မြန်မာတစ်လွှားကနိုင်ငံသားအသံ

လက်မှတ်မှောင်ခိုရောင်းဝယ်မှုများ ဖြစ်ပေါ်နေခြင်းကို ဖြေရှင်းပေးရန်လိုအပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိပါသည်။ အဆိုပါ ပြိုင်ပွဲကြီးတွင်အားကစား နည်း ၃၃ မျိုးထည့်သွင်းထားပြီး မြန်မာပြည်သူအများစုစိတ်ဝင်စားကြသည်မှာ အမျိုးသားဘောလုံးအားကစားပင်ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့်ထိုင်းပွဲစဉ်တွင် ပရိသတ်များကွင်းလုံးပြည့် သွားရောက်အားပေးခဲ့ကြပြီး မှောင်ခိုလက်မှတ်ရောင်းဝယ်မှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော အခြေအနေ များနှင့်ပတ်သက်၍ မြန်မာဘောလုံးအသင်းကို အားပေးကြည့်ရှုလျက်ရှိသည့် ကိုကြည်လင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို နိုင်ငံသားအသံ ကဏ္ဍမှတစ်ဆင့် ဖော်ပြအပ်ပါသည်။
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဆီးဂိမ်း ပြိုင်ပွဲနှင့်ပတ်သက်၍ ကိုကြည်လင်က ပြော ကြားရာမှာ ”အရှေ့ တောင်အာရှအားက စားပြိုင်ပွဲကို နှစ်ပေါင်း ၄၄ နှစ် ကျော်ကြာပြီး မှပြန်လည်ကျင်းပတဲ့အ ခါမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ ခွင့်ရလို့ အရမ်းကို ကျေနပ်ပျော်ရွှင်ပြီး ဂုဏ်ယူ မိပါတယ်။ ဆီးဂိမ်းဖွင့်ပွဲ လုပ်သွားတဲ့နေရာမှာ လည်း တကယ့်ကိုကျယ်ပြန့်ခမ်းနားမှုရှိပြီး ကြည့်လို့ကောင်းပါတယ်။ ဖွင့်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက်လည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တကယ်ကိုဝမ်းမြောက်ဂုဏ်ယူပါတယ်”ဟု ဆီးဂိမ်းဖွင့်ပွဲ ကျင်းပခဲ့မှုအပေါ်ခံစားချက်အား ပြောခဲ့သည်။
ဆက်လက်ပြီး ယင်းကပြောကြားရာမှာ အားကစားနည်းမျိုးစုံရှိသည့်အနက် မြန်မာဘောလုံးအသင်း ရွှေတံဆိပ်ဆုရရှိရေးမှာ အဓိကမျှော် လင့်ချက်ဖြစ်သည်။ မြန်မာအသင်းခြေစွမ်းမှာ တည်ငြိမ်မှုမရှိသော်လည်းများစွာကြိုးစား လေ့ကျင့်ထားသည့်အခြေအနေမျိုး တွေ့ရသည်။ ထို့ပြင် မြန်မာအသင်းအနေဖြင့် စည်းလုံးညီညွတ်မှုရှိစွာ ကစားမှသာ အောင်မြင် မှုရရှိမည်ဖြစ်ကြောင်းကို ”မြန်မာနဲ့ ထိုင်းပွဲစဉ်မှာ ကြည်လင်း၊ ကျော် ကိုကိုနဲ့ ကျော်ဇေယျာဝင်းတို့က တကယ်အတွဲညီပါတယ်။ ဒါပေမဲ့ ပထမအပိုင်းမှာ ကြည်လင်းက အနာတရဖြစ်သွားလို့ ထွက်လိုက်ရတဲ့အချိန်မှာ ကျော်ကိုကိုတစ်ယောက်တည်း ဘယ်လိုမှ ကစားကွက်ဖော်လို့မရဘူး။ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကျော်ဇေယျာဝင်းကလည်း အပေးအယူမလုပ်ဘဲနဲ့ တစ်ဦးတည်းဂိုးသွင်းနိုင်ဖို့ ကြိုးစားတယ်။ အဲ့လိုတစ်ကိုယ် ကောင်းဆန်တဲ့စိတ်ရှိသရွေ့ကတော့ မြန်မာဘောလုံးအသင်းက လုံးဝကို မျှော်လင့်ချက်ရှိမှာမဟုတ်ဘူး”ဟု မြန်မာအသင်းအားနည်းချက်ကို ဝေဖန် ထောက်ပြခဲ့သည်။ ဘောလုံးပွဲလက်မှတ်များကို ဈေးနှုန်းကြီးမြင့်စွာဖြင့် မှောင်ခိုရောင်းချနေမှုအပေါ် ပြောကြားရာမှာ ”လက်မှတ်ဝယ်ရတဲ့ အခါမှာ တချို့ဆိုညကတည်းက စောင့်ပြီးဝယ်ရတာမျိုးရှိသလို၊ မနက် ၄ နာရီ လောက်ထဲက တန်းစီပြီးဝယ်ရတဲ့သူလည်းရှိတယ်။ အခုဟာက ရိုးရိုးတန်း ၂ဝဝဝ တန်လက်မှတ်က ၂ဝ,ဝဝဝ လောက် ဖြစ်ပွားတယ်။ အထူးတန်း ၄ဝဝဝ တန်က ၄ဝ,ဝဝဝ လောက်ဖြစ်သွားတယ်ဆိုတော့ တော်ရုံလူမကြည့်နိုင်တော့ဘူး။ မှောင်ခိုလက်မှတ်တွေက ဘာလို့ ဒီ လောက်ထိ ပျံ့နှံ့ပြီး ဈေးကြီးနေရတာလဲဆိုတာလည်း မပြောတတ်တော့ ပါဘူး။ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနဲ့ သုဝဏ္ဏကွင်းတွေမှာ လက်မှတ်တွေရောင်းပေးမယ် ပြောပေမယ့် တကယ်ကြည့်ချင်တဲ့ ပရိသတ်တွေက အခက်အခဲတွေ တွေ့ရတယ်။ အဲ့ဒီမှောင်ခိုလက်မှတ်ကိစ္စကို အမြန်ဆုံးနှိမ်နင်း ဖြေရှင်းဆောင်ရွက်ပေးစေချင်တယ်။ ကိုယ်တွေက တီဗွီရှေ့မှာ ထိုင်ကြည့်ချင်တာမဟုတ်ဘူး။ အခုလိုမှောင်ခိုတွေဖြစ်ပြီး ကွင်းထဲသွားမကြည့်ရတဲ့အခါ ခံပြင်းတာပေါ့”ဟု မှောင်ခိုလက်မှတ်ရောင်းဝယ်မှုများ အပေါ်ဝေဖန်ပြောသည်။ ဆက်လက်ပြီးယင်းကပြောကြားရာမှာ ဆီးဂိမ်းပြိုင်ပွဲတွင် အားပေးကြသည့်မြန်မာပရိသတ်များမှာ အတော်ပင်စည်းကမ်းရှိစွာအားပေးသည့် ပရိသတ်များနှင့် မြန်မာပြည်သူလူထုက မျှော်လင့်လျက်ရှိသည့် ရွှေတံဆိပ်ဆုကိုရရှိစေရန် စွမ်းဆောင်စေလိုကြောင်း ပြောသည်။
ဝ၁၃

More from မြန်မာတစ်လွှားကနိုင်ငံသားအသံ

ခုခံအားကျဆင်းမှု ဝေဒနာသည် ခွဲခြားဆက်ဆံမှု မပြုလုပ်သင့်

မြန်မာနိုင်ငံရှိ ပြည်သူလူထုများကြားတွင် ခုခံအားကျဆင်းမှုရောဂါ နှင့်ပတ်သက်သည့် အသိပညာနည်းပါးလျက်ရှိပြီး read more

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ယခင်ကတည်းက ဆောင်ရွက်သင့်

၂ဝဝ၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် read more