သတင်းဆောင်းပါး

လူဟု ဆိုနေသူတိုင်းအတွက် လူ့ကျင့်ဝတ်နှင့် လူ့ဥပဒေ

ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဝက်ဝက်ကွဲ လူတိုင်းမသိသူမရှိ ဖြစ်ရတဲ့ သတင်းတွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုရင်း လက်ပံတန်းမှာ ရဲအလုံးအရင်းနဲ့ ပိတ်ဆို့ခံနေရတဲ့ ကျောင်းသားတွေကို ယူနီဖေါင်းဝတ် သူများက အကြမ်းဖက် ရမ်းကားရက်စက်စွာ ဝိုင်းရိုက်တဲ့ကိစ္စ၊ ဒီကိစ္စ မတိုင်ခင်နှစ်ရက်ကလည်း သူတို့တွေကို အကြမ်းမဖက်ဖို့ ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ ကျောင်းသားတွေကို ရဲတွေနဲ့ဝိုင်းပြီး လက်ပတ်နီတပ် အရပ်သား တွေက ဝိုင်းရိုက်၊ ဝိုင်းဆွဲ၊ ဝိုင်းဖမ်းလုပ်ခဲ့တဲ့ ကိစ္စတွေပါပဲ။ ပထမဖြစ်ရပ်မှာ ပြည်ထောင်စုအစိုးရကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူများက ဒါဟာ တိုင်းဒေသကြီးအစိုးရက လုပ်တာဖြစ်ပြီး သူတို့နဲ့မဆိုင်ကြောင်း ပြောနေပေမယ့် တစ်ဖက်မှာတော့ ဒါဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီလုပ်တာဖြစ်ကြောင်း ထောက်ခံထားတာမို့ သူတို့နဲ့ တစ်သဘောတည်းဆိုတာတော့ ထင်ရှားနေပါတယ်။ တစ်ခါ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နဲ့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)တို့ တွေ့ဆုံရာမှာလည်း ဝန်ကြီးချုပ်က ဒါဟာ ဥပဒေနဲ့အညီလုပ်တာဖြစ်ကြောင်း အတိအလင်း ပြောပါတယ်။ ဒီကြားထဲမှာ သမ္မတရုံးပြောခွင့်ရ မှူးဇော်ကလည်း သူ့ဖေ့စ်ဘွတ်ခ်ကနေ စောစောကတည်းက ဒါဟာ ဥပဒေနဲ့ အညီဖြစ်ကြောင်း တင်ထားခဲ့တာ ဖတ်ခဲ့ရပါသေးတယ်။

ပိုပြီး အရုပ်ဆိုးတဲ့ ဖြစ်ရပ်ဖြစ်တဲ့ လက်ပံတန်းမှာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသူတွေကို ပိတ်ဆို့ပြီး အကြမ်းဖက်ရိုက်နှက်ရာမှာ အဖမ်းခံပါရက်နဲ့တောင် အငြိုးတကြီးတမင်ရိုက်တာ၊ လူငယ်ကလေးတစ်ယောက်ကို ရဲ ၄၊ ၅ယောက်နဲ့ ဝိုင်းရိုက်တာ၊ သာသနာ့နွယ်ဝင် ဘုန်းကြီးကိုတောင် ရိုက်လို့ပြေးရတဲ့အခါ အနောက်က ခွေးဆွဲသလို လိုက်ဆွဲပြီး ဝိုင်းရိုက်ကြတာတွေဟာ အတော်ကို အရုပ်ဆိုးအကျည်းတန်လှပါတယ်။ ဒီဖြစ်ရပ်မှာလည်း ပဲခူးတိုင်းရဲမှူးကြီး ဦးဝင်းစိန်က ပထမဖြစ်ရပ်တုန်းက အာဏာပိုင်တွေ ညွှန်းခဲ့တဲ့ ပုဒ်မကိုပဲ ထပ်ညွှန်းပြီး ဥပဒေနဲ့အညီလုပ်တာလို့ ပြောနေပြန်ပါတယ်။ သမ္မတရုံးပြောခွင့်ရနဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း ဒါဟာ ဥပဒေနဲ့အညီလုပ်တာပဲလို့ ထပ်ပြောပြီး “ဒါကျွန်တော်မလုပ်ချင်ဆုံး အလုပ်ပဲ”လို့ပြောလို့ ဒါဟာ သူတို့သဘောတူ ပတ်သက်တယ်ဆိုတာ ထင်ရှားနေတာပါပဲ။

