သတင်းဝတ္ထု

ကိုးဆယ့်ခြောက်ပါး

(၁)

“ရေနဲ့ဖျန်းသာတဲ့တော့”

“နင့် ဘလူပြောသာတုန်း”

မိဆူး ချက်ချင်းမဖြေနိုင်၊ လင်တော်မောင် ဖိုးထိုက်အမေးကို ဖြေရန်မှာ အခြေခိုင်ဖို့လိုသည်။ သတင်းက မရေမရာတော့မဟုတ်၊ CD ခွေအပြားမှာပါ သေသေချာချာ မြင်ထားရသည်မို့သာ သည်မျှဖွင့်ဟရဲခြင်းဆိုသည့်တိုင် တကယ့်အရေးကျတော့ ပြောရမှာ ခပ်ကြောက်ကြောက်။

“တောင်ဘက်အိမ်က လိုက်မလား မေးနေသာ၊ ကားနဲ့ စုသွားကြမှာတဲ့။ ကျုပ် လိုက်ချင်လိုက်သာတော်”

မိဆူးအသံက အဖျားခတ်ပြီး တိမ်ဝင်သွားတော့ ကိုဖိုးထိုက်ခမျာ အသံမထွက်နိုင်တော့။ ချစ်ဇနီး မျက်နှာဆီကနေ စူးစူးကြည့် နေရာကအကြည့်ကို လည်ပင်းဆီအရောက် နင့်ခနဲဖြစ်မိအောင် နာလှသည်။

အစက မသိသာ၊ မိဆူးမှာ လည်ပင်းကြီးရောဂါကြောင့် ခုတော့ ငိုလို့ပင် မရ။ ဆေးရုံတက်ခွဲမည်ဆိုလျှင် ခြောက်သိန်းကျော်၊ ခုနစ်သိန်း ကုန်မည်ဆိုသည့် စကားကဖြင့် မိဆူးတို့ဘဝအား ခြိမ်းလား၊ ခြောက်လား လုပ်ခဲ့သည်မှာ နိစ္စဓူဝ။ ရွာဖြစ်၊ လက်ဖြစ် ဆေးမြီးတိုမျှသာမက ဟိုအဖွဲ့၊ ဒီအဖွဲ့တွေက မဲဆွယ်ဟန်ပြ ကုကြသကြသည့် တစ်ရက်၊ နှစ်ရက် ဆေးခန်းဆိုတာတွေမှာလည်း ခဏခဏ ပြရပေါင်းများလှပြီ။

“ရေနဲ့မန်းပြီး ဖျန်းသာ၊ ဆေးဖိုးက ရေတစ်ဘူးဖိုး ၃၀ဝ ဆိုပေသိ လမ်းစရိတ်၊ ကားခက အသွားအပြန် တစ်သောင်းခွဲကျ သတဲ့။ လူကလည်း သောက်သောက်လဲတဲ့တော့။ ကျုပ်တို့လိုဟာမျိုးတွေ နေမှာပေါ့။ မတော် တစ်ည၊ နှစ်ည အိပ်ချင် အိပ်ရ မှာ”

ကိုဖိုးထိုက် မိဆူးကို အကြာကြီး ငေးနေမိသည်။ ဆေးကုဖို့အရေး ၇ သိန်း ဆိုတာကြီးက ဝေးလွန်းသည်မို့ သည်လိုပင် တောင်စမ်း၊ မြောက်စမ်း နေ့တွေသာ ကုန်လှ၊ ခမ်းလှပြီ။

“ဘယ်နေ့သွားကြမှာတုံး”

“သဘက်ခါတဲ့တော့”

“ငါ ကြံပရစီအုံးဟာ”

(၂)

“တုတ်နဲ့ ရိုက်သာတဲ့တော့”

သည်တစ်ခါမဖြစ်လို့ ပြောရသည့်တိုင် မိဆူး အားမရှိလှ။ လာပြန်ပလားဆိုသည့် ကိုဖိုးထိုက်အကြည့်က အငေါ်တူးတူး ရှိလှသည်။ အရင်တစ်ခါ ရေမန်းနှင့်ကုတာက ဆေးဖိုးမကုန်လှသော်လည်း လမ်းစရိတ်ကကြီး ယုံလွယ်သူတွေ အများကြီးမို့ လမ်းစရိတ် နှစ်သောင်းခွဲကုန်ရုံမျှမက လူနင်းပါခံရသည်။ အခုတော့ ၃၅၀ ပေးလျှင်ရသည့် ရေသန့်ဘူးက နှစ်သောင်းခွဲကုန်ပြီး ဘုရားစင်ပေါ် အခွံအဖြစ်သာ ကျန်ပါသော်လည်း မိဆူးရောဂါဖြင့် မပျောက်။

