ပါတီအသံ

မယုံကြည်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ခြင်းဖြစ်

နိုင်ငံရေးပါတီဆိုသည်မှာ အစိုးရ၏အာဏာကို ရွေးကောက်ပွဲနည်းလမ်းနှင့် ရယူနိုင်ရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်ပြီး အယူအဆတူညီသူများဖြင့် စုပေါင်းဖွဲ့စည်း၍ မိမိပါတီ၏ နိုင်ငံရေးမူဝါဒနှင့် အယူအဆများကို လူထုထံသို့တင်ပြကာ လူထုထောက်ခံမှုကို ရယူ၍ နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွင် ပါဝင်ဆောင် ရွက်နိုင်ရန် အားထုတ်ကြရသည်။ ထိုပါတီများထဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ကြာရှည်စွာ ရပ်တည်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါ သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီပြီးလျှင် ဒုတိယ နေရာအများစုရယူ နိုင်ခဲ့သော ပါတီတစ်ခုဖြစ်ခဲ့သည်။ သို့သော် အစိုးရက ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ဆောင်ပေးခဲ့ခြင်းမရှိခဲ့ပေ။

SNLD ပါတီသည် တွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးအဖြေရှာသောမူကို ကိုင်စွဲလျက် စစ်အစိုးရက ကျင်းပခဲ့သော ၁၉၉၃ အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တရားမျှတမှုမရှိဘဲ တစ်ဖက်သတ် လုပ်ဆောင်ခဲ့မှုတို့ကြောင့် ထပ်မံကျင်းပသည့် ညောင်နှစ်ပင်ညီလာခံသို့ မတက်ရောက်တော့ပေ။ ထို့နောက် ပါတီ၏ခေါင်းဆောင်များမှာ နိုင်ငံရေးပုဒ်မများဖြင့် ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါ။ ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်ထောင်စုတစ်ခုလုံးအတွက် နေရာ ၁၂၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပါတီဝင်အင်အား သုံးသောင်းကျော်ရှိပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များကို သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ပါတီဝင်များကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်။ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် စည်းကမ်း ချက်များအပေါ်တွင် အခြေခံ၍ လူထုကို အမှန်တကယ် ကိုယ်စားပြုနိုင်သူကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ SNLD ပါတီ၏ နိုင်ငံရေးမူဝါဒနှင့် ဖက်ဒရယ်ပြည်ထောင်စု အပေါ် သဘောထားများမှာ –

SNLD ပါတီ၏ နိုင်ငံရေးမူဝါဒ

SNLD ပါတီသည် တိုင်းရင်းသားပါတီတစ်ရပ်ဖြစ်သည်။ ၁၉၄၇ ရှမ်းပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ပင်လုံစာချုပ်အရ ထိုစာချုပ်တွင်ပါဝင်သည့် ကတိကဝတ်အတိုင်း ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရန်အတွက် ဆက်လက်လုပ်ဆောင်သွား မည်ဟု သိရသည်။ ယင်းပါတီက ဖော်ဆောင်မည့် နိုင်ငံရေးစနစ်မှာ ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်ပါသည်။ ညှိနှိုင်းဆွေးနွေး အဖြေရှာရေးမူမှာ SNLD ပါတီ၏ မူဝါဒဖြစ်ပြီး ဆက်လက်ကိုင်စွဲ ကျင့်သုံးသွားမည်ဖြစ်ကြောင်း SNLD ၏ အတွင်းရေးမှူး ဖြစ်သူ စိုင်းညွန့်လွင်က ပြောသည်။ အခြေခံဥပဒေ ရေးဆွဲသည့်နေရာတွင်လည်း ထိုကဲ့သို့ အားလုံးသဘောတူသည့် နိုင်ငံရေး မူကို နိုင်ငံတော်၏ အခြေခံမူများ အခန်းကဏ္ဍတွင် ထည့်သွင်းရေးဆွဲသင့်ကြောင်း ယင်းကပြောသည်။