တကယ်တော့ ဒီဥပဒေဟာ ကိုလိုနီခေတ်က ဥပဒေဖြစ်ပြီး ခေတ်နဲ့မလျော်ညီတော့ကြောင်း၊ ဖျက်သိမ်းသင့်ကြောင်း ပြောသံ တွေ၊ လွှတ်တော်ကိုတင်မယ်ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ ဒီနေရာမှာ ဒီဥပဒေက ခေတ်နဲ့ညီတာ၊ မညီတာဆိုတာ ထက် ဒီလုပ်ရပ်ဟာ ဒီဥပဒေနဲ့ကိုမညီကြောင်း ပြောတာက အရင်းတိုင်း အတိအကျ မှန်လိမ့်မယ်ထင်ပါ တယ်။ ဘာကြောင့်ဆို တော့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တယ်ဆိုတဲ့ နယ်ချဲ့အင်္ဂလိပ်တောင် ဒီလိုလူမဆန်တဲ့အလုပ်မျိုး လုပ်ခဲ့တာလုံးဝမရှိတဲ့အပြင် ဥပဒေ မှာလည်း ဒီလိုလုပ်လို့ရတယ်လို့ ပြဋ္ဌာန်းထားတာ လုံးဝမပါပါဘူး။ ဒီဥပဒေရဲ့ဆိုလိုရင်းက ရဲက မနိုင်လောက်အောင် ကြီးမား တဲ့ လူအုပ်စုကြီးနဲ့ ရမ်းကားတာမျိုး ဆိုပါစို့။အခု လက်ပတ် ပတ်ပေးတဲ့ လူရမ်းကားမျိုးတွေ အုပ်စုလိုက်ကြီး ရန်ကုန်မြို့ထဲ ဝင်ပြီး လုယက်ရမ်းကားနေတယ် ဆိုပါတော့။ အဲဒါဆိုရင် ရဲအင်အားနဲ့ မနိုင်ခဲ့ရင် အရပ်သားအကူအညီကို ယူနိုင်တယ်လို့ ဆိုထားတာပါ။ ဒီဥပဒေမှာ ဘာမှအပြစ်ရှိတာမဟုတ်ပဲ ဒါကို တလွဲသုံးပြီး ဥပဒေပြဋ္ဌာန်းချက်အတိုင်းလည်း လိုက်နာခြင်း မရှိပါပဲနဲ့ “ဒီဥပဒေအတိုင်းလုပ်တာ”လို့ ဆိုတဲ့ အရှက်မဲ့၊ သိက္ခာမဲ့ လုပ်ရပ်ကသာ ဝိုင်းဝန်းပြုပြင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

ဘယ်လောက် ရာထူးကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မလုပ်ပါဘဲ အဲဒီဥပဒေအတိုင်း လုပ်တာလို့ ပြောခွင့်မရှိပါဘူး။ ဥပဒေကို ဒီလို တမင်တကာ တလွဲအဓိပ္ပာယ်ဖွင့်ပြီး အလွဲသုံးတဲ့ အလေ့အထကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ခွင့်ပြုထားလို့ မရပါဘူး။ ဒီလို ဥပဒေကို တလွဲဖွင့်ဆို သုံးနှုန်းတာကို အပြစ်မရှိသလို ခွင့်ပြုထားမယ်ဆိုရင် အဲဒါက ဥပဒေမရှိတာနဲ့ အတူတူပါပဲ။ ဒီအလေ့အထမျိုးကိုသာ နောက်ဘယ်သူမှမလုပ်ဖို့ ဝိုင်းပြုပြင် ထိန်းကျောင်းပေးဖို့ လိုနေတာက ဘာမှချို့ယွင်းချက်ရှိပုံမပေါ်တဲ့ ဥပဒေကို ပြင်တာထက် ပိုအရေးကြီးမှာဖြစ်ပါတယ်။ တကယ်တော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး ရှေ့နေကွန်ရက်က ဒီဥပဒေဟာ ဒီလိုမဟုတ်ဘူး ရှင်းပြထားတာ ကြားရမြင်ရပြီး ဖြစ်သလို ရဲအရာရှိတစ်ဦး ကိုယ်တိုင်က ဒီလုပ်ထုံးလုပ်နည်းက မှားယွင်းနေပြီး သူတို့ကိုးကားတဲ့ ဥပဒေနဲ့လည်း မညီကြောင်း၊ အမျိုးသမီးကို အမျိုးသမီး ရဲမေနဲ့သာ ဖမ်းဆီးရမှာဖြစ်ကြောင်း၊ ပြောထားတာလည်း ဖတ်ရပါတယ်။

