာသာရေးအုပ်စုများ ရှိနေသည့်ကြားမှပင် မန္တလေးလူထု၏ နိုင်ငံရေး တက်ကြွမှုများက တခမ်းတနားဖြစ်နေဆဲပင်။ ဘာသာရေးသွေးခွဲမှုများကို ချက်ချင်းတုံ့ပြန်နေကြဆဲပင်။ မြို့ခံလူထု၏ နိုင်ငံရေးအတွေးအခေါ် ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်အင်အားစုများ မြို့ပေါ်တွင် အားသာချက်ရှိနေပြီဟု နားလည်လက်ခံထားကြ ပါသည်။ သို့ရာတွင် ၉၀ ရွေးကောက်ပွဲကဲ့သို့ တောင်ပြို၊ ကမ်းပြိုနိုင်ဖို့ မလွယ်သည်ကိုလည်း ကိုဇော်ဝင်းတို့ နားလည်လက်ခံ ကာ ပို၍အင်အားကောင်းသော နိုင်ငံရေးလှုပ်ရှားမှုများအတွက် ရုန်းကန်နေပြီဖြစ်ကြောင်း ပဲ့တင်သံမှ သိရှိခဲ့ရပါတော့သည်။

မန္တလေးအောင်ပွဲဝင်ပါစေသား။   ။

ဝ၆၁

More from သန်းခြောက်ဆယ်ထဲက တစ်ယောက်

လက်ရှိစစ်တပ်နဲ့ အစိုးရဟာ ရှေ့နိုင်ငံရေးခရီးစဉ်တွေမှာ သူတို့အကျိုးစီးပွား ထိခိုက်သည်အထိ လိုက်လျောပေးမည်မဟုတ်ဟု ထင်မြင်ထားသော ကိုဇော်ဝင်း(ပြည်မြို့)

သူ့ကိုစတွေ့တော့ ပိန်ပိန်သွယ်သွယ်၊ အသားညိုညို၊ ပါဝါမျက်မှန်ထူထူကြီး တပ်ထားလျက် ကွမ်းစားလွန်းသည့်အတွက် နှုတ်ခမ်းများက ကွမ်းဒဏ်ဝနေသည့် လူတစ်ဦး။ သူနှင့် စကားပြောကြည့်တော့ ပြည်မြို့မှာ သုခစာပေ ပြန်လည်ပျိုးထောင်ရန် သူနှင့် ဆရာဘုန်းတို့ လုံးပန်းနေသည့်အကြောင်း သိရသည်။ သုခစာပေသည် မြန်မာစာပေဖြန့်ချိရေးတွင် အလွန်နာမည်ကောင်းဖြင့် read more

ပြည်သူတွေအနေနဲ့ ထိုက်တန်တဲ့အမျိုးသားအောင်ပွဲကို ထိုက်တန်တဲ့ ပေးဆပ်မှုမရှိဘဲ မရနိုင်ဘူးလို့ ယုံကြည်ထားတဲ့ ဦးကြည်လင်း (MMAN)

သူ့ကိုတွေ့တော့ သူ့ဟန်ပန်က ဒီကနေ့ ခေတ်စားနေသော တောင်သူလယ်သမားဦးထုပ်ကို ဆောင်းထားသည်။ သူက အရပ်ပုပု၊ ဆံပင်တိုတို။ နိုင်ငံရေးလောကဓံကို ထောင်းလမောင်းထအောင် ကြုံတွေ့ခဲ့ရသူတစ်ဦးမို့ မြန်မာ့နိုင်ငံရေးကို ပြတ်ပြတ်သားသား ရှင်းပြသည်။ အံ့သြစရာကောင်းလောက်အောင်ပင် သူက သံယောင်မလိုက်။ ယနေ့အစိုးရကို မယုံ။ ၂၀၁၅ ခုနှစ်အတွက် ပို၍ပင် မယုံကြည်။ read more