စံပြုအပ်သောပုဂ္ဂိုလ်

အာဏာရှင်ခေတ်နှစ်ပေါင်းများစွာအတွင်း ပညာရေးနှင့် စာရိတ္တမဏ္ဍိုင်ကို တွဲဖက်ကာ လူထုအား ပံ့ပိုးပေးနိုင်ခြင်း မရှိခဲ့သောကြောင့် မျိုးဆက်သစ်လူငယ်လေးများတွင် စံပြပုဂ္ဂိုလ်ဟူ၍ မည်မည်ရရ မရှိခဲ့သည့်ပြဿနာ ပေါ်ထွက ခဲ့ရလေသည်။ ထို့ပြင် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အပျောက်ဖျောက် လိုသည့်ဇောကြောင့် စာရိတ္တခိုင်မာသော ဗိုလ်ချုပ်အောင်ဆန်း နှယ်ပုဂ္ဂိုလ်များအကြောင်းကိုလည်း သတင်း အမှောင်ချ ထားခဲ့သည်မှာ ဆယ်စုနှစ်နှစ်စုကျော် ကြာမြင့်ခဲ့လေသည်။ ထို့ကြောင့် မျိုးဆက်သစ် များအနေဖြင့် နိုင်ငံ၏လွတ်လပ်ရေးခေါင်းဆောင်များအကြောင်း တိတိပပသိခွင့်မရခဲ့ကြချေ။
ပညာရေးစနစ်၏ အလွတ်ကျက်မှတ်စွမ်းရည်ကို စစ်ဆေးသော ဓလေ့ကလည်း မျိုးဆက်သစ်များ၏ ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်သိခွင့်ကို တားမြစ်ပိတ်ပင်နိုင်ခဲ့ကာ ကိုယ့်နိုင်ငံသမိုင်းထဲမှ စံပြုထိုက်သော ပုဂ္ဂိုလ်အချို့အား နာမည်ပင် ကြားဖူးရုံအဖြစ်သို့ ရောက်ရပြန် လေသည်။ အဂတိစနစ်နှင့် အာဏာရှင်စနစ်တို့က မွေးထုတ်ပေးလိုက် သော စစ်ခေါင်းဆောင်များ၊ အရပ်ဘက်ရာထူးကြီးပုဂ္ဂိုလ်များကလည်း စံပြုချင်စဖွယ်ကိုယ်ရည်ကိုယ်သွေးများ ရှိမနေကြချေ။ ထိုအခါ မျိုးဆက်သစ်ကလေးများအဖို့ သူတို့နည်းသူတို့ဟန်နှင့် သူတို့ဘဝ အတွက် စံပြပုဂ္ဂိုလ်ကို ရွေးကြရာတွင် ပါဝါရိန်းဂျားကဲ့သို့သော သာမန် ထက်စွမ်းသည့် ကာတွန်းဇာတ်ကောင်များသည်သာ မျိုးဆက်သစ် ကလေးများ၏ စံပြပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားခေါင်းဆောင်ကြီး သခင်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်အား မြန်မာ နိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့သည့်တိုင် ခေတ်အဆက်ဆက်က ပုဂ္ဂိုလ်ရေး အာဃာတ ကြောင့် ထိုနေ့အား လူအများက မှတ်မိသတိရစွာ ကျင်းပဆင်နွှဲမည်ကို မလိုလားခဲ့ရကား အချိန်ကြာလာသည် နှင့်အမျှ မြန်မာ့ကလေးများနေ့ကို လူကြီးရော ကလေးပါ မေ့လျော့လျစ်လျူရှုသည့်အဖြစ်သို့ ရောက်လာရလေ တော့သည်။
သည်နေရာတွင် မြန်မာ့သမိုင်းတစ်လျှောက် အားနည်းခဲ့သည့် ကလေးစာပေ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်း စဉ်းစားကြရမည် ဖြစ်ပါသည်။ စာပေစိစစ်ရေးနှင့် ဝါဒဖြန့်ချိရေးလက်နက်တို့ဖြင့် ပြည်သူတို့အား စုံလုံးကန်းစေ ရန် ကြိုးပမ်းခဲ့မှုတွင် အားနည်းခဲ့ရသော စာပေအမျိုးအစားများထဲမှ တစ်ခုမှာ ကလေးစာပေ ဖြစ်ပေသည်။ ကလေးသူငယ်များအဖို့ လေးစားအားကျအတုယူဖွယ်ပုဂ္ဂိုလ်တစ်ဦးအား သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ကာ ထိုသူ၏စာရိတ္တအစွမ်း၊ ကာယ အစွမ်း၊ နှလုံးရည်အစွမ်းတို့အတိုင်း မိမိတို့ထံပါးမှာ ပြည့်ဝလာရေး ကြိုးပမ်းအား ထုတ်မှုပြုမည်ဆိုလျှင် ဆယ်ကျော်သက်အဝင်၊ ဆယ် ကျော်သက်တစ်လျှောက်နှင့် ဆယ်ကျော်သက်အလွန်မှသည် လူကြီးဖြစ် လာသည့်တိုင် သူတို့၏ ခြေလှမ်းရော တွေးစွမ်းများပါ မှားရန် လမ်းမရှိ သလောက် နည်းပါးမည်မှာ သေချာပါသည်။ ထို့ကြောင့် ကလေး သူငယ်ဘဝတွင် စာရိတ္တခိုင်မာကောင်းမွန်ပြီး ကာယကြံ့ခိုင်ကာ နှလုံးရည် အစွမ်းအစရှိသူများကို စံပြပုဂ္ဂိုလ်အဖြစ် သိရှိသတ်မှတ်နိုင်ခွင့်သည် အလွန်အရေးကြီးလှပါသည်။ ထိုအခွင့်အရေး လက်မလွတ်ရန် ပံ့ပိုးပေးနိုင်သည့်အရာမှာ ကလေးစာပေကဲ့သို့သော ကလေးတို့အတွက် သိမှုဗေဒပင်ဖြစ်ပါသည်။