ကဲ ထားပါတော့။ ကျွန်တော်တို့က ဥပဒေပညာရှင်မဟုတ်လို့ ဥပဒေအကြောင်းကို သာမန်လူပြိန်းအတွေး (Common Sense) နဲ့ စဉ်းစားရင်တောင် မြင်နိုင်တာမျိုးကို အလေးထားပြောနေရတာပါ။ ဥပဒေကို ပြင်ဖို့လိုတယ်လို့ ပြောကြသူတွေ သတိထားဖို့က သူတို့က ဥပဒေနဲ့အညီလုပ်ခဲ့တာဖြစ်ပြီး ဥပဒေက ခေတ်မမီတော့လို့သာ မှားယွင်းခဲ့ရတာဆိုတာမျိုး သက်ရောက်စေတယ်ဆိုတာ မြင်ကြဖို့ပါပဲ။ တကယ်တော့ ဒီဥပဒေက လုံးဝသုံးမရတဲ့ဟာမျိုး မဟုတ်ပါဘူး။ တကယ် လူအုပ်စုနဲ့ ရမ်းကားလာရင် သုံးလို့ရမယ့် ဥပဒေလည်း ဖြစ်ပါတယ်။ နောင်မှာ ဒီမိုကရေစီနိုင်ငံဖြစ်လာပြီး ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဥပဒေမဲ့ လုပ်တတ်တဲ့ အတိုက်အခံအုပ်စုတို့၊ အတိုက်အခံပါတီတို့လိုမျိုးက အခုလို လူရမ်းကားတွေကိုသုံးပြီး ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ဆန္ဒပြတာမျိုးမဟုတ်ဘဲ မတည်မငြိမ်ဖြစ်အောင် တွေ့ကရာကို တမင် လုယက်ဖျက်ဆီးမယ်ဆိုရင် ဒီဥပဒေသုံးပြီး ပြည်သူအကူအညီနဲ့ အရေးယူဖြေရှင်းရတာမျိုးတောင် ရှိရင်ရှိနိုင်ပါသေးတယ်။ ဥပဒေကို ပြင်တာ၊ မပြင်တာ ထက် ဥပဒေတွေ ဘယ်လောက်သစ်အောင်ပြင်ပြင် ဥပဒေအတိုင်းမလုပ်ဘဲ လက်တစ်လုံးခြား တလွဲသုံးတဲ့ ဉာဉ်ရှိနေသရွေ့ ဥပဒေ ပြင်တာက အဓိပ္ပာယ်မဲ့ဖြစ်နေမှာပါပဲ။

ဥပဒေအကြောင်း ပြောတာတောင် နည်းနည်းများသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အဓိကပြောချင်တာက လူတွေကို ထိန်းသိမ်းကွပ်ကဲဖို့ ဆွေးနွေးညှိနှိုင်းပြီး ပြဋ္ဌာန်းအတည်ပြုရတဲ့ “လူ့ဥပဒေ”ဟာ အရေးကြီးသလို အဲဒီထက် ပိုအလေးထားရမှာက “လူ့ကျင့်ဝတ်”ဖြစ်တယ်ဆိုတာကို အလေးအနက် ပြောချင်တာပါ။ ဘာကြောင့်လဲဆိုတော့ လူ့ဥပဒေက အချိန်အခါ အခြေအနေပေါ် မူတည်ပြီး မဆီလျော်တော့တာ၊ ပြုပြင်ပြောင်းလဲပေးရမှာတွေ ရှိတတ်ပေမယ့် “လူ့ကျင့်ဝတ်” ဆိုတာကတော့ သာမန်အားဖြင့် မြင်သာထင်သာရှိပြီး လူအများလည်း လက်ခံနားလည်လွယ်တဲ့အပြင် ပိုပြီး အလေးအနက် ထား လိုက်နာရမယ့် စံသတ်မှတ်ချက်တွေ ဖြစ်နေတတ်လို့ပါပဲ။ ဒီနေရာမှာ မြင်သာအောင် ဥပမာ ပေးရမယ်ဆိုရင် လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး ယောကျာ်းနဲ့မိန်းမ လက်ထပ်လို့ရပါလိမ့်မယ်။ ဒါကိုလည်း ဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုလို့ရပါတယ်။ ဒါပေမဲ့ မောင်နှမချင်း၊ သားအဖချင်းတော့ ယူလို့မရပါဘူး။ ဒါက ဘယ် ဥပဒေနဲ့မှ ကန့်သတ်တားဆီးထားတာ မဟုတ်ပါဘူး။ “လူ့ကျင့်ဝတ်”အရ ဒါလုပ်လို့မရဘူးဆိုတာကို လူလို နားလည်သူတိုင်း အထူးရှင်းပြစရာမလိုအောင် သဘောပေါက်ပြီး ဖြစ်မှာပါ။ ဒီနေရာမှာ မောင်နှမချင်း၊ သားအဖချင်း ယူလို့မရဘူးလို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိလို့လားလို့ စောဒကတက်မယ်ဆိုရင် အဲဒီလူကို လူ့အသိုင်းအဝိုင်းက အပြင်းအထန်ရှုတ်ချပြီး ဝိုင်းဝန်း ဆန့်ကျင်ဖို့လိုမှာပဲ မဟုတ်လား။

