လူငယ်အသံ

နှစ်ဖက်လက်ခံနိုင်သော ဘောင်ဖြစ်ရန် ယုံကြည်မှုတည်ဆောက်ကာ ညှိနှိုင်းသင့်

မုံရွာ၊ မတ် ၈
ဘားကမ့်မုံရွာ ၂ဝ၁၄ တွင် Volunteer တစ်ဦးအဖြစ် ဆောင်ရွက် ရင်း ခေါင်းစဉ်တစ်ခုဖြင့် ကိုယ်တိုင်ဦးဆောင်ဆွေးနွေးခဲ့သော မုံရွာ တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ်ရှိ တတိယနှစ်၊ အင်္ဂလိပ်စာ အထူးပြုကျောင်းသား ကိုကောင်းခန့်ဖြိုးဝေနိုင်အား ယင်းဆွေးနွေးခဲ့သည့် ”ဘောင်ခတ်ခြင်းအနုပညာ”ခေါင်းစဉ်နှင့်ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ သည်များကို ပဲ့တင်သံဂျာနယ်၊ လူငယ်အသံကဏ္ဍမှ ဖော်ပြလိုက်ပါသည်။
”ပထမရက်မှာ အစ်ကိုတစ်ယောက်က ‘ဘောင်ခတ်ခံထားရ သောလူငယ်များ’ခေါင်းစဉ်နဲ့ဆွေးနွေးတုန်းက ကျွန်တော်လည်း နား ထောင်ရင်း ဝင်ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ အချိန်အကန့်အသတ်ကြောင့် ကျွန်တော်ပြောချင်တာတွေ ပြည့်စုံအောင်မပြောခဲ့ရဘူး။ ဒါကြောင့် ဒုတိယရက်မှာ ကျွန်တော်ကိုယ်တိုင် ခေါင်းစဉ်တပ်၊ အခန်းတစ်ခန်းယူပြီး ဦးဆောင်ဆွေးနွေးဖြစ်ခဲ့တယ်”ဟုဝင်ရောက်ဆွေးနွေးဖြစ်ရခြင်းအကြောင်း နှင့်စပ်လျဉ်းပြီး ကိုကောင်းခန့်ဖြိုးဝေနိုင်က ပဲ့တင်သံကို ပြောသည်။
”သူတို့ပြောနေကြတာက ဘောင်တွေကို မလိုလားကြဘူးပေါ့။ ဘောင်တွေဟာ တအားတင်းကျပ်ချုပ်ချယ်လွန်းလို့ ဘောင်တွေကို မုန်းတယ်ပေါ့။ ဘောင်တွေ မရှိသင့်ဘူးတဲ့။ ဘုရားတောင် မိဘစကား နားမထောင်ခဲ့လို့ ဘုရားဖြစ်လာတာတဲ့။ ကျွန်တော်တို့ဆိုလည်း မိဘက မင်း English မတက်ဘဲ Law တက်ချင်ရင်တက်၊ ဒါပေမဲ့ ကိုယ့်စရိတ် ကိုယ်ရှာပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တာဝန်မယူနိုင်တဲ့အတွက် English ပဲ တက်ခဲ့တယ်။ ဒီလိုပဲ ဘုရားရှင်ဟာလည်း သူဘုရားဖြစ်ဖို့ ကျင့်ကြံခဲ့တဲ့ ခြောက်နှစ်တာအတွင်း မိဘဆီလုံးဝမပြန်ဘဲ သူ့ဆုံးဖြတ်ချက်ကို အပီအပြင် အကောင်အထည်ဖော်ခဲ့ တယ်။ ပြောချင်တာက ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်အောင်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ဘဲနဲ့ ဘောင် တွေ ကိုမုန်းတယ်၊ မုန်းတယ်နဲ့မပြောစေချင်ဘူး” ဟု ဘောင်ခတ်ကန့်သတ် ခံထားရမှုများကြောင့် ဘောင်များကို မုန်းတီးမှုလွန်ကဲနေကြသည့် လူငယ် များနှင့်ပတ်သက်ပြီး သူ့အမြင်ကို ဖွင့်ဟသည်။
”ဘောင်တွေမရှိရင် လောကကြီးပျက်သွားတာ ကြာပေါ့။ မုံရွာမြို့ မှာလည်း ထောင်ဆိုတာမထားနဲ့လေ။ ဥပဒေဆိုတာကိုက ဘောင်တစ်ခု ပဲ။ ဘောင်မလိုလားရင် တက္ကသိုလ်ဆိုတာကိုလည်း လူတိုင်းလာတက် လေ။ တက္ကသိုလ်တက်နိုင်တဲ့ပညာအခြေခံမရှိထားတဲ့လူတွေလည်း အကုန်လာတက်ကြတော့ပေါ့။ နောက်တစ်ခုက ကမ္ဘာမှာ နျူကလီးယား ဗုံးတွေ ထုတ်လုပ်ကြတယ်။ ဒါပေမဲ့ နျူကလီးယားအသုံးမပြုရဆိုတဲ့ ဘောင်တစ်ခုကြောင့် ကမ္ဘာမပျက်တာလေ”ဟု ကိုကောင်းခန့်ဖြိုးဝေနိုင် က သူ့အတွေးကို အခြားလူငယ်များအား တင်ပြခဲ့သည်။
ဘောင်ဆိုတာရှိသင့်တယ်။ လက်ခံလိုက်နာရမဲ့ နှစ်ဦးနှစ်ဖက် အတွက် အဆင်ပြေပြီး သက်သောင့်သက်သာရှိမဲ့ ဘောင်မျိုးဖြစ်ဖို့တော့ လိုတယ်။ အဲဒီလိုဘောင်မျိုးဖြစ်ဖို့အတွက်လည်း နှစ်ဦးနှစ်ဖက်ကြားမှာ ယုံကြည်မှုရှိရှိနဲ့ ညှိနှိုင်းကြရမယ်။ အရမ်းတင်းကျပ်ချုပ်ချယ်တဲ့ ဘောင်တွေမဖြစ်ရဘူး။ အဲဒီလိုဘောင်မျိုးတွေကိုတော့ တစ်ယောက် အားနဲ့မရရင်အများအားနဲ့ ချေဖျက်ပစ်ကြရမှာပဲ”ဟု သူ့အယူအဆ၊ သူ့အတွေးအမြင်ကို ပဲ့တင်သံကို ပြောပြခဲ့သည်။
ဝ၃၃

More from လူငယ်အသံ

တက္ကသိုလ်ဝင် စာမေးပွဲကြီးနီးပြီ

ဘဝ၏ အရေးပါသောအချိုးအကွေ့ဟု ပြောဆိုလေ့ရှိသော တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရန်မှာ နှစ်လခန့်သာ လိုတော့သည်။ ထို့ကြောင့် read more

ငြိမ်းချမ်းရေးတည်တံ့ရန် မျှော်လင့်ဒုတိယနှစ် အင်္ဂလိပ်စာအဓိကကျောင်းသူတစ်ဦးဖြစ်သည့် မသက်စုနန္ဒီကို မေးမြန်းဖြစ်ခဲ့ပါသည်။

ဒုတိယနှစ် အင်္ဂလိပ်စာအဓိကကျောင်းသူတစ်ဦးဖြစ်သည့် မသက်စုနန္ဒီကို မေးမြန်းဖြစ်ခဲ့ပါသည်။ read more