SNLD ၏ စီးပွားရေးမူဝါဒ

လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်မည်ဟု သိရသည်။ ပြည်နယ်များရှိ သယံဇာတ ထုတ်ယူမှုများနှင့် ပတ်သက်၍ စိုင်းညွန့်လွင်က “တာဝန်ယူမှုရှိတဲ့ ထုတ်လုပ်မှုမျိုး ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံက သယံဇာတကိုတူးဖော်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးကျန်ခဲ့မယ်။ ရတဲ့အကျိုးအမြတ်က အခြားနိုင်ငံက ရမယ်ဆိုရင်တော့ ပါတီအနေနဲ့ လက်မခံ နိုင်ပါဘူး” ဟု ဆိုသည်။

ရှမ်းပြည်နယ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံးဖြစ်မည့် မိုင်းတုံဆည် တည်ဆောက်ခြင်းကို ဥပမာပေး၍ ပြောခြင်း ဖြစ်သည်။ ထိုဆည်တစ်ခုတည်းမှ မဂ္ဂါဝပ် ၇ဝ၀ဝ ကျော် ထွက်ရှိမည်ဖြစ်သည်။ တစ်ပြည်လုံးအတိုင်း အတာ သုံးစွဲနေသည့် ပမာဏမှာ မဂ္ဂါဝပ် ၄ဝ၀ဝ သာရှိသည်။ ထိုဆည်တည်ဆောက်ရာမှ ရရှိလာသည့် အကျိုးအမြတ် ခွဲဝေရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံမှ ၄၅ ရာခိုင်နှုန်း အသီးသီးရရှိကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ၁၀ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ဆောင်ရမှု အခြေအနေနှင့် ပတ်သက်၍ အုပ်ချုပ်သူနှင့် ပူးပေါင်းလုပ် ကိုင်ဆောင်ရွက်နေသည့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်မှတစ်ဆင့် လူလတ်တန်းစား ပျောက်ဆုံးမှုမှာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ယင်းက သုံးသပ်သည်။

လက်ရှိအုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် အစိုးရ၏ တရားဥပဒေစိုးမိုးမှုအပေါ် မယုံကြည်နိုင်ကြောင်း၊ ထို့ကြောင့်လွတ်လပ်ပွင့်လင်းလာသော ယနေ့ခေတ်တွင် ပြည်သူများက မကျေနပ်မှုများကို ဥပဒေကြောင်းအရ အဆင့်ဆင့် လုပ်ဆောင်ခြင်းမရှိဘဲ ဆန္ဒပြမှုများကို အလွယ်တကူ လုပ်ဆောင်နေသည်မှာ အန္တရာယ်များကြောင်း၊ အစိုးရ၏ ဗျူရိုကရေစီ ယန္တရားကို ပြုပြင်သင့်ကြောင်း ပြောပါသည်။

“ဂျပန်ရဲ့ ဗျူရိုကရေစီယန္တရား အရမ်းကောင်းတယ်။ ရုံးလုပ်ငန်းတွေမှာ သူ့မူဝါဒအရပဲ သွားတယ်။ လူအရ မသွားဘူး။ ဒါကြောင့် အစိုးရအပြောင်းအလဲနဲ့ မဆိုင်ဘူး။ မြန်မာမှာ အဲဒီလိုမဟုတ်ဘူး။ အစိုးရပြောင်းရင် မူဝါဒပါပြောင်းတယ်။ ဌာနကြီးလည်း ပြောင်းတယ်။ ဥပမာ ညွှန်ချုပ်ရုံးခန်းမှာ နောက်ညွှန်ချုပ် ရောက်လာရင် ဌာနမှာရှိတဲ့ အရင်လူတွေပြောင်း၊ သူ့လူတွေပြန်ထည့် အဲဒီလိုလုပ်တော့ အလွဲတွေဖြစ်တယ်။ မှန်ကန်ပြီး ရိုးသားတဲ့သူရှားတယ်။ နေရာရသွားတဲ့သူ တော်တော် များများက ဝါးဖို့၊ စားဖို့ များနေတော့ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တာပေါ့” ဟု ယင်းက ထောက်ပြဝေဖန်ခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံအုပ်ချုပ်မှုအခန်းကဏ္ဍတွင် တပ်မတော်သားများ ပါဝင်ရမည်ဟူသော အချက်နှင့် ရွေးကောက်ခြင်းမခံရသော တပ်မတော်သားများ ဥပဒေပြုရေးတွင် ပါဝင်နေမှုများမှာ ဒီမိုကရေစီနှင့် မညီညွတ်၍ ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း စိုင်းညွန့်လွင်က ပြောသည်။

