တိုင်းရင်းသားအသံ

အထက်ကို တင်ပြပေးမည်ဆိုသော ဌာနဆိုင်ရာများ၏ လက်သုံးစကားသည် ပြည်သူတို့အတွက်အလွတ်ရနေသော ကျက်စာတစ်ပုဒ်ဖြစ်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၄
အင်းတိုင်းရင်းသားတို့၏ဘဝဓလေ့စရိုက်လက္ခဏာနှင့် သဘောထားများကို အင်းတိုင်းရင်းသားဖြစ်သော ကိုလတ်နှင့်တွေ့ဆုံခဲ့သည်ကို တိုင်းရင်းသားအသံကဏ္ဍမှ တင်ဆက်လိုက်သည်။
အင်းလေးကန်ကြီး၏ဖြစ်ပေါ်တည်ရှိမှုသမိုင်းအကျဉ်းအကြောင်းကို ကိုလတ်က ”အင်းလေးကန်ကြီးအကြောင်း ရာဇဝင်ချီပြီး ပြောရင်ကုန်မှာ မဟုတ်ဘူး။ သဘာဝအပြောင်းအလဲကြောင့်ဖြစ်ပေါ်လာခဲ့ရတဲ့ ကျောက်ပြို ရေကန်ကြီးတစ်ခုလို့ အတိုချုံ့ပြောလို့ရတာပေါ့။ တောင်ပေါ်ပင်လယ်လို့ တင်စားခေါ်ဝေါ်တဲ့ ကျွန်တော်တို့ အင်းလေးကန်ကြီးဟာ ရှေ့ယခင်ကာလတုန်းက စတုရန်းမိုင် ၁ဝဝ ကျော် ကျယ်ဝန်းခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာ စိုက်ပျိုးရေးဖြစ်တဲ့ရေခြံလုပ်ငန်းတွေ တိုးချဲ့ခဲ့တာ ကြောင့် အင်းလေးရေပြင်ဟာ ၂၄ စတုရန်းမိုင်ဝန်းကျင်သာသာပဲ ရှိတော့တယ်”ဟု ပြောသည်။
တိုင်းရင်းသားတို့ အစဉ်တစ်စိုက်တောင်းဆိုနေသော ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် တန်းတူညီမျှရေးဆိုသည့်အကြောင်းကို ”ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးဆိုတာကို ဒီနေ့နိုင်ငံရေးနယ်ပယ်နဲ့ ဆက်စပ်နေတဲ့လူတွေ ပြောနေကြတာပဲ။ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂဆိုင်ရာ ကြေညာစာတမ်းမှာ အပိုဒ်ပေါင်း (၄၆) ပိုဒ်၊ အခန်းခွဲပေါင်းများစွာနဲ့ရေးဆွဲခဲ့ကြတာပဲ။ ဒါတွေကိုပဲ လက်တွေ့ကျင့်သုံးရင်တောင် အဆင်ပြေပါတယ်။ လက်ရှိအုပ်ချုပ် ရေးကဏ္ဍ မှာဆိုရင် အာဏာခွဲဝေ သက်ရောက်မှုက ပြည်နယ်ပြည်မ ညီမျှဖို့လိုတာ ပေါ့။ တိုင်းရင်းသား အရေးကိစ္စ တွေဆောင်ရွက်ဖို့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်ထားပေမယ့် ကျွန်တော်တို့တွေလိုတာ အဆောင်အယောင်တွေ မဟုတ်ဘူး။ ကိုယ့်လူမျိုးရေးကိစ္စတွေ၊ ပြောရေးဆိုခွင့်တွေ ရရှိဖို့ လုပ်ဆောင်ကြရမယ်။ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ ပေါ်လာရုံနဲ့တော့ မလုံလောက်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေနဲ့ ထိတွေ့ဖို့လည်း လိုတာ ပေါ့။ အဓိကပြောချင်တာက တန်းတူညီမျှမှု