စာအုပ်သုံးသပ်ချက်

မေ့လျော့ထားသော ရပိုင်ခွင့်

ကျော်စွာ၏ အကျဉ်းသားအခွင့်အရေးစာအုပ်ကို Myanmar Knowledge Society မှ ပထမအကြိမ် ထုတ်ဝေလိုက်သည်။ စာအုပ်တစ်အုပ်မှ တိုက်ရိုက်မြန်မာဘာသာသို့ ပြန်ဆိုမှုမဟုတ်ဘဲ နိုင်ငံတကာမှ အကျဉ်းသားအခွင့်အရေးဆိုင်ရာ စာအုပ်များကို ကိုးကားပြီး မြန်မာ့အကျဉ်းသားအခွင့်အရေးဆိုင်ရာ အဖြစ်အပျက်များကိုပါ ထည့်သွင်းနှိုင်းယှဉ်ပြထားသည်။ စာအုပ် ရေခံတွင်မူ
အကျဉ်းသားအခွင့်အရေးမိတ်ဆက်ဟု အမည်ပေးထားသည်။
စာအုပ်ကို အပိုင်း ၁၁ ပိုင်းခွဲခြား၍ ပြုစုထားသည်။ အကျဉ်းသားအဓိပ္ပာယ်၊ အကျဉ်းထောင်စနစ်၊ အပြစ်ပေးမှုနှင့် အခွင့်အရေးစသည်တို့မှသည် အကျဉ်းသားအခွင့်အရေးအတွက် တိုင်ကြားရသည့်အခြေအနေအထိ အကျဉ်းသားအခွင့်အရေး ဆိုင်ရာပြဿနာများ၊ စဉ်းစားဖွယ်၊ ပြုပြင်ဖွယ်များကို မိတ်ဆက်တင်ပြထားသည်။ အကျဉ်းသားဟူသည် ဥပဒေအရ ပြစ်မှုကျူးလွန်ထားကြသူများဖြစ်သော်လည်း အခြေခံလူသား ဂုဏ်သိက္ခာအဆင့်တစ်ခုကို ထိန်းသိမ်းထားဆဲဖြစ်သောကြောင့် ရသင့်ရထိုက်သောလူ့အခွင့်အရေးဆိုင်ရာများ ရယူပိုင်ဆိုင်ခွင့်ရှိနေကြောင်း ဥပဒေက အသိအမှတ်ပြုထားဆဲဖြစ်သည်။ ယခင်က အကျဉ်းသားအုပ်ချုပ်မှု ကိစ္စအဝ၀ကို အကျဉ်းထောင်မှ ဦးစီးချုပ်ကိုင်ရာမှ အကျဉ်းသား အခွင့်အရေးဆိုင်ရာပြဿနာများ ပေါ်ပေါက်လာခြင်းကြောင့် နောက်ပိုင်းတွင် တရားဥပဒေနှင့် တရားရုံးကပါ အကျဉ်းသားအခွင့်အရေးများအတွက် ပါဝင်ပတ်သက်ခွင့်ရရှိလာကြောင်း အမေရိကန်အကျဉ်းထောင်နှင့် တရားရေးစနစ်ဆိုင်ရာ သက်သေသာဓကများစွာကို ထုတ်ပြထားသည်။ အခြေခံဥပဒေသည်သာ အကျဉ်းသားအခွင့်အရေးနှင့် ပတ်သက်သည့် အနိမ့်ဆုံးစံသတ်မှတ်ချက်တစ်ရပ်ဖြစ်ကြောင်းလည်း ဆိုသည်။ ဥပဒေအရ တရားရုံးတွင် ထိုက်သင့်သောပြစ်ဒဏ်ချမှတ်ခံရပြီး ဖြစ်ပါလျက် အကျဉ်းထောင်အတွင်း၌ ထပ်မံကြုံတွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုများ အတွက် စဉ်းစားဖွယ်ရာများကိုလည်း အပိုင်း ၂ တွင် တွေ့ရသည်။
ရက်စက်ခြင်း၊ လူမဆန်ခြင်း၊ မူမမှန်သောအပြစ်ဒဏ်ပေးခြင်းများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်၊ ညှိနှိုင်းဖွယ် အပြန်အလှန်အားပြိုင်မှုများနှင့် ဆိုင်ရာ ဥပမာများကိုလည်း ဤအပိုင်းတွင် လေ့လာတင်ပြထားသည်။ အကျဉ်းထောင်အတွင်း ကိုယ်ထိလက်ရောက် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းမှ အစ အခြားသောအကျဉ်းသားအခွင့်အရေးကို ထိပါးစေခြင်းမျိုးကိုလည်း အခန်း ၃ တွင် ဝေဖန်ထားသည်။ အကျဉ်းသားများသည် အကျဉ်းထောင်စောင့်တို့၏ လက်ခုပ်ထဲမှရေအသွင် ဖြစ်နေရမှုများ အတွက်လည်း ဖြေရှင်းပုံဥပမာမျိုးစုံနှင့် ရှင်းလင်းထားသည်။