ဒါကြောင့် လူ့ကျင့်ဝတ်က လူ့ဥပဒေထက် ပိုအရေးကြီးပါတယ်။ လူ့ကျင့်ဝတ်နဲ့တောင် မညီဘူးလို့ မြင်သာတဲ့ကိစ္စမျိုးကို ဒါက ဥပဒေနဲ့ အညီလုပ်တာပါလို့ပြောရင် ပြောတဲ့သူဟာ လူရွံစရာဖြစ်မှာ သေချာပါ တယ်။ ဥပဒေဆိုတာတောင် နည်းနည်း မြင့်နေ ပါသေးတယ်။ လုပ်ပိုင်ခွင့် ရှိပါတယ်ဆိုတဲ့ ဘောင်ထဲမှာတောင် အကန့်အသတ်မဲ့ လုပ်လို့မရပါဘူး။ ဥပမာတစ်ခုပြောရင် အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်၊ ဒါမှမဟုတ် ဦးလေး၊ ဦးကြီး၊ ဒါမှမဟုတ် အစ်ကို၊ ဒါမှမဟုတ် ပထွေးဖြစ်သူက အဲဒီအိမ်က ကလေးကို လူမြင်ကွင်းမှာ ညှဉ်းဆဲရိုက်နှက်နေတယ်ဆိုပါတော့။ ဘေးကလူက သွားပြောရင် သူက “ကျုပ် အိမ်က ကလေးကို ကျုပ် ရိုက်တာ ခင်ဗျားနဲ့ မဆိုင်ပါဘူး”လို့ ပြောကောင်း ပြောမယ်။ သူက မိသားစုဝင်မို့ ဆုံးမခွင့်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါကို ဥပဒေကလည်း မတားမြစ်ထားပါဘူး။ ဒါပေမဲ့ ဒါကို သူ့ကလေးကို သူရိုက်တာပဲဆိုပြီး သူဘယ်လောက် ရက်စက်ရက်စက် လက်ပိုက်ကြည့်နေလို့တော့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ကျင့်ဝတ်အရ ဘယ်သူမှ လက်မခံနိုင်လို့ပါပဲ။