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပထမအဆင့်ဖြစ် သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု မပြုလုပ်နိုင်ခြင်းနှင့်ပတ်သက်၍ “အပစ်ရပ်တယ်ဆိုတာ အပစ်ရပ်ရုံနဲ့မပြီးဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်အောင် အပစ် ရပ်ရတာ။ လက်ရှိဖြစ်နေတဲ့ အခြေခံဥပဒေနဲ့ နိုင်ငံရေးပြဿနာတွေကို မဆွေးနွေးဘဲ အပစ်ရပ်လို့မရနိုင်ဘူး။ နောက်ပြီး ဒီနေ့ လက်နက်ဖြုတ်၊ နောက်နေ့ အနိုင်ကျင့်ခံရတဲ့ သာဓကတွေ အများကြီးပဲ။ အစိုးရဘက်ကလည်း လျှော့သင့်တာ လျှော့ရမယ်။ ယုံကြည်မှုတွေကို ခဏခဏအလွဲသုံးစားလုပ်လို့ မယုံကြည်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးနိုင်တာ” ဟု ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော ကျောင်းသားသပိတ်အပေါ် သူ၏အမြင်ကိုပြောရာတွင် “မြန်မာပြည်က လူကြီးတွေကလည်း သူတို့ ချမှတ်ထားတာက အမှန်တရားလို့ တွေးကြတာများတယ်။ ကျောင်းသားတွေတင်တဲ့ အိုင်ဒီယာက ပညာရေးဆိုတာ အမှန် အမှားကို ကိုယ့်ဘာသာ ခွဲခြားနိုင်စွမ်းရှိရမယ်ဆိုတဲ့ အိုင်ဒီယာမျိုး။ ဒီလိုအိုင်ဒီယာနဲ့ ဒီကလူကြီးတွေက မရင်းနှီးသေးဘူး။ ကျောင်းသားတွေဘက်ကလည်း ရန်ကုန်လာမယ့်ကိစ္စကို လျှော့သင့်သလောက် လျှော့ရမယ်။ ၁၁ ချက်တင်တာကို ၁၁ ချက်လုံး အစိုးရက မူအားဖြင့် သဘောတူခဲ့တာ။ တစ်ခါမှမရခဲ့ဘူး။ အောင်မြင်စွာ ဆုတ်ခွာနိုင်ရမယ်။ ဒါမှ အဓိပ္ပာယ်ရှိတာ” ဟု စိုင်းညွန့်လွင်က ပြောသည်။

ဝ၆၇

More from ပါတီအသံ

ဖက်ဒရယ်စနစ်မရှိလျှင် မှောင်ခိုစီးပွားရေး ဆက်ရှိနေမည်ဟု ဆို အာဏာချုပ်ကိုင်မှုကြောင့် တိုင်းရင်းသားများ နစ်မွန်းနေရခြင်းဟု သုံးသပ်

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ၂၀၁၀ ရွေးကောက်ပွဲကာလများ၌ ပါတီနိုင်ငံရေးမှာ အသက်ဝင်လှုပ်ရှားလာခဲ့သည်။ စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ရွေ့လျားနေရာတွင် ပါတီများ၏ နိုင်ငံရေးလှုပ်ရှားမှုများလည်း ပါဝင်နေပြီဖြစ်သည်။ ပါတီနိုင်ငံရေးဆိုသည်မှာ အမျိုးသားအကျိုးစီးပွားဖြစ်တည်ရန်အလို့ငှာ အယူအဆ တူသူများ စုပေါင်းဖွဲ့စည်း၍ read more

၄၇၊ ၇၄ အခြေခံဥပဒေ သမိုင်းကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲချိန်အခြေအနေအရ ပုဒ်မ- ၅၉(စ) ပြင်ဆင်ရန် မလို

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ဟူသောအမည်မှ ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) အမည်ဖြင့် read more