အကျဉ်းသားတစ်ဦးဖြစ်ခြင်းသည် သူ၏အရည်အသွေး၊ စိတ်ကူးအတွေး အခေါ်၊ ထင်မြင်ယူဆချက် ထုတ်ဖော်ခွင့်များကို ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ကြောင်းကို အကျဉ်းသားတို့၏ လွတ်လပ်စွာထုတ်ဖော်ခွင့်များနှင့် ဆက်စပ်လေ့လာထားသည်။ လွန်လေပြီးသောကာလများဆီက မြန်မာ့အကျဉ်းသားများ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့်အားလျော်စွာ နိုင်ငံတကာဖြစ်ရပ်များ၊ ဆုံးဖြတ်ချက်များစွာနှင့် နှိုင်းယှဉ်လေ့လာထားသည်။
အကျဉ်းထောင်များအတွင်းမှ ပညာရေး အစီအစဉ်တို့၏ အကျိုးသက်ရောက်မှု များအကြောင်းကိုလည်း အမေရိကန် အကျဉ်းထောင်များ၏ ပညာရေးစနစ် ပြောင်းလဲလာပုံ သာဓကများစွာနှင့် လေ့လာနိုင်သည်။ အကျဉ်းထောင်များ ၏ပရဝဏ်ကို ကျဉ်းအောင်၊ ကျုံ့အောင် လုပ်နိုင်သည့် ထိရောက်မှုအရှိဆုံးနည်း မှာ အကျဉ်းထောင်အတွင်း ပညာသင် ကြားခွင့်ရရှိရေးဖြစ်ကြောင်းလည်း ဆို ထားသည်။ အကျဉ်းထောင်တွင်း ပညာ ရေးစနစ်ကောင်းမွန်ပါက အကျဉ်းသား ဟောင်းများ ထောင်ပြန်ကျသည့် ပမာဏကို သိသိသာသာ လျှော့ပါးစေ နိုင်ကြောင်းလည်း သိရသည်။
အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အခွင့်အရေးအတွက် ဆေးကုသခွင့်နှင့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက် မှုများကိုလည်း သီးခြားအပိုင်းတစ်ပိုင်း နှင့်ရှင်းလင်းထားသည်။ “အကျဉ်း သားများအား ယင်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအလိုက် စီရင်ချက်ချ၍ အကျဉ်းထောင်အတွင်း ပို့ဆောင်ထား ခြင်းဖြစ်သည်။ ယင်းတို့အား HIV/AIDS ရောဂါကူးစက်ခံရစေရန် ပြစ် ဒဏ်ချမှတ်ထားခြင်းမဟုတ်ပေ” ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ကြေညာရသည် အထိ ဖြစ်ခဲ့ရသော လုံခြုံစိတ်ချရသော ဆေးကုသမှုအခွင့်အရေးများအတွက် လည်း ဂရုပြုဖွယ်ဖြစ်သည်။ အကျဉ်း သားအချင်းချင်း ခွဲခြားဆက်ဆံခံရမှုမှ ကင်းလွတ်ရေး၊ ကျန်းမာရေးပညာ ရရှိနိုင်ခွင့် အခွင့်အရေးတို့အတွက် လည်း သိမှတ်ဖွယ် ဖြစ်သည်။
ဘာသာရေးလွတ်လပ်ခွင့်သည် လည်း လူသားအားလုံးရရှိခံစားထိုက် သည်ဖြစ်သည့်အတွက် အကျဉ်းသား များအတွက်လည်း ရရှိရမည်ဖြစ်သည်။ သို့သော် အမြဲတစေအကျဉ်းထောင်အုပ် ချုပ်ရေး၊ လုံခြုံရေးအစီအမံများနှင့်သာ
ဦးတည်စဉ်းစားရသူတို့နှင့်အခွင့်အရေး