“တုတ်နဲ့ ရိုက်သာတဲ့တော့”

“နင့် ဘလူပြောသာတုံး”

“ရွာလယ်က ကြားသာ၊ အရီးကြွက် လေဖြတ်သာတောင် ပြန်ကောင်းပဒဲ့။ ဆေးဖိုးက စေတနာရှိသလောက် ထည့်ရသာဒဲ့။ ဘိုးတော်က ဆေးတုတ်နဲ့ ရောဂါရှိတဲ့နေရာ ရိုက်သာတဲ့။ အစက လူနည်းပေမယ့် ခု လူတွေများလာတော့ သူ့ကိုယ်ပွားဆိုပြီး နေ့စားနဲ့ အငှားတောင် ရိုက်ရသာဒဲ့”

ကိုဖိုးထိုက် အသံမထွက်တော့။ အရင်တစ်ခေါက် ရေမန်းနဲ့ ပျောက်မလားထင်ပြီး ကျန်းမာရေးက ဝက်မွေးဖို့ပေးသည့် စုကြေး ငွေလေးကဖြင့် ဘုရားစင်မှာ ဘူးခွံအဖြစ်သာ ကျန်ခဲ့ရှာသည်။ ခုလာပြန်ပြီ။ တုတ်နှင့်ရိုက်သည်တဲ့။

“လမ်းစရိတ်က ဘယ်လောက်တုံး”

“တစ်သောင်းခွဲလောက် ကုန်မဒဲ့တော့”

မိဆူးအသံမှာ မျှော်လင့်ချက်တွေက လက်လက်ဖြာနေတော့ ကိုဖိုးထိုက်ရင်ထဲ ကျင်ခနဲ။

“ဘယ်နေ့ သွားကြမှာတုံး”

“သန်ဘက်ခါတဲ့”

“အေးပါဟာ၊ ငါကြံစမ်းပါဦးမယ်”

(၃)

ရွှေလရောင်က ထန်းလက်တဲ ငယ်ထိပ်တည့်တည့် ချိတ်သည့်တိုင် မိဆူး အိပ်မပျော်။ မြေပြောင်ပြောင်ပေါ်မှ ဖျာကြမ်းပေါ်တွင် ဘယ်လူးညာလှိမ့်။

“ဂွီ…ဂစ်တစ်…ဂစ်တစ်”

မိဆူး အသက်ရှူတစ်ချက် ရပ်သွားမိသည်။ ဓမ္မာရုံ ငယ်ထိပ်က လော် စပီကာငှက်ဆိုးကဖြင့် ထိုးပြီ။

“ကျန်းမာရေး၊ မွေးမြူရေး၊ ဖွံ့ဖြိုးရေး၊ ချေးငွေချေးသူများအားလုံး သိစေ ရန်မှာ မနက်ဖြန် နေ့လယ် ၁၂ နာရီ အတိုးရော အရင်းပါ …”

မိဆူး နှလုံးခုန်သံ မြန်လာခဲ့ပြီ။

“…ဓမ္မာရုံ ဖွံ့ဖြိုးရေး ငွေချေးသူများသိစေရန် မနက်ဖြန် ၁၀ နာရီ အတိုးရော အရင်းပါ …”

မိဆူး ခေါင်းဆွေချာချာလည်အောင် မူးလာခဲ့ပြီ။

“… စာသင်ကျောင်းဖွံ့ဖြိုးရေး ငွေချေးသူများသိစေရန် မနက်ဖြန် ၁ နာရီ အတိုးရော အရင်းပါ …”

မိဆူး သွေးတိုးတိုးလာသလို ထင်မိသည်။ အစက လည်ပင်းကြီးသည့် ရောဂါတစ်ခုတည်း၊ အခုတော့ …..”

“ဘယ့်နှယ်လုပ်ကြမတုံးတော့”

မိဆူးအသံက ငိုသံပါနေပြီ။ ကိုဖိုးထိုက်ဆီက ချက်ခြင်း ဖြေသံမထွက်။ မိဆူး အင့်ခနဲရှိုက်မှ ထုံးစံအတိုင်း

“နေစမ်းပါဦးဟာ၊ ငါကြံပရစီအုံး”

(၄)

“အစ်မ…မိဆူး၊ ဗျို့ အစ်ကိုဖိုးထိုက်”