အသီးအပွင့်ကိုအားလုံးမျှဝေခံစားချင်တာပေါ့ဗျာ။ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုကတော့ နဂိုကတည်းက ရှိခဲ့ပြီးသားပါ။ ပညာရေးကဏ္ဍမှာလည်း လက်ရှိတိုင်းရင်း သားစာပေတွေကို သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်လာအောင် ကြိုးစားနေ ကြတာတွေ့ရတဲ့အတွက်လည်း ဝမ်းသာပါတယ်”ဟု ကိုလတ်က ပဲ့တင်သံသို့ ပြောသည်။
တိုင်းရင်းသားတို့၏ဒေသများဖွံ့ဖြိုးမှုမရှိသည့်အကြောင်းကို ယင်းက ”ဒေသဖွံ့ဖြိုးရေးနဲ့ အထွေထွေလိုအပ်ချက်ကတော့ အများကြီးပေါ့ ဗျာ။ ယခင်စစ်အစိုးရလက်ထက်ဆိုတော့ တိုင်းရင်းသားတွေက ဘာမှ တင်ပြခွင့်မရှိခဲ့ဘူး။ ဖွံ့ဖြိုးရေးလုပ်ဆိုရင်လည်း စီမံကိန်း ဘယ်လိုရေးဆွဲထားမှန်းလဲမသိဘူး။ ကိုယ့်ဒေသမှာ ပြည်သူတွေအတွက် အမှန်တကယ် လိုအပ်တာတွေ တင်ပြတောင်းဆိုရင်တောင် အထက်ကို တင်ပြပေးပါမယ်ဆိုတဲ့ သူတို့ရဲ့လက်သုံးစကားက ကျွန်တော်တို့ပြည်သူတွေ အလွတ်တောင်ရနေတဲ့ ကိစ္စတစ်ခုဖြစ်သည်။ ယခင်ဆယ်စုနှစ်တစ်ခုစာမက အင်းလေးကန် မိုင်၂ဝ ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အလုပ်ရုံဆွေး နွေးပွဲတွေ လုပ်ခဲ့ကြတာ ကျွန်တော်တို့အမြင်ပဲလေ။ အပြစ်ပြောတာ မဟုတ်ဘူး။ ဆန်းစစ်ကြည့်တယ်လို့ပဲ မြင်ပေးပါ။ ကိုယ့်အိမ်ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှ ပတ်ဝန်းကျင်က အတုယူလာပြီး အားလုံးအတူတူ ပြင်ဆင်ထိန်းသိမ်းမှ အောင်မြင်မှာပေါ့။ အခုတက်လာတဲ့ အရပ်သား အုပ်ချုပ်မှုမှာတော့ အရင်ထက်စာရင် ပြည်သူတွေရဲ့ ချုပ်တည်းထားတဲ့ လွတ်လပ်မှုတွေရလာပြီး ပွင့်လင်းမြင်သာမှုနည်းနည်းတော့ ရှိလာတာ ပေါ့”ဟု ဒေသဆိုင်ရာဖွံ့ဖြိုးရေးအကြောင်းကို ပြောသည်။
ဝ၁၁

More from တိုင်းရင်းသားအသံ

တိုင်းရင်းသားများအား ဒုတိယလူတန်းစားအဖြစ် ဆက်ဆံနေခြင်းကို ဖျောက်ဖျက်ရမည်

အင်္ဂလိပ်နယ်ချဲ့တို့၏ပယောဂကြောင့် နယ်မြေ(၄) နယ်ကွဲပြားသွားခဲ့ရသည့် ကယန်းတိုင်းသားတို့၏အကြောင်းကို ပဲ့တင်သံ၏ တိုင်းရင်းသားအသံကဏ္ဍကဖော်ပြပါသည်။ read more

‘ထာဒို’ချင်းတိုင်းရင်းသားများ နှစ်ပေါင်း ၆ဝ ကြာ ပစ်ပယ်ခံခဲ့ရ

မြန်မာနိုင်ငံတိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် ပါဝင်သော ”ထာဒို”တိုင်းရင်းသားတို့၏ဘဝသရုပ်ကို ပဲ့တင်သံ၏ တိုင်းရင်းသားအသံကဏ္ဍမှ တင်ဆက်လိုက်ပါသည်။ read more