တောင်းဆိုသူတို့အကြား အချေအတင်ဖြစ်စဉ်များကိုလည်း အပိုင်း ၇ တွင် လေ့လာထားသည်။ အကျဉ်းထောင်တွင်း
အနိမ့်အမြင့် မညီမျှသော အလုပ်ခွင်ခွဲဝေမှု၊
အမျိုးသမီးအခွင့်အရေးဆိုင်ရာ ပြဿနာများ၊
အခွင့်အရေးတောင်းဆိုမှုများ
အကြောင်းထိ အကျဉ်းသားများကြုံတွေ့ရသည့် အခွင့်အရေးဆိုင်ရာများကိုလည်း ကျယ်ပြန့်စွာ လေ့လာတင်ပြထားသည်။
အကျဉ်းထောင်တွင်း
အကျဉ်းသားအခွင့်အရေးဆိုင်ရာ ပြဿနာများသာမက အကျဉ်းသားကို
အာမခံဖြင့် လွှတ်ခြင်း၊
ခံဝန်ကတိဖြင့် လွှတ်ခြင်း၊ ဆုရက်ဖြင့် လွှတ်ခြင်းဆိုင်ရာ ပြဿနာများနှင့် အငြင်းပွားဖွယ်ရာကိစ္စများကိုလည်း လေ့လာသုံးသပ်ထားသည်။ နိဂုံးအခန်းတွင်မူ ဖော်ပြခဲ့သောအကျဉ်းသားအခွင့်အရေး ဆိုင်ရာပြဿနာများကို
ဖြေရှင်းရေး၊ ဥပဒေကြောင်းအရ ပြန်လည်အရေးဆိုပိုင်ခွင့်
ဆိုင်ရာများအထိ ပြည့်စုံစွာ လေ့လာချဉ်းကပ်ထားသည်။
အကျဉ်းသားများဆိုသော်လည်း လူနည်းစုဘေးဖယ်ခံများမဟုတ်ဘဲ လူသား တစ်ယောက်၏ အခြေခံရပိုင်ခွင့်ဆိုင်ရာများ ရရှိထိုက်သေးသော လူသားများပင် ဖြစ်ကြောင်း ဆန့်ထုတ်ထားသည့် ပြုစုမှုတစ်ခုဖြစ်သည်။ ကမ္ဘာနှင့်အမေရိကန် ဆိုင်ရာလေ့လာချက်များ
အဓိကဖြစ်သော်လည်း
လက်ရှိမြန်မာ့အကျဉ်းထောင်နှင့် အကျဉ်းသားဆိုင်ရာ
ပြုပြင်ပြောင်းလဲမှု
တစ်စုံတစ်ရာအတွက်
စတင်စဉ်းစားဖွယ်လည်းဖြစ်သည်။
နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ
စိတ်ဝင်စားသူတို့၏
စာအုပ်စင်တွင် ရှိထိုက်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ မြန်မာစာဖတ်ပရိသတ်တိုင်း ကြိုတင်ဖတ်ရှုထားသင့်သည့် စာအုပ်ဟုဆိုနိုင်ပါသည်။
“တကယ်တော့ အကျဉ်းထောင်တွေအားလုံး လက်စွဲပြုရမယ့် တစ်စုတည်းသော ဥပဒေအထောက်အပံ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ အခြေခံဥပဒေဟာ အကျဉ်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး အနိမ့်ဆုံးစံတစ်ရပ်ကို ပေးတယ်”
(စာ-၂၃)
ဝဏ္ဏလင်း

More from စာအုပ်သုံးသပ်ချက်

ပညာဖြင့် ကျေးဇူးဆပ်ခြင်း

ဒေါက်တာသန်းထွန်း နှစ် ၉၀ ပြည့် စာတမ်းများကို ဒေါက်တာသန်းထွန်း နှစ် ၉၀ ပြည့်မွေးနေ့ အမှတ်တရစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီနှင့် read more

ပျော်ရွှင်ဖွယ်ဆီသို့ ခရီးကြမ်း

သင့်လူ၏ အိုဘယ့်အစိမ်းတို့မြေကို ငါတို့စာပေမှ ပထမအကြိမ် ထုတ်ဝေလိုက်သည်။ Pascal Khoo Thwe ၏ From the Land of Green Ghosts(A Burmese Odyssey) ကို ပြန်ဆိုထားခြင်းဖြစ်သည်။ read more