အိမ်ရှေ့က ခေါ်သံက ရေနွေးအေး မီးထိုးနေတဲ့ မိဆူးနားထဲ ရှဲခနဲ။ ဆူလှ၊ ညံလှသည်မို့ ရှေ့ထွက်ကြည့်တော့ ကံကြီးမောင်နဲ့ လူ ၄၊ ၅ ယောက်။ ခွေး ၃ ကောင်က ဝုန်းခနဲ ထိုးဟောင်မှ “ဟဲ့” သံပေး ငေါက်မိသည်။ ဟို…ကိစ္စ ထင်ပါရဲ့။

“လာဟဲ့ ကံကြီးမောင်ရဲ့။ ကိုဖိုးထိုက်နဲ့ လမ်းမှာ လွဲလာကြသလား”

ခုတစ်လော ရွာမှာ မြေဝယ်တွေ ခြေချင်းလိမ်နေကြသည်မို့ မိဆူးတို့ ၉၆ ပါးရောဂါတွေကုဖို့ အိမ်ဝိုင်းမြေကွက်လေး ရောင်းရတော့မည်။

“မတတ်သာလို့သာ ကံကြီးမောင်ရယ်၊ မိမွေ ဖမွေဟဲ့”

ကံကြီးမောင် မျက်လုံးပြူး၊ နားရွက်ကား၊ ပါးစပ်အဟောင်းသားနဲ့ မိဆူးကို ပြူးပြူးကြီး အားရအောင် ကြည့်ပြီးမှ

“အစ်မ မိဆူး ဘာတွေပြောနေသာဒုံး”

” ဟဲ့ ငဒို့အိမ်ဝိုင်း ဝယ်မယ့်လူတွေ မဟုတ်ဖူးလား”

“ဘယ်ကလဗျာ၊ ဒါ ပါတီက လူတွေဗျ”

“ဟဲ့ ဟိုရက်တွေကလည်း ပါတီကဆို လာသွားပါပကော”

“မတူဘူးဗျ၊ ပါတီဆိုသာ အများကြီး၊ အစ်မ စိတ်ကူးမလွဲနဲ့ဗျ၊ ကျုပ်တို့ပါတီထဲသာထည့်၊ ပါတီဝင်ရင် ခုတစ်ခါတည်း ကတ်လုပ်ပေးမယ်… စိတ်ကူး မလွဲစမ်းပါနဲ့ အစ်မရယ်။ ထည့်သာထည့်။ ကျုပ်တို့ပါတီထည့်ရင်တော့”

ကံကြီးမောင်အသံအဆုံးမှာ မိဆူးလည်ပင်းကို ထိတ်ခနဲ အမြန်စမ်းမိသည်။ သည်တစ်ခါ ဆရာတွေကဖြင့် လေနဲ့ ကုကြမည်ထင်ရဲ့။

တစ်လ လစာ ၁၀ သိန်းတိုးရမည့် အမတ်မင်းများကား စားစရာ၊ နေစရာမရှိသည့် မိဆူးတို့ဆီက အမှန်ခြစ်ကို အသည်းအသန် ဖုတ်ပူမီးတိုက် လိုချင်သည့်ရောဂါက မိဆူးလည်ပင်းက ရောဂါထက် အရေးကြီးတယ်ထင်ပါ့…။ ဆိုင်ကယ် အစုတ်နဲ့ သတင်းထောက်ကြီးရယ် မြင်စမ်းစေချင်ရဲ့ တော်လို့ …။

ရေနဲ့ ဖျန်း၊ တုတ်နဲ့ရိုက် ဆေးမီး တိုကုထုံးကြီးနဲ့ ရှေ့ဆက်မိုက်နေ လို့ကတော့ မိဆူးတို့ဆီက မဲတစ်ပြားကဖြင့် (ရပါလိမ့်မယ် အားကြီးဂျီး)

အောင်ဖြိုးကျော် (ပခုက္ကူ)

More from သတင်းဝတ္ထု

စစ်၏စေရာ

ညအမှောင်သည် အဖော်မဲ့ခြင်းကို ပို၍တောက်ပစေသကဲ့သို့ လွတ်လပ်သည့် စိတ်ကူးစိတ်သန်းကောင်းများ ကိုလည်း သင်ကြားပေးလေ့ရှိသည်။ ခြေဦးတည့်ရာ လျှောက်နေမိသော ခြေလှမ်းတိုင်းသည် တိတ်ဆိတ်ငြိမ်သက်မှုအောက်၌ သက်ဝင်လှုပ်ရှားနေသည့် တစ်ခုတည်း သောအရာဖြစ်၏။ တစ်ချက်တစ်လေ ဝေ့ဝဲလာသော လေပြည်လေညင်း၏ အရှိန်ဖြင့် read more