ဒီတော့ လူကျင့်ဝတ်အရ လက်မခံနိုင်တဲ့ လွန်ကျူးမှုမျိုးကို ကာယကံရှင်က လုံးဝမလုပ်သင့်သလို လူ့အဖွဲ့အစည်းကလည်း လုံးဝ ခွင့်မပြုသင့်ပါဘူး။ ဒါက ဥပဒေထက်တောင် ပိုအရေးကြီးပါသေးတယ်လို့ ထင်ပါတယ်။ ဥပဒေဆိုတာက လူ့ကျင့်ဝတ် အရ မလုပ်သင့်၊ မလုပ်ထိုက်တာမျိုးတွေကို မလုပ်ဖို့၊ ကန့်သတ်တားမြစ်၊ အပြစ်ပေးတာမျိုးနဲ့ ထိန်းသိမ်းပေးသလိုပဲ ဥပဒေပြဋ္ဌာန်းစရာတောင်မလိုဘဲ လူဆိုရင် လိုက်နာမှာပဲလို့ အများက နားလည်နေကြတဲ့ ကျင့်ဝတ်တွေက ပိုလေးနက်လို့ ဖြစ်ပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေတဲ့ ဝိရောဓိကို ဖြေရှင်းရာမှာ တစ်ဖက်က လက်နက်တစ်စုံတစ်ရာမပါရင် လက်နက်နဲ့ တစ်ဖက်သတ် ဝင်ရောက် အကြမ်းဖက်တာမျိုး မလုပ်အပ်ပါဘူး။ ဒါက လူ့ကျင့်ဝတ်ဖြစ်ပါတယ်။ မြန်မာ မိန်းကလေးငယ်တွေကို ကာယိန္ဒြေကျူးကျော်စော်ကားတဲ့ လုပ်ရပ်မျိုးကို အုပ်စုဖွဲ့ မလုပ်အပ်ပါဘူး။ ဒါက သားသမီးချင်း စာနာတတ်သူတိုင်း နားလည်နိုင်မယ့် လူ့ကျင့်ဝတ် ဖြစ်ပါတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ အသက်အရွယ်နုနယ်တဲ့ လူငယ်တွေကို လူကြီးတွေက အနိုင်ကျင့်စော်ကားတဲ့လုပ်ရပ်မျိုး မလုပ်အပ်ပါဘူး။ ဒါကလည်း လူ့ကျင့်ဝတ်ပါပဲ။ ဒါ့အပြင် သေနတ်ချင်း ကိုင်ပြီး တိုက်ကြသူတွေတောင် လက်နက်ချပြီဆိုရင် စစ်သုံ့ပန်းကို မနှိပ်စက်ရဆိုတာ နိုင်ငံတကာ ဥပဒေ၊ နိုင်ငံတကာကျင့်ထုံး၊ နိုင်ငံတကာ လူ့ကျင့်ဝတ်ဖြစ်ပါတယ်။ ဒီတော့ လက်နက်မပါတဲ့သူကို လက်နက်ပါသူက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးရာမှာ အဖမ်းခံပါမယ်ပြောသူကို မရိုက်သင့်ဘူးလို့ နားလည်ရမှာက လူ့ကျင့်ဝတ် ဖြစ်ပါတယ်။ အခုတော့ အဖမ်းခံပါမယ်ပြောသူကို လည်းရိုက်၊ ဖမ်းလာတဲ့ကားပေါ်မှာလည်း အလကားနေရင်းရိုက်၊ မီဒီယာသမားလို့ ပြောသူကိုလည်း မီဒီယာသမားမို့ ရိုက်တာဆိုပြီး ရိုက်ဆိုတာတွေကို အမိန့်ပေးတာရော၊ ခွင့်ပြုထားတာရော၊ ဖြစ်လာတဲ့အခါ အရေးမယူတာရောက လူ့ကျင့်ဝတ်နဲ့မညီပါဘူး။ လူ့ကျင့်ဝတ် စံနှုန်းတွေလောက်ကိုတောင် လေးစားတန်ဖိုးထား လိုက်နာရမှန်းမသိသူတွေက ဥပဒေကို ကိုးကားပြောဆိုနေရင် ရပ်ဝေး၊ ရပ်နီး၊ ပြည်တွင်း၊ ပြည်ပ၊ ဘယ်ဌာနက မဆိုနဲ့ ကာလအရပြောရရင် ပစ္စုပ္ပန်မှာရော နောင်အနာဂတ်မှာပါ ရှက်စရာ၊ ရယ်စရာ အမည်းစက်ကြီး ဖြစ်ကျန်ခဲ့ပါလိမ့်မယ်။