ကလေးအရွယ်မှပင်အစပြုကာ စံပြုအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးအား လေးစားအားကျအတုယူမည်ဆိုလျှင် ထိုကလေး၏ အနာဂတ် မှာ လမ်းလွဲသွားရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မြန်မာ့မျိုးဆက်သစ် ကလေးများအတွက် စံပြပုဂ္ဂိုလ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်မွေးနေ့ကို မြန်မာကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းသည် လွန်စွာသင့်မြတ်မှန်ကန်ပေသည်။ စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေး လုပ်သက် ၁၆ နှစ်အတွင်း တိုင်းတပါးနယ်ချဲ့အစိုးရကို အကောင်းဆုံး ရင်ဆိုင်ကာ နိုင်ငံ၏လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သကဲ့သို့ သူ့ထက် အသက်၊ ဝါ၊ ပညာ ကြီးသူများနှင့် လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအယူဝါဒ မတူကြသူများကပင်လျှင် နိုင်ငံ၏ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း လက်ခံအသိအမှတ်ပြုမှုကို အရယူနိုင်ခဲ့သော လူငယ်တစ်ဦးဖြစ်သည်။
ထို့ကြောင့် မြန်မာ့မျိုးဆက်သစ်များအဖို့ ဗိုလ်ချုပ်အောင်ဆန်းကို သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် အားကျအတူ ယူနိုင်ရေးအတွက် ကလေးတို့ပတ်ဝန်းကျင်ဖြစ်သော အိမ်များ၊ စာသင်ခန်းများ၊ ဘာသာရေး အဆောက် အအုံများနှင့်အများပိုင် စာကြည့်တိုက်များတွင် ဗိုလ်ချုပ်ဓာတ်ပုံနှင့် ဗိုလ်ချုပ်အကြောင်းကို အလွယ်တကူ မြင်တွေ့ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ကြရန်နှင့် ကလေးစာပေအဖြစ်လည်း ပေါ်ထွက်လာစေရန် သက်ဆိုင်သူများအား တိုက်တွန်းအပ်ပါသည်။
နိုင်ငံသားတို့အသံကို လွတ်လပ်စွာ ပဲ့တင်ထပ်စေမည်။
အယ်ဒီတာ

သွေးထွက်သံယိုဖြစ်ပါက သည်းခံလိမ့်မည် မဟုတ် မကွေးသပိတ်စစ်ကြောင်း ရန်ကုန်သို့ ဆက်ချီမည်

ကျောင်းသား သွေးမြေကျလျှင် မီးဟုန်းဟုန်းတောက်စေရမည်ဟု ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း၏ မကွေးမြို့ရောက် ခရီးစဉ်အတွင်း ဗကသဥက္ကဋ္ဌ ကျော်ကိုကိုက ရဲရဲတောက် မိန့်ခွန်းစကားဆိုသွားသည read more

ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်းသည် အစိုးရက တစ်ဖက်သတ်ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ဒေါက်တာသိန်းလွင် ပြော

ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ကျင်းပလျက်ရှိသော လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို အစိုးရဘက်မှ တစ်ဖက်သတ် ရက်ရွှေ့ဆိုင်းလိုက်ခြင်းသည် ကြိုတင်သဘောတူညီမှုကို တစ်ဖက်သတ် ဖောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း read more