ဒါကို ကျွန်တော်တို့က ]သြော် သူတို့မရှက်ကြလို့ လုပ်တာပဲ၊ သူတို့သမိုင်း သူတို့ရေးတာပဲ} စသဖြင့်လောက်နဲ့ လျစ်လျူရှုထား လို့ မရပါဘူး။ ကျွန်တော်တို့ ခေတ်ကို ယဉ်ကျေးလူရာဝင်တဲ့ခေတ်ဖြစ်အောင် ဝိုင်းပဲ့ပြင်ထိန်းသိမ်းကြရမှာက ဒီနေ့လူသားများ ရဲ့ တာဝန်ပါ။ ဘယ်သူကိုမှ ဒီလိုစံတွေကို ချိုးဖောက်ခွင့် မပေးသင့်ပါဘူး။ အခု ငြိမ်းချမ်းစွာ တောင်းဆိုနေတဲ့ ကျောင်းသား များက ဒီကနေ့ စိတ်ဆိုးနေတဲ့ မိဘပြည်သူများအဖြစ် သရုပ်ဆောင်ကြသူ လူရမ်းကားတွေ ကိုဖြစ်စေ၊ ဥပဒေဘက်တော်သား ဆိုတဲ့ ယူနီဖေါင်းဝတ် လူကြီးမင်းတွေကို ဖြစ်စေ၊ ဥပဒေမဲ့ ရိုက်နှက်မယ်ဆိုရင်တောင် ကျွန်တော်တို့ ဘယ်လိုမှ လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒီနေရာမှာ “တာဝန်” လက်ပတ်ပတ်ထားရုံနဲ့ တာဝန်ရှိ သူ ဖြစ်မသွားနိုင်ပေမယ့် သူရာထူးအဆင့်၊ သူရောက်နေတဲ့နေရာ၊ သူထမ်းဆောင်ရမယ့် အလုပ်တွေက ပြဋ္ဌာန်းတဲ့ တာဝန်ရှိသူတွေကို ကျွန်တော်တို့ အလွယ်တကူ မြင်သာပါတယ်။ ဒီလိုပဲ “လူရမ်းကား”ဆိုတာဟာလည်း လက်ပတ် ပတ်ပတ် မပတ်ပတ်၊ ဘာဝတ်စုံပဲဝတ်ဝတ်၊ ဘာတွေ လက်ထဲကိုင်လို့ ဘယ်ကုလားထိုင်မှာပဲရှိရှိ ဘယ်လောက်အထိဘဝမြင့်ပြီး ဘယ်လိုအဆောင်အယောင်တွေနဲ့ပဲ ဝင့်ကြွားကြွား၊ လူရမ်းကားဟာ လူရမ်းကားသာဖြစ်ကြောင်း မြင်သာတာပါပဲ။

ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက အရေးတကြီး တောင်းဆိုနေတာကတော့ နေရာအနှံ့မှာရှိနေနိုင်တဲ့ လူရမ်းကား မှန်သမျှကို ဥပဒေကို အလေးအနက် လိုက်နာတတ်စေဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းလေးစားကျင့်ကြံ တတ်တဲ့ လူယဉ်ကျေးတွေ ဖြစ်ဖို့ ဝိုင်းဝန်းပြောဆို၊ ရေးသား၊ ပဲ့ပြင်ထိန်းကျောင်းပေးဖို့ လိုအပ်နေတာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

မောင်လွင်မွန် (ကသာ)

More from သတင်းဆောင်းပါး

ဒီမိုကရေစီ ပြည်သူ့တပ်မတော်ဖြစ်ရမည် (Democracy National Army)

ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ကိုယ်တွေ့ခံစားခဲ့ရသော အနိဋ္ဌာရုံများအရ ကမ္ဘာပေါ်တွင် တပ်မတော် အမျိုးမျိုး ပေါ်လာခဲ့လေသည်။ ထိုတပ်မတော်များမှာ မိမိတို့ယုံကြည်ရာ နိုင်ငံရေးစနစ်ပေါ် မူတည်၍ ပေါ်ပေါက် ခဲ့ခြင်းဖြစ်၏။ တရုတ်နှင့် မြောက်ကိုရီးယားရှိ တပ်များကို ကွန်မြူနစ် ပြည်သူ့တပ်မတော် (Communist People’s Army) ဟု ခေါ်ကြသည္ read more

ကျောင်းသား နိုင်၏ မနိုင်၏

သရုပ်ဆောင် ဦးဇင်ဝိုင်းက “ကျောင်းသားတွေနိုင်တယ်” ကမ်ပိန်းနှင့်ပတ်သက်၍ သူ၏အမြင်ကို ပြောပြရာတွင် “ကျွန်တော်တို့နိုင်ငံ ရှုံးတယ်လို့ မြင်တယ်ဗျ။ ကျွန်တော်ကတော့ ဘယ်သူနိုင်တယ်၊ ဘယ်ဝါနိုင်တယ် မပြောချင်ဘူးဗျ။ ဖြစ်သွားတဲ့ အဖြစ်အပျက်ကြီးက ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွား တယ်လို့မြင်တယ္ read more